
Tea Leaf, Coffee Bean ဟု ပြောကြသည်။ လက်ဖက်၏ အဓိကအသုံးဝင်မှုသည် အရွက်ဖြစ်သည်။ ကော်ဖီပင်၏ အဓိကအသုံးဝင်မှုမှာ ကော်ဖီစေ့ဖြစ်သည်။ လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်သည်။ ထို့ကြောင့် လက်ဖက်စိုက်ခင်းပြုလုပ်မည်ဆိုပါက မျိုးကောင်သည့် လက်ဖက်မျိုးကို ရွေးချယ်စိုက်ပျိုးဖို့လိုပါသည်။ ကော်ဖီနှင့်လက်ဖက်သည် ဈေးကွက်တွင် တစ်လှည့်စီယှဉ်ပြိုင်နေကြသော်လည်း လက်ဖက်က ဈေးကွက်ပိုရတတ်ပါသည်။ လက်ဖက်စိုက်ပျိုးသူများသည် အော်ဂဲနစ်ထောက်ခံချက်လက်မှတ်ရရှိဖို့ ကြိုးပမ်းနေကြသည်မှာ လက်ဖက်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ၏ လက်ဖက်အစိုနှင့် လက်ဖက်အခြောက် ဈေးကွက်တွင် အကြီးဆုံးလက်ဖက်ကုန်သည်များသည် လက်ဖက်စိုက်ပျိုးသော ဒေသများတွင် စိုက်ပျိုးသူများနှင့် ပူးပေါင်း၍ ရွက်စိမ်းလက်ဖက်များ၊ အချိုခြောက်၊ အခါးခြောက်၊ လက်ဖက်အစိုတို့ ထုတ်လုပ်နေကြပြီ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်များတွင် လက်ဖက်စိုက်တောင်သူများသည် ဤသို့ ကုန်သည်ကြီးများ၊ ကော်ဖီနှင့်လက်ဖက် အစုအဖွဲ့များနှင့် ပူးပေါင်းနိုင်ကြသဖြင့် ပြည်တွင်းဈေးကွက်မှ ပြည်ပဈေးကွက်သို့ ချဲ့နိုင်လာပါပြီ။
အော်ဂဲနစ်လက်ဖက်တန်ဖိုးကြီးလက်ဖက်၊ ဈေးကွက်မြင့်လက်ဖက်ရရှိရန် အထွက်နှုန်းတိုးမြှင့် စိုက်ပျိုးနည်းနှင့် လက်ဖက်ပင်တွင် အဓိကလုပ်ငန်းဖြစ်သော ကိုင်းဖြတ်သင်တန်းပေးမှုတို့ကို ဂျာမနီနိုင်ငံမှ ပညာရှင်များက သင်ကြားပေးနေသည်။ လက်ဖက်ပင်စိုက်ပျိုးနည်း၊ ပြုစုမှု၊ ပြုပြင်မှုတို့သည် လက်ဖက်ကောင်းရရှိရေးအတွက် အဓိကကျပါသည်။
ကော်ဖီ၊ လက်ဖက်ပင်များ စီပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသည့် ရွာငံမြို့နယ်တွင် လက်ဖက်စိုက်ဧကတစ်သောင်းခွဲကျော် ရှိနေသည်။ ယခင်ကာလများက ဒေသခံလက်ဖက်စိုက်ပျိုးသူများသည် လက်ဖက်ခြောက်ရိုးရိုးကိုသာ လုပ်ကိုင်ရောင်းချခဲ့ကြသည်။ မကြာသော နှစ်ကာလများကစ၍ ပြည်ပမှ စိုက်ပျိုးရေးပညာရှင်များ၊, ပြည်တွင်းမှ လက်ဖက်ပညာရှင်များနှင့် လက်ဖက်ကုန်သည်ကြီးများ ပေါင်းစုမှုဖြင့် လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်တို့ကို သဘာဝခြောက်နှင့် အဆင့်မြင့်ခြောက်တို့ ပြုလုပ်နိုင်လာကြသည်။
