
ကျွန်မတို့က တစ်နေ့ကို ထမင်းသုံးနပ်စားကြတယ်။ ဝိတ်ကျချင်ရင် ထမင်းလျှော့စားရမယ်လို့ သိပေမယ့် ထမင်းတော့ မလျှော့နိုင်ဘူးလို့ ဆိုကြတဲ့သူတွေလည်းအများကြီးပါ။ ထမင်းစားတိုင်း ဝိတ်တက်သလား။ ထမင်းမဟုတ်တဲ့ ကာဗိုတွေရော မရှိတော့ဘူးလားဆိုတာတွေလည်း သိဖို့လိုတာပေါ့နော်။ ထမင်းကို လုံးဝဖြတ်လိုက်ဖို့မလိုဘဲ ဝိတ်မကျရင်တောင်မှ ဆက်မတက်အောင် ထိန်းထားနိုင်တဲ့နည်းလမ်းတွေရှိတယ်ဆိုရင် ထမင်းချစ်သူတွေ ဝမ်းသာကြမယ် ထင်ပါတယ်။ ကျန်းမာရေးအနေနဲ့ကြည့်ရင်လည်း ကာဗိုဟိုက်ဒရိတ်ဟာ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ (Type 2 Diabetes) နဲ့ နှလုံးရောဂါတွေနဲ့ အများကြီးဆက်နွယ်တယ်ဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ အများကြီးမစားဖို့ သို့မဟုတ် ကာဗိုဟိုက်ဒရိတ်ကို စမတ်ကျကျစားတတ်ဖို့ လိုပါတယ်။
ကာဗိုဟိုက်ဒရိတ်ဆိုတာ ဘာကိုပြောတာပါလိမ့်။ ကာဗိုဟိုက်ဒရိတ်ဆိုတာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ အဓိက စွမ်းအင်အရင်းမြစ်ကြီးပေါ့။ ကျွန်မတို့ နေ့စဉ်စားသုံးကြတဲ့ထဲက အဓိကအာဟာရအုပ်စုကြီး တစ်ခုလည်း ဖြစ်ပါတယ်။ တိုတိုခေါ်ရရင်တော့ ကာဗိုပေါ့။ ဆန်၊ ပေါင်မုန့်စတာတွေကို ကာဗိုတွေလို့သိကြပေမယ့် အခြားကာဗိုတွေလည်း ရှိသေးတယ်ဆိုတာကို လူတိုင်းသတိထားမိမယ်မထင်ဘူး။ ဒါ့ကြောင့် ဝိတ်ကျချင်လို့ ထမင်းလျှော့စားရင်တောင် အခြားကာဗိုတွေအများကြီးစားနေရင် သိသာတဲ့ပြောင်းလဲမှုကို မြင်ရမှာမဟုတ်ဘူး။
ကာဗိုတွေဖြစ်တဲ့ အမျှင်တွေ၊ ကစီဓာတ်တွေ၊ သကြားတွေကို မြင်လွယ်အောင် အစိမ်းရောင်၊ အဝါနုရောင်၊ အဖြူရောင် ကာဗိုတွေလို့ လွယ်လွယ်ကူကူပဲ အမျိုးအစားခွဲလို့ရပါတယ်။ အစိမ်းရောင် ကာဗိုဟိုက်ဒရိတ်တွေဆိုတာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ်တွေ့ရတဲ့ အမျှင်ဓာတ် Fiber တွေပဲ ဖြစ်ပါတယ်။ သူတို့ကို Dietary Fiber လို့လည်း ခေါ်ကြပါတယ်။ အဝါရောင် ကာဗိုတွေဆိုတာကတော့ ပေါင်မုန့်၊ ဆန်နဲ့ ခေါက်ဆွဲတို့လို ကစီဓာတ်တွေ ဖြစ်ကြပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ အဖြူရောင်ကာဗိုဟိုက်ဒရိတ်တွေကတော့ ကိတ်မုန့်နဲ့ အချိုရည်တွေမှာ သုံးတဲ့ ပြုပြင်ထားတဲ့သကြား refined sugar တွေ ဖြစ်ပါတယ်။
ကာဗိုနဲ့ပတ်သက်ရင် ပထမဆုံး စမတ်ဖြစ်ရမှာက ဆန်တွေ၊ ဂျုံတွေပဲ ကာဗိုပါတာမဟုတ်ဘူး။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ အပါအဝင်အခြားအစားအသောက်တွေမှာလည်း ကာဗိုတွေပါတယ်။ ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ထမင်းတို့၊ ဂျုံတို့ကိုပဲ အားကိုးနေစရာမလိုဘူးဆိုတဲ့ အချက်ကို နားလည်ဖို့ပါပဲ။ အစိမ်းရောင်ကာဗိုတွေက ကျန်းမာရေးကို အထောက်အကူအများကြီးပြုတယ်။ ဒါ့ကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို နည်းနည်းပိုစား၊ အဝါရောင် ကာဗိုတွေကိုတော့ သင့်တင့်မျှတအောင်စားပြီး အဖြူရောင်ကာဗိုတွေကို နည်းနိုင်သမျှနည်းအောင် စားကြမယ်ဆိုရင် ကာဗိုကို စမတ်ကျကျစားတဲ့သူတွေဖြစ်ပြီပေါ့။