
by May’s Healthy Food
Food Magazine ပရိသတ်အားလုံး မင်္ဂလာပါ။ ကလေးတို့ကြိုက်မယ့် ဖက်ထုပ်ကို ပုံစံမျိုးစုံ လုပ်စားနိုင်ဖို့အတွက် ဖက်ထုပ်လုပ်နည်းလေး ရေးပေးမယ်နော်။ ဖက်ထုပ်တစ်မျိုးနဲ့တင် အသား၊ အသီးအရွက်၊ ဂျုံစသည်တို့ပါဝင်တာမို့ ထမင်းမစားတဲ့ ကလေးတွေအတွက်လည်း အာဟာရပြည့်စေမယ့် အစားအစာလေးပါ။ ဖက်ထုပ်ကို ကြက်၊ ဝက်၊ အမဲသား၊ ပုစွန်နဲ့ ကြိုက်နှစ်သက်ရာအရွက်တွေ ရောပြီးလည်း ပြုလုပ်လို့ရပါတယ်။ ဖက်ထုပ်ကို အားတဲ့အချိန်လုပ်ထားပြီး ဇစ်အိတ်ထဲ လေလုံအောင် ထုတ်၍ ရေခဲသေတ္တာအခဲထဲထည့်ပြီး သိမ်းထားမယ်ဆိုရင် ကလေးတွေအတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ထမင်းဘူးနဲ့ နေ့လယ်အဆာပြေအတွက် အလွယ်တကူကျွေးလို့ ရပါတယ်။ ဖက်ထုပ်ကို ကြက်စွပ်ပြုတ်လေးထဲ ထည့်ပြီး ဖက်ထုပ်ပြုတ်၊ ဆီလေးနည်းနည်းနဲ့ ကြော်တဲ့ ဖက်ထုပ်ကြော်၊ ဖက်ထုပ်ကိုပြုတ်ပြီး ဆီချက်၊ ပဲငံပြာရည်လေးနဲ့ ဖက်ထုပ်ဆီချက်၊ ရေနွေးဆူဆူလေးမှာ အပေါ်ကနေတင်ပြီး ပေါင်းလို့ရတဲ့ ဖက်ထုပ်ပေါင်း စသည်ဖြင့် နှစ်သက်ရာ လုပ်စားလို့ရပါတယ်။
ပါဝင်ပစ္စည်းများ
ဝက်သား – ၃၀ ကျပ်သား (နုပ်နုပ်စဉ်း)
ကုဆိုင် – ဝက်သားရဲ့ ၁/၃ (နုပ်နုပ်စဉ်း)
ကြက်သွန်နီ အရွယ်တော် – ၂ လုံး (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ – ၂ မြွှာ (နုပ်နုပ်စဉ်း)
ချင်း – လက်နှစ်ဆစ်အရွယ် (အရည်ညှစ်)
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပဲငံပြာရည်အကြည် – စားပွဲဇွန်း ၁/၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ – စားပွဲဇွန်း ၁/၂ ဇွန်း
ပါဝင်ပစ္စည်းများကို သမအောင် ရောနယ်ပြီး ၁ နာရီခန့် အရသာဝင်အောင် ရေခဲသေတ္တာထဲ ထည့်နှပ်ထားပါ။
ပြုလုပ်နည်း
၁။ ဖက်ထုပ်ရွက်ထဲ ဝက်သား စားပွဲဇွန်း ၁/၃ ဇွန်းခန့် ထည့်ပြီး ဖက်ထုပ်အရွက် အစွန်းကို ရေသုတ်၍ ဖက်ထုပ်ခေါက်နည်းအတိုင်း ခေါက်ပါ။ ရလာတဲ့ဖက်ထုပ် များကို ဗန်းဖြင့် အခဲခန်းထဲထည့်ပြီး ခဲမှ ဇစ်အိတ်ထဲပြောင်းထည့်၍ သိမ်းပါ။
၂။ မကပ်တဲ့အိုးထဲ ဖက်ထုပ်ကို စီထည့်ပြီး ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲဇွန်း ၂ ဇွန်းထည့်၍ အဖုံးအုပ်ကာ မီးနည်းနည်းနဲ့ ရေခန်းသည်အထိ တည်ပါ။ ရေခန်းသွားမှ အဖုံးကိုဖွင့်ပြီး အောက်ခြွေကပ်လာသည်အထိ မီးအေးအေးဖြင့် ကြော်ပါ။
* မီးမပြင်းရပါ။ မီးအေးအေးဖြင့် မိနစ် ၃၀ ခန့် တည်မှ ဝက်သားကျက်၍ အပြင်ခွံမမာဘဲ အောက်ခြေ ကြွပ်ပြီး အပေါ်က အိအိလေးဖြစ်မှာပါ။