လက်ဖက်ခြံစတင်တည်ထောင်မှုသည် စိုက်ပျိုးပြီး ၄ နှစ်ကြာမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးပြန်လည်ရရှိနိုင်ကြသဖြင့် သမားရိုးကျနည်းဖြင့် လက်ဖက်စိုက်ပျိုးပြုပြင်ထုတ်လုပ်မှုသည် ရေရှည်တွင် ဈေးကွက်မချဲ့နိုင်ပါ။ ရင်းနှီးရသည့် ငွေကြေးက အရမ်းများသည်။ ထို့ကြောင့် ကန်ထရိုက်စနစ်လက်ဖက်ခင်းများ၊ ချေးငွေကူညီပံ့ပိုးမှုများရှိကြမှသာ လုပ်ငန်းအောင်မြင်အောင် လုပ်ကိုင်နိုင်ကြပါသည်။ ထို့ပြင် ဈေးကွက်ကလည်း ပြည်တွင်းဈေးကွက်တစ်ခုတည်းအားကိုးနေ၍ မဖြစ်တော့ပါ။ ဈေးကွက်ချဲ့ရန် ပြည်ပဈေးကွက်ချဲ့ရပါမည်။ ပြည်ပဈေးကွက်ချဲ့လျှင် အရည်အသွေးကောင်းရမည်။ အခြားသော ပြည်ပနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရမည်။ ထုတ်ကုန် လက်ဖက်သည် စိတ်ချဘေးကင်းအန္တရာယ်ရှင်းရမည်။ သို့မှ အာမခံချက်ရှိသော လက်ဖက်ဈေးကွက်ဖြစ်လာမည်။
ဤသို့ဖြစ်လာရန် မျိုးကောင်းမျိုးသန့်လက်ဖက်ကို ရွေးချယ်စိုက်ပျိုးမှုသည် ပထမဆုံး စတင်ရမည့်လုပ်ငန်းဖြစ်သည်။ မြန်မာ့လက်ဖက်ခင်းများကို လေ့လာလျှင် စိုက်ပျိုးမှုစနစ်မှာ ရှေးရိုးသမားရိုးကျနည်းဖြင့် စိုက်ပျိုးနေကြသဖြင့် တောင်စောင်းကုန်းမြင့်များတွင် မြွေလိမ်မြွေကောက်အတန်းလိုက် လက်ဖက်ခင်းများ တစ်မျှော်တစ်ခေါ်မြင်ရခဲသည်။ ဟိုနားကျိုးတို့ကျဲတဲတစ်ပင်နှစ်ပင်၊ ဒီနားကျိုးတိုးကျဲတဲ တစ်ပင်နှစ်ပင် ရှိကြပြီး လက်ဖက်ပင် ကိုင်းဖြတ်ပုံသွင်းမှုမှာလည်း နည်းပါးကြသည်။
လွန်ခဲ့သော ၅ နှစ်ခန့်မှစ၍ ကိုးကန့်ဒေသတွင် နိုင်ငံတကာလက်ဖက်စိုက်ခင်းများနှင့် ယှဉ်နိုင်သောဧကများများ လက်ဖက်ခင်းများ ရှိလာသည်။ ရေပေးမှုတွင် ရေဖျန်းစနစ် ကျင့်သုံးလာကြသည်။ ဤသည်၏ အကျိုးဆက်မှာ လက်ဖက်ကောင်းထွက်ရှိ ရောင်းချနိုင်ခြင်း ဖြစ်လာသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ခေတ်မီတောင်စောင်းလက်ဖက်စိုက်ခင်းများကို ၁၉၉၂ ခုနှစ်က လေ့လာခဲ့ဖူးပါသည်။ ခူးဆွတ်ရာတွင် အတန်းလိုက်ပုံသွင်း လက်ဖက်ခင်းများဖြစ်၍ စက်ဖြင့် အပင်ထိပ်ဖျား၊ အညွန့်အခက်များ ခူးနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်ခူးချိန်ရောက်ပြီဆိုပါက