
ဘိုဘာက ကျန်းမာရေးနဲ့မညီညွတ်တဲ့ သောက်သုံးစရာတစ်ခုလား
ဘိုဘာလို့ပဲခေါ်ခေါ်ဘာဘယ်လ်တီးလို့ပဲခေါ်ခေါ်ဒီလိုလူတိုင်းနီးပါး ကြိုက်နှစ်သက်ကြတဲ့ သောက်သုံးစရာ လေးတစ်ခုက ကမ္ဘာအနှံ့ကနေရာတော်တော်များများမှာ အခုအချိန် ရေပန်းအစားဆုံးဖြစ်လို့နေပါတယ်။ အဲဒီ လက်ဖက်ရည်မှာ antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကစလို့ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ ဓာတ်တွေအထိပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ လက်ဖက် ရည်တစ်မျိုးဖြစ်သည့်တိုင်အောင် ဘိုဘာမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ရံဖန်ရံခါဆိုသလို တော်တော်များ များ စိတ်ဝင်တစားနဲ့ ဆန်းစစ်လေ့လာတာမျိုးတွေ ပြုလုပ်လာကြပါတယ်။
ခေတ်စားတဲ့အရာတွေကို မလိုက်တတ်တဲ့သူတွေ၊ ဝေဖန်တတ်တဲ့သူတွေကပဲ ဘိုဘာကို မကြိုက်ကြတာလား၊ ဒါမှမဟုတ် ဘိုဘာကတကယ်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သောက်သုံးစရာတစ်ခုလား…။ ပီလောပီနံမှုန့်ကနေ စားချင်စဖွယ်ဖြစ်အောင်၊အမြင်လည်းဆန်းသစ်အောင်ပြုလုပ်ထားတဲ့ဒီဘိုဘာတီးရဲ့အာဟာရဓာတ်ပါဝင်မှုနှုန်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။
ဘိုဘာကတကယ်ပဲ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလား။
ကိုယ်သောက်သုံးမယ့်ဘိုဘာထဲမှာ အချိုပမာနကို သတိမထားဘဲ စိတ်ကြိုက်လိုအပ်တာတွေ ထည့်မယ်ဆိုရင်တော့ ပီလောပီနံအမှုန့်ကနေ ပြုလုပ်ထားတဲ့ အလုံးလေးတွေနဲ့ နို့နဲ့ရောစပ်ထားတဲ့ လက်ဖက်ရည်တစ်မျိုးမှာတော့ ကိုကာကိုလာတစ်ဘူးမှာ ပါဝင်တဲ့ သကြားပမာဏထက် ပိုပါဝင်တာတော့ အမှန်ပါပဲ။ ဒါက အချိုပါဝင်မှုပမာဏဘက်ကနေ ကြည့်မယ်ဆိုရင် သိရှိနိုင်မယ့်ပထမဦးဆုံး အချက်ပါ။
နည်းနည်းလေးပိုပြီး အသေးစိတ်ကြည့်လိုက်မယ်ဆိုရင် သူ့ပါဝင်ပစ္စည်းတွေမှာ လက်ဖက်ရည်၊ နို့ ဒါမှမဟုတ် ခရင်မ်မာနဲ့ အပေါ်ကလောင်းထည့်ရတဲ့ အဆာပလာတို့ ပါဝင်ပါတယ်။ ထပ်ပြီးရွေးချယ်လို့ရမယ့် အမျိုးအစား တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ရေခဲခြစ်လိုပုံစံနဲ့ ချိစ်ပါဝင်တဲ့ အမြှုပ်ပုံစံ သောက်စရာမျိုးတွေထပ်တွေ့ရ မှာဖြစ်ပါတယ်။ အဲဒီအမျိုးအစားတွေကတော့ အချိုတည်းစရာတစ်ခုလို ဖြစ်သွားပါတယ်။
ဒီထက်ပိုနားလည်အောင်လို့ နို့လက်ဖက်ရည်မှာပါဝင်တဲ့ အမျိုးအစားတွေကို ထပ်လေ့လာကြည့်ရအောင်။
ဘိုဘာတွင်ပါဝင်သော ကယ်လိုရီပမာဏ
ဘာဘယ်လ်တီးမှာပါဝင်တဲ့ ကယ်လိုရီပမာဏက ဘာဘယ်လ်အလုံးလေးတွေကို ပြင်ဆင်တုန်းက ထည့်သုံးထားတဲ့ပါဝင်ပစ္စည်း (ပျားရည် ဒါမှမဟုတ် သကြားရည်) တွေအပေါ်မှာ မူတည်ပါတယ်။ အမေရိကက ဘိုဘာလက်ဖက်ရည်ကုမ္ပဏီ တချို့အရတော့ ဘိုဘာနို့လက်ဖက်ရည်မှာ ကယ်လိုရီ ၄၃၀ ကနေ ၆၁၆ လောက် ထိ ပါဝင်နေတာတွေ့ရပါတယ်။
