
ကာဗိုချင်းတူပေမယ့် အဲ့ဒီကာဗိုတွေကို စားတဲ့အခါ လူ့ခန္ဓာကိုယ်က တုန့်ပြန်ပုံကျတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အဲ့ဒါကို စင်ကာပူ အမျိုးသားတက္ကသိုလ် Food Science and Technology ဌာနက လက်တွေ့စမ်းသပ်မှုလေးတစ်ခု လုပ်ပြခဲ့ပါတယ်။ လူတွေကို ဘီစကွတ်လေးတွေ ဝါးခိုင်းပြီး ပါးစပ်ထဲမှာ သိသာတဲ့ အရသာပြောင်းလဲမှုကို ခံစားရရင်လက်ထောင်ပါလို့ မှာထားတယ်။ ပထမဆုံးတစ်ယောက်က ၉ စက္ကန့်နဲ့ လက်ထောင်ပြီး တချို့ကတော့ ၁၄ စက္ကန့်လောက်ကျမှ လက်ထောင်တယ်။
ကျွန်မတို့လည်း အဲ့ဒီစမ်းသပ်မှုကို လိုက်လုပ်ကြည့်လို့ရပါတယ်။ ဆားမပါ၊ အရသာတွေမများတဲ့ ဘီစကွတ်ပေါ့ပေါ့ကို ဝါးကြည့်ပါ။ ဝါးစားတဲ့အခါ တံတွေးထဲက အင်ဇိုင်းမ်တွေက ဘီစကွတ်ထဲမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဂလူးကို့စ်သကြားအဖြစ် ပြောင်းလဲပေးပါတယ်။ အဲ့ဒီအချိန်မှာ ပါးစပ်ထဲက အချိုအရသာလေးကို သတိထားမိလာပါလိမ့်မယ်။ သာမန်ဆိုရင်တော့ နည်းနည်းဝါးပြီးတာနဲ့ မြိုချလိုက်တော့ အဲ့ဒီလို ချိုတာတွေ၊ အရသာပြောင်းတာတွေ သိပ်သတိမထားမိတော့ဘူးပေါ့။ ပါးစပ်ထဲမှာရှိနေတဲ့ ဘီစကွတ်ဟာ ကာဗိုများများပါလေလေ ဘီစကွတ်ရဲ့ အရသာပြောင်းလဲမှုကို မြန်မြန်သိနိုင်လေပဲဖြစ်ပါတယ်။ ကာဗိုပမာဏတူပေမယ့် ဘီစကွတ်ကိုဝါးတဲ့အခါ သူ့ရဲ့အရသာပြောင်းလဲမှုကို မြန်မြန်သိတယ်ဆိုတဲ့သူတွေက ကာဗိုဟိုက်ဒရိတ်တွေကို ချေဖျက်နိုင်တဲ့အစွမ်း မြန်ဆန်လို့ပဲဖြစ်ပါတယ်။ ဝါးလိုက်တဲ့ ဘီစကွတ်ရဲ့အရသာ ပြောင်းလဲမှုကို မြန်မြန်သိတယ်ဆိုတာက ကျွန်တော်တို့ အစားစားနေကြောင်း ဦးနှောက်ကို မြန်မြန်ဆန်ဆန်ပဲ အချက်ပေးလိုက်လို့ပါ။ မြန်မြန်ဝါး၊ မြန်မြန်ကြေ၊ မြန်မြန်သတင်းပို့ပေါ့။ ကျွန်မတို့အားလုံး အစားစားတဲ့အခါ ဗိုက်ပြည့်တဲ့ခံစားချက် အာသာပြေသွားတဲ့ ခံစားချက်တွေရဖို့လည်း လိုသေးတာကိုး။ အစားစားနေပြီ၊ ဗိုက်ပြည့်ပြီ၊ ကျေနပ်သွားပြီ စတာတွေကရောက်လာတဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး ဦးနှောက်က အတည်ပြုတာပါ။
ကျွန်မတို့တွေဟာ အရသာရှိစေဖို့နဲ့ ဗိုက်ပြည့်စေဖို့ ကောင်းမွန်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားဖို့လိုပါတယ်။ နည်းပညာအရပြောမယ်ဆိုရင်တော့ ကာဗိုဟိုက်ဒရိတ်တွေကို စားတဲ့အခါမှာ မြန်မြန်ဆန်ဆန်ပဲ အရသာပြောင်းလဲမှုကို သိတယ်ဆိုရင် ကာဗိုဟိုက်ဒရိတ် နည်းနည်းပဲစားရုံနဲ့ ဦးနှောက်က အသိအမှတ်ပြုလိုက်ပြီလို့ ဆိုလိုပါတယ်။ အထက်က စမ်းသပ်မှုမှာ ပါဝင်တဲ့ သူတွေထဲက အရသာပြောင်းလဲမှုကို နောက်ဆုံးမှ သိတဲ့သူကို လေ့လာကြည့်ရအောင်။ သူက အရသာကို ခံစားဖို့အတွက် ကာဗိုဟိုက်ဒရိတ်တွေကို သူများထက်ပိုစားမှ သူ့ဦးနှောက်က အသိအမှတ်ပြုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဗိုက်ပြည့်တယ်လို့ ခံစားရဖို့အတွက် သူက ကာဗိုတွေပိုစားရတယ်ပေါ့။
မြန်မြန်ဝါးပြီး မြန်မြန်မြိုချတဲ့အခါ အရသာပြောင်းသွားတာလည်း မသိဘူး။ ဗိုက်ပြည့်လောက်တဲ့အနေရောက်နေလည်း သတင်းက ဦးနှောက်ကို မရောက်သေးတော့ အသိအမှတ်မပြုရသေးဘူးမို့ ကိုယ့်အတွက် လုံလောက်နေပေမယ့် ရပ်ဖို့အချက်မပြသေးလို့ ဆက်စားနေတတ်တယ်။ ဒါ့ကြောင့် အစားစားရင် ဖြည်းဖြည်းစား၊ ကြေညက်အောင်ဝါးစားခြင်းအားဖြင့် စမတ်ကျကျ ကာဗိုစားကြပါစို့နော်။