အညာဒေသမှ တောင်သူလယ်သမားများ အလုပ်နားချိန်ဖြစ်၍ တစ်ရွာလုံးနီးပါး ကုန်တင်ကားကြီးများဖြင့် စားအိုးစားခွက်အစုံ သယ်ယူပြီး ရှမ်းပြည်နယ်၊ လက်ဖက်စိုက်ဒေသရွာများသို့ သွားကြသည်ကို နှစ်စဉ်တွေ့နေကြဖြစ်သည်။ အဆိုပါ မြင်ကွင်းလည်း မတွေ့ရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။ လက်ဖက်ခူးဒေသများတွင် လက်ဖက်ခူးချိန် လုပ်သားရှားပါးမှု ပြဿနာရှိသည်။ ခူးဆွတ်ပြီး လက်ဖက်အစိုမှ လက်ဖက်အခြောက်၊ အချိုခြောက်ျဖြစ်ရန်မှာလည်း ထုတ်လုပ်မှုတွင် ခေတ်မီနည်းစနစ်များ စက်အင်အား အသုံးပြုမှုများ နည်းပါး၍ လူအား၊ ပြည်တွင်းဖြစ် တီထွင်စက်များဖြင့်သာ လုပ်ကိုင်နေရသေးသည်က အများစုဖြစ်သည်။ ပြည်တွင်းတွင် အဆင့်မြင့်ရောင်းချနေသော လက်ဖက်များသည် စနစ်တကျစက်များဖြင့် လုပ်ကိုင်ကြသည်ကများသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်သည်လည်း လက်ဖက်ခြောက်ကောင်းကောင်းထွက်သောမြို့ ဖြစ်သည်။
လက်ဖက်စိုက်ပျိုးမှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ချဲ့နိုင်ရေးကို လက်ဖက်နှင့် ကော်ဖီအစုအဖွဲ့မှ ကူညီမှုများ ပေးနေသဖြင့် လက်ဖက်စိုက်ပျိုးသူတောင်သူများ အခက်အခဲကြုံတွေ့ရမှု နည်းပါးလာသည်။ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် လက်ဖက်အစုအဖွဲ့မှ ကူညီမှုများ ပေးနေသဖြင့် လက်ဖက်စိုက်ပျိုးသူတောင်သူများ အခက်အခဲကြုံတွေ့ရမှု နည်းပါးလာသည်။ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် လက်ဖက်အစုအဖွဲ့မှ ထမင်းပေါင်းကျေးရွာတွင် နှစ်သက်တမ်း ၇၀၀ ကျော်ရှိသော လက်ဖက်ပင်ကြီး တစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် သတင်းကိုလည်း သိရှိခဲ့ရသဖြင့် ချီးကျူးမိပါသည်။ (မြိတ်မြို့တွင်လည်း နှစ်သက်တမ်းရာကျော် ရော်ဘာပင်ကြီးတစ်ပင်ရှိ၍ ထိန်းသိမ်းထားကြသည်ဟု သိရှိရပါသည်။) ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်သည်လည်း လက်ဖက်နှင့်ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှု နာမည်ကြီးဖြစ်သည်။ ပတ္တမြားတောင်ပေါ်တွင် မဏိစည်သူမင်းကြီး မျိုးစေ့ပေးသဖြင့် စိုက်ပျိုးခဲ့သော လက်ဖက်ပင်ကြီးရှိသည်။ နှစ်စဉ်စက်တင်ဘာလ ၅ ရက်တွင် ဒေသခံများက သုံးရက်ကြာ လက်ဖက်ပူဇော်ပွဲကျင်းပကြသည်။ ဇယမ်းရွာမှ စိုက်ပျိုးထုတ်လုပ်သော “ဇယန်းလက်ဖက်” မှာ လူသိများကြသည်။
