
ကိုယ်ကြိုက်နှစ်သက်တဲ့ ကာဗိုဟိုက်ဒရိတ်အစားအသောက်တွေကို စားနေရင်း ကိုယ်အလေးချိန်ချနိုင်တယ်လို့ Fitness Specialists တချို့ကလည်း ပြောပါတယ်။ ကာဗိုစားနေရင်းတောင် ဝိတ်ကျနိုင်တယ်ဆိုတဲ့ လျှို့ဝှက်ချက်က Caloric Cycling လို့ ခေါ်ပါတယ်။ တချို့နေ့တွေမှာ ကယ်လိုရီများများစားပြီး တချို့နေ့တွေကျတော့ နည်းနည်းပဲစားမယ် စသဖြင့် ကယ်လိုရီပမာဏတွေကို ရွှေ့ပြောင်းပြီး စားသောက်တာကို ပြောတာပါ။ လူအများစုကတော့ ဝိတ်ချဖို့လုပ်ပြီဆိုရင် နည်းလမ်းပေါင်းစုံနဲ့ အစားအသောက်ကို ကန့်သတ်လိုက်တော့တာပါပဲ။ တကယ်တော့ အားလုံးလိုက်လုပ်စရာတော့မလိုပါဘူး။ ကိုယ်ခန္ဓာကိုယ်အတွက် မကျော်ရမယ့် ကယ်လိုရီပမာဏ ကယ်လိုရီကိုတာပဲဆိုပါတော့ အဲ့ဒီပမာဏထက်မကျော်အောင်တော့ စားဖို့လိုပါတယ်။
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီးက စမတ်ဖြစ်ပါတယ်။ ဟေ့ ငါမှာတော့ ကယ်လိုရီ ဒီလောက်ပဲရှိနေတယ်။ လုံလောက်တဲ့စွမ်းအင်မရှိနေဘူးလို့ ခန္ဓာကိုယ်ကသိပြီဆိုရင် ကျွန်မတို့ရဲ့ ကိုယ်ထဲမှာရှိနေတဲ့ စွမ်းအင်တွေကို လှုံဆော်ဖို့လိုနေပါပြီ။ အဲ့ဒီအခါ လူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အင်အားကို အဆီကနေ စတင်ဖြိုခွဲပါတယ်။ ဒီနေရာမှာ အဓိကသော့ချက်တစ်ချက်ရှိပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်အခြေခံပမာဏာက ဘယ်လောက်လဲဆိုတာ သိဖို့လိုပါတယ်။ နေ့တိုင်းလည်း ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို မျက်ခြေမပြတ်သိနေဖို့တော့လိုတာပေါ့။
ကဲဒါဆိုရင် ဒီအခြေခံပမာဏကို ဘယ်လိုတွက်ချက်ရမလဲ။ အရမ်းကို ရိုးရှင်းတဲ့ ဂဏန်းတွေနဲ့ပဲတွက်ချက်ရတာပါ။ ကိုယ်မှန်းထားတဲ့အလေးချိန် ၂၅ နဲ့မြှောက်ပါ။ ဥပမာ ကိုယ်လိုချင်တဲ့အလေးချိန်က ၇၂ ကီလိုဆိုရင် ၂၅ နဲ့မြှောက်မယ်ဆိုရင် ၁၈၀၀ ကယ်လိုရီရပါတယ်။ ဒါဟာ ကိုယ့်ရဲ့ နေ့စဉ်စားသုံးရမယ့် စွမ်းအင်ပမာဏဖြစ်ပါတယ်။ ဒီနေရာမှာ လူတွေကို တွေးစေချင်တဲ့ အဓိကအချက်ကတော့ ၁၈၀၀ ကယ်လိုရီစားရမယ်ဆိုပေမယ့် ဒီနေ့ ၂၀၀၀ ပိုပြီး စားလိုက်တယ်ဆိုရင် နောက်နေ့ကျရင် ၁၆၀၀ ကယ်လိုရီပဲစားမယ်လို့ ကိုယ့်ကိုကိုယ် ပြန်ထိန်းလိုက်တာမျိုးပေါ့။ ဒါဆိုရင် ကယ်လိုရီစားသုံးမှု နည်းတာနဲ့များတာကြားမှာရှိတဲ့ ကယ်လိုရီပြောင်းလဲမှုဟာ ကိုယ်အလေးချိန်ကို ဘယ်လိုသက်ရောက်မှုရှိသလဲ။ လျှို့ဝှက်ချက် တစ်ခုရှိပါတယ်။ လုပ်ရတာလည်း လွယ်ပါတယ်။ ကိုယ့်ရဲ့အခြေခံ ကယ်လိုရီပမာဏကို မူတည်ထားပါ။ တစ်နေ့တာရဲ့ အဆုံးမှာ ရလဒ်ကို ကြည့်ပါ။ ကိုယ်အလေးချိန်ကို ပုံမှန်ချိန်ကြည့်ရင် ဝိတ်ဘယ်လောက်ကျလဲ သို့မဟုတ် ထိန်းနိုင်သလဲဆိုတာ တွေ့ရမှာပါ။
ဝိတ်ကျချင်လို့ အရမ်းကန့်သတ်ပြီး စားသောက်တဲ့နည်းလမ်းတွေဟာ လူများစုအတွက် သိပ်တင်းကြပ်လွန်းပြီး ရေရှည်လိုက်မလုပ်နိုင်တာကို တွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် သာမန်ကိုယ်အလေးချိန်ထိန်းချင်တာလောက်နဲ့ အလွန်အမင်းကန့်သတ်ဖို့မလိုပါဘူး။ တကယ်လို့ တရားလွန်ကန့်သတ်စားသောက်နေမယ်ဆိုရင် ကိုယ့်အလေးချိန်နဲ့ ကိုယ်နဲ့ အမြဲတမ်း ရန်ဖြစ်နေရလိမ့်မယ်နော်။ ကိုယ့်ရဲ့ နေ့စဉ်စားသုံးတဲ့ ယေဘုယျကယ်လိုရီပမာဏကို သတိထားပြီး ကိုယ်ကြိုက်တဲ့ အရသာရှိတဲ့အစားအသောက်တွေကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ ဒီနေ့ ချောကလက်ကိတ်ကို စားမယ်ဆိုရင် နောက်နေ့မှာ အစိမ်းရောင်အမျှင်ဓာတ်များများပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားပါ။ ဒီလိုမျိုးကယ်လိုရီကို တွက်ချက်ပြီး စားမယ်ဆိုရင် နေ့တိုင်းကိုယ်ကြိုက်တဲ့ ကာဗိုတွေစားတာတောင် တရားလွန်ဝိတ်တက်မှာ မဟုတ်ပါဘူး။ ကာဗိုဟိုက်ဒရိတ်နဲ့ ပတ်သက်ရင် စမတ်ကျနေဖို့ လိုတယ်လေ။