
Carb blockers (အဆီချဆေး) တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာလည်း ပြောပြချင်ပါတယ်။ carb blocker ဆိုတာက ကာဗိုတွေကို လူ့ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်က မစုပ်ယူအောင် ပိတ်ပင်ထားတယ်လို့ ဆိုတာပါ။ carb blocker တွေအမျိုးမျိုးရှိပါတယ်။ ထုံးစံအားဖြင့် ဂလူးကို့စ်ဆိုတာ အတူတကွပေါင်းစည်းနေကြပြီး များစွာသော ဂလူးကို့စ်မော်လီကျူးတွေက ကစီဓာတ်တွေဖြစ်လာတာပါ။ ခန္ဓာကိုယ်က ကစီဓာတ်တွေ စုပ်ယူတော့မယ်ဆိုရင် ဂလူးကို့ဆိုတဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းအဖြစ်ကို ချေဖျက်လိုက်ရပါတယ်။ အဲ့ဒီလိုချေဖျက်မှုကို အစာခြေလမ်းကြောင်းထဲက အင်ဇိုင်းမ်တွေက လုပ်ဆောင်ပါတယ်။ သဘောတရားအရ သောက်လိုက်တဲ့အဆီချဆေးဟာ အဲ့ဒီအင်ဇိုင်းမ်တွေကို အလုပ်မလုပ်အောင်ချုပ်ထားခြင်းဖြင့် ကစီဓာတ်တွေပြိုကွဲမှုကို အမှန်တကယ် တားဆီးပေးပါတယ်။ ကစီဓာတ်ကို အူသိမ်ထဲမှာ သကြားအဖြစ်မပြိုကွဲစေဘဲ အူမကြီးထဲကို တိုက်ရိုက်ရောက်သွားစေတယ်၊ နောက်တော့ မစင်အဖြစ်စွန့်ပစ်လိုက်စေတယ်ဆိုတာ အဲ့ဒီ carb blocker တွေ အလုပ်လုပ်တဲ့ပုံစံဖြစ်တယ်။ ဒီအချက်ဟာ ပိုလျံနေတဲ့ ဂလူးကို့စ်တွေကို ခန္ဓာကိုယ်တွင်းမှာ အဆီအဖြစ်ပြောင်းလဲသိုလှောင်ခြင်းကို လျော့ချပေးပါတယ်။ ဒါပေမဲ့ ထိရောက်မှုကို ကြည့်ရင်တော့ တစ်လကနေ သုံးလအထိကြာတဲ့ ဝိတ်ချတဲ့လေ့လာမှုတွေမှာ ၂ ပေါင်ကနေ ၄ ပေါင်လောက်ပဲ ကျတာဆိုတော့ ထိရောက်မှု အားနည်းတယ်လို့ ဆိုရပါမယ်။
ကဲ ဒီလိုဆိုတော့ ခန္ဓာကိုယ်အလေးချိန်မတက်ချင်ဘူးဆိုရင် ကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပမာဏကို ကျွန်တော်တို့ စားသင့်ပါသလဲ။ လူတွေဟာ ကာဗိုဟိုက်ဒရိတ်နဲ့ပတ်သက်ရင် သိမြင်မှုလွဲမှားတတ်ကြပါတယ်။ သူတို့ထင်တာက ကာဗိုဟိုက်ဒရိတ်က ဆိုးဝါးတယ်၊ ကိုယ်အလေးချိန်တက်စေတယ်။ ဒါကမမှန်ပါဘူး။ ဘာလို့လဲဆိုတော့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ စွမ်းအင်လောင်စာဖြစ်လို့ပါ။ ဒါက ဘယ်လိုမျိုးစားရမလဲဆိုတော့ ကိုယ်စားတဲ့ ပန်းကန်မှာ ပန်းကန်တစ်ဝက်က ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပါရမယ်။ လေးပုံတစ်ပုံကတော့ ပရိုတင်းအရင်းမြစ်ဖြစ်တဲ့ ငါးတို့၊ ကြက်သားတို့၊ အဆီနည်းတဲ့ အသားပါရမယ်။ ကျန်တဲ့တစ်ပုံကိုတော့ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို စားစေချင်ပါတယ်။ အဲ့ဒီတော့ ပန်းကန်ရဲ့ လေးပုံတစ်ပုံစာ ထမင်းကို စိတ်ချလက်ချစားနိုင်တယ်လို့ ပြောရမှာပါ။ ဒီ့ထက်လျှော့ချင်တယ်ဆိုရင် အလွယ်ဆုံးနည်းလမ်းက ပန်းကန်ပြားသေးတာလေးနဲ့ ပြောင်းစားဖို့ပါ။ လေးပုံတစ်ပုံပဲ အချိုးကျထည့်ပေမယ့် ပန်းကန်သေးသွားတော့ ကာဗိုစားတာနည်းသွားတာပေါ့။ မျက်မြင်ပြောင်းလဲမှုက သိပ်မသိသာလို့ စိတ်ထဲမှာလည်း သိပ်မခံစားရစေဘူးလို့ ဆိုပါတယ်။
ဒီလောက်နဲ့ မဝပါဘူး။ အာသာမပြေဘူး။ ကာဗိုပိုစားချင်သေးတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။ ကျန်းမာရေးအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုကတော့ အမျှင်ဓာတ်ပိုပါတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညို (whole grain bread) စတာတွေကို စားတာပဲ ဖြစ်ပါတယ်။ အမျှင်ဓာတ်ပိုပါတဲ့ ကာဗိုတွေက မြန်မြန်ဗိုက်ဝစေပါတယ်။ အားလုံးသိထားကြတာကတော့ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက ဆိုးဝါးတယ်၊ ဘာလို့လဲဆိုတော့ သူတို့က မြန်မြန်အစာကြေလွယ်လို့ပါ။ အဓိပ္ပါယ်ကတော့ သွေးတွင်းသကြားဓာတ်ပမာဏဟာ မြန်မြန်ကြီးမြင့်တက်လာပြီး မြန်မြန်ကြီးပဲ ပြန်ကျသွားလို့ပါ။ ကျွန်မတို့လို ထမင်းဖြူဖြူမွှေးမွှေးကို နေ့စဉ်စားတဲ့သူတွေဟာ အဲ့ဒီအချက်ကို အများကြီး သတိပြုသင့်ပါတယ်။ သွေးတွင်းသကြားဓာတ်အတက်အကျ ကြမ်းတာဟာ အချိန်ကြာလာရင် ဆီးချိုရောဂါကို ဖြစ်လာစေပါတယ်။ စမတ်ကျကျ ကာဗိုစားဖို့အတွက် ပန်းကန်ပြားတစ်ချပ်မှာ ၅၀ % အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်၊ ၂၅ % အသားနဲ့ပဲ ကျန်တဲ့ ၂၅ % ကိုတော့ ကိုယ်ကြိုက်တဲ့ ကာဗိုနှုန်းထားနဲ့ စားကြည့်ကြရအောင်။