လက်ဖက်စိုက်ပျိုးမှုသည် ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊(ကျောက်မဲလက်ဖက်၊ နမ့်စမ်လက်ဖက်၊ ပင်လောင်းလက်ဖက် နာမည်ကြီးသည်။) ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်သာမက၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ချင်းတွင်းမြစ်ကမ်းဘေးမှ ဟုမ္မလင်း၊ ခန္တီးမြို့နယ်များတွင်ရှိသော ကျေးရွာများ (ကောယားရွာ၊ မောင်းခမ်းရွာ) တို့တွင် လက်ဖက်စိုက်ခင်းကြီးများရှိသည်ကို အဆိုပါ ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ချိန်က မြင်တွေ့လေ့လာခဲ့ဖူးသည်။ ချင်းတွင်းအဖျားလက်ဖက်များသည် မန္တလေး လက်ဖက်ပွဲရုံဈေးကွက်ကြီးတွင် နာမည်မရဘဲ ရှမ်းပြည်နယ်ထွက် လက်ဖက်များနှင့် ရောနှောပါသွားတော့သည်။
မြန်မာ့ဈေးကွက်တွင် အဆင့်မြင့် ပြည်တွင်း လက်ဖက်ခြောက်ကောင်းကောင်းများ ရှိသည်။ လက်ဖက်ကောင်းရရှိရန် နံနက်စောစော ခူးကြရသည်။ အစေ့စိုက်အပင်များသည် စိုက်ပျိုပြီး လေးနှစ်ကြာမှ အညွန့်ခူးနိုင်သည်။ အကိုင်းဖြတ်ပျိုးထောင် လက်ဖက်ပင်သည် ကြီးထွားမှုမြန်၍ နှစ်နှစ်သားနှင့် စတင်ခူးနိုင်ပြီ။ အညွန့်ခူးရာတွင် အညွန့်နှင့် အရွက်နှစ်ရွက် (Two Leaves and A Bud) အဆင့် ခူးခြင်းဖြင့် အကောင်းဆုံး အရွက်ရ၏။ အဆိုပါ အရွက်ကို မနက်ခူး ခေတ်မီအပင်အခြောက်ခံ စက်ထဲသို့ အဆင့်ဆင့်ပြောင်းထည့်ပြီး ညနေ နေမဝင်ခင် ထုတ်ပိုး၍ ဈေးကွက်ပို့ရန် အသင့်ရှိအောင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီဖြစ်၍ လက်ဖက်ခြောက် ကောင်းကောင်းရနေပြီ။ သန့်ရှင်းလတ်ဆတ်၊ အနံ့အရသာကောင်းပြီး လေလွှင့်ဆုံးရှုံးမှုမရှိသော Green Tea ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ရရှိနေပါပြီ။ ဤသို့ဖြင့် အဆင့်မြင့်လှော်သင်းမွှေး၊ အဆင့်မြင့်အလှော်ခြောက်၊ သဘာဝအလှော်ခြောက်၊ ငွေမျှင်လက်ဖက်ညွန့်စသည်ဖြင့် အမျိုးအစား ခွဲခြားထုတ်လုပ်ကြသည်။ ခူးရာတွင် တစ်ညွန့်တည်း ခူးခြင်း၊ တစ်ညွန့်နှင့် ရွက်နု နှစ်ရွက်ခူးခြင်းတို့ ပြုလုပ်ကြသည်။ ယခင်က ကဲ့သို့ ရောပြွန်း သပြွန်း အဆင့်မခွဲ ရောသမ ခူးခြွေအခြောက်လှမ်းမှု မရှိကြသဖြင့် စံချိန်မှီလာသည်။
