ငါးရံ့ဆန်ပြုတ်

by May’s Healthy Food

ကလေးတွေ သွားပေါက်တဲ့အခါဖြစ်စေ၊ နေမကောင်းတဲ့အခါဖြစ်စေ အစာမာတွေကို ငြင်းဆန်တတ်ကြပါတယ်။ အဲဒီအခါမှာ ကလေးက စကားမပြောတတ်တဲ့အချိန်မှာ သူဘာဖြစ်နေတယ်ဆိုတာ မပြောတတ်တာမို့ ထမင်းမစားဘူးဆိုတာတွေဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်တတ်ကြတယ်။ သွားပေါက်နေလား၊ နေမကောင်းဖြစ်နေလားဆိုတာ သတိထား ပြီး မိဘတွေက အစားအသောက်ကို ပျော့ပျော့ပျောင်းပျောင်းလေးတွေ ပြောင်းလဲကျွေးပေးဖို့ လိုအပ်ပါတယ်။ ဆန်ပြုတ်ကတော့ လုပ်ရတာလွယ်ကူပြီး အာဟာရလည်းဖြစ်တာမို့ ရာသီအကူးအပြောင်းကြောင့် နေမကောင်းဖြစ်ချိန်၊ အစာမာမစားချင်တဲ့ အချိန်နဲ့  ဒီလိုမိုးရာသီမှာ ကျွေးပေးမယ်ဆိုရင် ကလေးတွေအတွက် အကောင်းဆုံးပါ။ မနက်စာအဖြစ်လည်း ကျွေးလို့ရတာမို့ ကျောင်းမသွားခင်အချိန်တွေမှာ အာဟာရပြည့်ပြီး  မြန်မြန်ဆန်ဆန်စားဖို့ အသင့်တော်ဆုံးပါ။

ပါဝင်ပစ္စည်းများ

ငါးရံ့ –  ၁၀ ကျပ်သား (ကြိုက်ရာငါးကို သုံးပါ)

ချက်ပြီးသားဆန် –  ပန်းကန်လုံး ၁ လုံးစာ

ဆား –  အနည်းငယ်

ငရုတ်ကောင်း –  အနည်းငယ်

စပါးလင်

ချင်း

ကြက်သွန်ဖြူ –  ၃ မြွှာ (ညက်နေအောင် ကြိတ်ထား)

ဆီ –  အနည်းငယ်

ပြုလုပ်နည်း

၁။       ငါးရံ့ကို သန့်စင်ပြီး ဆားအနည်းငယ်၊ ချင်းအပြား ၃ ခုနှင့် စပါးလင်တို့ကို ရေအနည်းငယ် ထည့်ပြီး ပြုတ်ပါ။

၂။       ငါးရပြီဆိုလျှင် အရိုးနွှင်ပြီး အသားနွှင်ပါ။

၃။       အိုးပူပူမှာ ဆီ ထမင်းစားဇွန်း ၁ ဇွန်းနှင့် ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်ပါ။

၎။       ဆီမွှေးလာလျှင် ငါးပြုတ်ရည်နှင့်အတူ ငါးကို ရေကုန်ပြီး ခြောက်နေအောင် အိုးကင်း ပူတိုက်ပါ။

၅။       ချက်ပြီးသားဆန်ကို ဆန်လုံးကွဲပြဲနေအောင် ရေ ၂ ဆ ထည့်ချက်ပါ။ အရသာအတွက် ဆား တစ်မျိုးသာ သုံးပါ။

၆။       စားတဲ့အချိန်ကျရင် ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး ဆီနည်းနည်းနဲ့ လှော်ထားတဲ့ ငါးကို ထည့်ပါ။ ငရုတ်ကောင်းထည့်ပါ။

(၁) နှစ်အောက်ကလေးတွေအတွက်ဆိုရင် ဆားမပါဘဲ ငါးကိုပြုတ်ပြီး ချက်ပြီးသား ထမင်းနဲ့ ရော၍ ပြန်ချက်ပါ။ ဆီနဲ့လှော်တဲ့အဆင့်ကို ကျော်ပြီး ငရုတ်ကောင်းမှုန့်လည်း ရှောင်ပါ။

Facebook Comments