လက်ဖက်ခူးရာတွင် စနစ်အမျိုးမျိုးရှိကြသည်။ တစ်ညွန့် နှစ်ရွက်ခူးခြင်း၊ အရွက်သုံးရွက်ခူးခြင်း၊ တစ်ညွန့်တည်း ခူးခြင်းတို့ ရှိသည်။ အရွက်သုံးရွက် ခူးလျှင် အထွက်နှုန်းဖြင့် တွက်ကြည့်လျှင် ကောင်းသော်လည်း လက်ဖက်အရည်အသွေး အဆင့်အတန်းမှာ စံမမှီဘဲ ကျဆင်းသွားသည်။ လက်ဖက်ညွန့်ခူးလျှင် ခူးမည့်အရွက်မျက်နှာပြင် အမြင့်ကို သုံးပေ လေးပေ ရအောင် အပင်အမြင့် ရှိရမည်။ ထို့ကြောင့် ပုံသွင်းကိုင်းဖြတ်ရမည်။ အပင်လည်း အပင်အိုမဖြစ်ဘဲ နုပျိုကျန်းမာသန်စွမ်းမှု ရှိလာသည်။
ခူးမည့်လက်ဖက်ရွက် ထိခိုက်စုတ်ပြဲလျှင် လက်ဖက်အရသာ အချဉ်ပေါက်သွားတတ်သည်။ ရောဂါကျ ပိုးကိုက်အရွက်များ ဖယ်ရှားရသည်။ လက်ဖက်ခူးချိန်တွင် ၁၅ ရက် တစ်ကြိမ် ခူးကြသည်။ ယခုအခါ စနစ်တကျစိုက်ပျိုးထားသော လက်ဖက်ခင်းများသည် တစ်ပင် တစ်ကြိမ် လက်ဖက်ခူးနိုင်ကြသည်။ လက်ဖက်တစ်ဧက အထွက်နှုန်းကောင်းခြင်းသည် အကြိမ်အရေအတွက် များများခပ်စိတ်စိတ်ခူးနိုင်လေ အထွက်ကောင်းလေ ဖြစ်သည်။
လက်ဖက်အရည်အသွေးအရသာမှာ မြေမြင့်လက်ဖက်သည် မြေနိမ့်လက်ဖက်ထက် အနံ့အရသာပိုကောင်းသည်။ အပူချိန် ၁၆ မှ ၃၂ ဒီဂရီစင်တီဂရိတ်၊ ပတ်ဝန်းကျင်တိုင်းဆ ၈၀ ရာခိုင်နှုန်း၊ တစ်နှစ်ပျမ်းမျှ မိုးရေချိန် ၆၀ လက်မ ရွာမှု၊ တစ်နှစ်အတွင်း ၈ လ၊ ၉ လ မိုးဖြန့်ရွာသောဒေသဖြစ်လျှင် လက်ဖက်ပင်ဖြစ်ထွန်းသည်။ လက်ဖက်ပင်သည် နေ့တာရှည်မှု ကြိုက်သည်။ လက်ဖက်ပင်စိုက်ပျိုးပြီး ၃ နှစ်အတွင်း နှင်းခါးကျလျှင် ဒဏ်မခံနိုင်သဖြင့် အမိုးအကာ ပြုလုပ်ပေးရသည်။
မြန်မာနိုင်ငံတွင် ကိုးကန့်လက်ဖက်မျိုး (တရုတ်မျိုး)မှာ အနံ့အရသာအကောင်းဆုံး ဖြစ်သည်။ ရှမ်းပြည်နယ်တွင် စိုက်ပျိုးမှုများပြားသည်။ အာသံမျိုး၊ ဒါဂျီလင်မျိုး (အိန္ဒိယမျိုး) သည် ရာသီဥတုပူနွေးသောဒေသတွင် စိုက်နိုင်ပြီး တောင်ငူ(သံတောင်ကြီး) တွင် စိုက်ပျိုးမှုများသည်။ အင်ဒိုချိုင်းနားမျိုးလည်း ရှိသေးသည်။ မြန်မာနိုင်ငံ၏ လက်ဖက်စိုက်ပျိုးမှုတွင် မျိုးသန့်နည်းပါး၍ မျိုးရောနှောမှုများနေသဖြင့် မကြာခင်ကာလမှသည် မျိုးသန့်ရွေးချယ်စိုက်ပျိုးမှုကို လုပ်ကိုင်လာနိုင်ပါတော့သည်။
လက်ဖက်ပင်သဘာဝမှာ ကိုင်းဖြတ်ပုံသွင်းမှသာ အပင်မကြီးဘဲ အပင်ပုလာမည်။ အာသံမျိုးသည် အပင်အကြီးသန်သည်။ ပို၍ ဂရုပြုပုံသွင်း ထိပ်ဖြတ်ပေးရသည်။ ထိပ်မဖြတ် ပုံမသွင်းလျှင် ပေ ၃၀၊ ပေ ၄၀ ထိမြင့်သော လက်ဖက်ပင်ကြီး ဖြစ်သွားသည်။
လက်ဖက်ပင်မျိုး ရွေးချယ်ရာတွင် အညွန့်ထွက်မှုကောင်းရမည်။ အကိုင်းဖြာမှုကောင်းရမည်။ အညွန့်ခူးပြီး အညွန့်သစ် မြန်မြန်ထပ်မံထွက်ရမည်။ ပန်းပွင့်မှုနောက်ကျသောမျိုး ဖြစ်ရမည်။ အမြုံဖူးထွက်မှု နည်းရမည်။ အရွက်သေးပြီး ရွက်နားတွန့်ပါရမည်။ လက်ဖက်ပျိုးခင်းမှာလည်း အရိပ်ပေးရသည်။ စိုက်ခင်းမှာလည်း လိုအပ်သော ဒေသအရိပ် ပေးရသည်။ လက်ဖက်ပင်၏ သဘာဝသည် အရိပ်ကြိုက်သည်။ မြေကောင်းပြီး အစိုဓာတ်ထိန်းနိုင်ကာ ရာသီဥတုမပူပြင်းဘဲ အေးမြသောဒေသများတွင် အရိပ်ပင်မပါဘဲ စိုက်ခင်းပြုလုပ်ကြသည်။ ရာသီဥတုခြောက်သွေ့ပူပြင်း ရေမရလျှင် လက်ဖက်ပင် သေနိုင်သည်။ လက်ဖက်ခူးရာတွင်ဖြစ်စေ၊ ကိုင်းဖြတ်ပုံသွင်းရာတွင်ဖြစ်စေ၊ ကိုင်းများ၊ အခေါက်များ၊ နေရောင်ကျမှုများပြီး နေလောင်ခံရလျှင် ကြားဖူးထွက်မှု နှေးလာသည်။ အရိပ်များလျှင် ပိုးရောဂါကျတတ်သဖြင့် ယာယီ အရိပ်ပေးနိုင်သည်။ ပုရစ်၊ ပျ၊ မွှားပင့်ကူနီ၊ ပင်နာကျ ရောဂါ၊ အမြစ်ပုပ်ရောဂါတို့ ဂရုပြုရသည်။
ကိုင်းဖြတ်ခြင်းသည် အရွက်ထွက်နှုန်းကောင်းရန် ပင်အိုမဖြစ်ဘဲ ပင်ပျိုဖြစ်ရန် အပင်ခူးနိုင်သည်။ အမြင့်ရရှိရန် အပင်အမြဲတမ်းနိုးကြားကျန်းမာရန်ဖြစ်၍ အရွက်ကျလာလျှင်ဖြစ်စေ၊ အရွက်ထွက်မှုနည်းပြီး အပွင့်အသီးများလာလျှင်ဖြစ်စေ၊ အမြုံဖူးများ အများကြီးထွက်လာလျှင်ဖြစ်စေ၊ အညွန့်ထွက်မှု နည်းလာပြီး အပင်၏ ပင်အုပ်အကိုင်းအဆစ်များ တိုလာလျှင် ကိုင်းဖြတ်ရသည်။
လက်ဖက်ခြောက်၏ အနံ့အရသာကောင်းရရှိရန် ရေနွေး၏ အပူချိန် (ပွက်ပွက်ဆူရမည်) ထည့်သော လက်ဖက်ခြောက်ပမာဏ (များလျှင် ခါး၍၊ နည်းလျှင် အရသာပေါ့သည်) ခွက်ပမာဏ၊ ခွက်ကို အဖုံးပိတ်၍ သုံးမိနစ်ခန့် နှပ်ထားပြီးမှ သောက်သင့်သည်။ ရောင်းချရာတွင်၊ ထားသိုရာတွင် လေလုံအောင် ထားရသည်။ လက်ဖက်ရည်အဖန် (လက်ဖက်ရည်ကြမ်း) (အခါးရည်) သောက်သုံးခြင်းဖြင့် ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် သွေးထဲမှ ကိုလက်စထရောကို ညှိပေးသဖြင့် နှလုံးသွေးကြောကောင်းစေသည်။ သွေးထဲရှိ ဂလူးဂို့စ်အတိုင်းအဆချိန်ညှိပေးသဖြင့် ဆီးချို၊ သွေးချိုလျော့ချပေးစေသည်။ သွေးပေါင်ချိန် ပုံမှန်ရှိစေ၍ သွေးတိုးရောဂါသက်သာစေသည်။ ခန္ဓာကိုယ်ရှိ အဆီပိုများ လျှော့ချနိုင်သည်။ စိတ်ကို လန်းဆန်းစေသည်။ အစာခြေဖျက်မှု ကောင်းစေသည်ဟု ဖော်ပြထားကြပါသည်။
စိုက်ပျိုးရေးရှုထောင့်မှ ကြည့်လျှင် လက်ဖက်ပင်စိုက်ပျိုးမှုမှာ ကုန်ကြမ်း၊ ကုန်ချောများစွာ ထုတ်လုပ်နိုင်သည်။ အလှကုန်များထုတ်လုပ်မှုတွင် လက်ဖက်ဆီကို သုံးလာကြသည်။ လက်ဖက်ရွက်ကို ဟင်းချက်ရာတွင် သားငါးနှင့် ရောနှောချက်စားကြသည်။ လက်ဖက်စို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက်၊ သုံးမျိုးထုတ်လုပ်ရောင်းချနိုင်သည်။ သောက်သုံးပြီး လက်ဖက်ခြောက်ဖက်ကို မြေဆွေးအဖြစ်သုံးနိုင်သည်။ အထူးသဖြင့် သဲမြေများတွင် လက်ဖက်ခြောက်ဖက်များ ထည့်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်သောမြေအဖြစ် ပြောင်းလဲနိုင်သည်။ ခရမ်းချဉ်စိုက်ခင်း၊ နှင်းဆီစိုက်ခင်းများတွင် လက်ဖက်ခြောက်ဖက်ထည့်ကာ စိုက်ပျိုးကြသည်။ ရေနွေးပူပူ၊ ရေနွေးဆူဆူနှင့် ပြုတ်ထားသော လက်ဖက်ခြောက်ဖက်သည် အက်ဆစ်ဓာတ်ဖယ်ထုတ်ပြီးဖြစ်သဖြင့် မြေထဲတွင် ချဉ်ငန်ဓာတ် (PH) ကို စိုက်ပျိုးမှုအတွက် သင့်တော်သော ၆ ဒသမ ၅ ပတ်ဝန်းကျင်တွင် ထိန်းထားပေးနိုင်သည်။ သဘာဝ မြေဆွေးကောင်းဖြစ်သည်ဟု ဆိုထားပါသည်။ အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးတွင် လက်ဖက်ခြောက်ဖတ်၊ ကော်ဖီနှပ်ဖတ်များကို ပဲဖတ်၊ နှမ်းဖတ်ကဲ့သို့ အသုံးပြုလာကြပါပြီ။
မကြာခင် လပိုင်းက ရရှိသော သတင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၏ လက်ဖက်စိုက်ခင်းများကို အော်ဂဲနစ်လက်ဖက်ရရှိရန် စိုက်ပျိုးထုတ်လုပ်ကြမည်ဖြစ်သည်ဟု သိရသည်။ မြန်မာနှင့်ကမ္ဘာ့ဒေသများစွာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များတွင် လုံခြုံစိတ်ချဘေးကင်းသော ( Safeliy Food) ကို လိုအပ်နေချိန်ဖြစ်သဖြင့် လက်ဖက်ထုတ်လုပ်မှုဈေးကွက်ကလည်း စိုက်ပျိုးမှု၊ မြေဩဇာ၊ ပိုးသတ်ဆေးအသုံးပြုမှုမှအစ အော်ဂဲနစ်သို့သာ ရှေ့ရှုချီတက်ပြောင်းလဲလာနေကြပါပြီ။