ဒီနေရာမှာတစ်ခုပြောချင်တာက ဘိုဘာဆိုင်တော်တော်များများက ဘိုဘာမှာလိုက်ပြီဆိုတာနဲ့ ကိုယ်လိုချင်တဲ့ အချိုပမာဏကို မေးမြန်းလေ့ရှိပါတယ်။ သူ့ရဲ့အမျိုးအစားစုံလင်လှတဲ့ မီနူးထဲမှာ အချိုဓာတ်ပါဝင်မှုနှုန်းပေါ် မူတည်ပြီး ကယ်လိုရီပမာဏကလည်း ကွဲပြားသွားပါတယ်။
၁၆ အောင်စပမာဏရှိတဲ့ Starbucks က ခရင်မ်အပြည့်နဲ့ matcha frappuccino တစ်ခွက်မှာ ၄၂၀ ကယ်လိုရီ ပါဝင်ပါတယ်။ နို့လက်ဖက်ရည်တစ်ခွက်မှာ ပါဝင်တဲ့ပမာဏက အရမ်းနည်းတယ်လို့လည်း ပြောလို့မရပါဘူး။
အမေရိကတွင်ရောင်းချသည့် နာမည်ကြီး ဘိုဘာဆိုင်များရှိ နို့လက်ဖက်ရည်များတွင် ပါဝင်သည့်
ကယ်လိုရီပမာဏ
ကုမ္ပဏီ ပါဝင်သော ကယ်လိုရီပမာဏ (၁၀၀% သကြားဖြင့် ဖျော်စပ်ထားသော)
Kung Fu Tea 449
ShareTea 616
Gong Cha 430
Kung Fu ဆိုင်က တွက်ချက်ထားမှုတွေအရတော့ သောက်သုံးစရာအဆင့်မရောက်သေးတဲ့ ဘိုဘာအလုံးလေး တွေမှာတင် ကယ်လိုရီပမာဏက ၁၉၉ ရှိနေပြီလို့ သိရပါတယ်။ ထပ်တိုးထည့်ရတဲ့ အဆာပလာ လုံးဝမပါဝင်တဲ့ ရိုးရိုးနို့လက်ဖက်ရည်တစ်ခွက်မှာ ကယ်လိုရီပမာဏ ၁၇၃ ပါဝင်ပါတယ်။ တစ်နည်းပြောရရင် ဘိုဘာအလုံးလေး တွေပဲထည့်ပြီး သကြားအချိုဘာမှမပါဝင်တဲ့ ရိုးရိုးနို့လက်ဖက်ရည်တစ်ခွက် မှာသောက်ရင်တောင် ၃၇၂ ကယ်လိုရီ သောက်သုံးမိပြီးသား ဖြစ်နေပါပြီ။
ကျန်းမာရေးရှုထောင့်
ဘိုဘာကို ကျန်းမာရေးအမြင်အရ ထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် သကြားနဲ့ ကယ်လိုရီပါဝင်မှုနှုန်းတွေအပြင်အခြားအချက်တွေကိုလည်း လေ့လာသင့်ပါတယ်။သကြားပါဝင်တဲ့ တခြားသောက်စရာအချိုရည်တွေလိုပဲ ဘာဘယ်လ်တီးကိုအလွန်အကျွံ သောက်သုံးတဲ့အခါမှာ ကျန်းမာရေးကို ရေရှည်ထိခိုက်နိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးပွားမှုနှုန်း တက်လာ တာတွေ့ရပါတယ်။
ဘိုဘာကိုအရမ်းနှစ်ခြိုက်လို့ အလွန်အကျွံသောက်သုံးတဲ့ ကလေးငယ်တွေမှာတော့ အဝလွန်တဲ့ပြဿနာတွေ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင် သကြားအချိုဓာတ်ပါဝင်တဲ့ သောက်စရာနဲ့ ADHD လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်တာ အာရုံစူးစိုက်မှုမရှိတာလိုမျိုး ရောဂါလက္ခဏာတစ်ခုတို့အကြား ဆက်နွှယ်မှုရှိနေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပြန်ပါတယ်။ တိကျတဲ့ကြောင်းကျိုးဆက်နွှယ်မှုမျိုး သက်သေပြထားခြင်းမရှိပေမယ့် နှစ်ခုကြား ဆက်နွှယ်မှုတစ်ခုခုတော့ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သကြားပါဝင်တဲ့ သောက်စရာတွေက ADHD လက္ခဏာမျိုး ဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတော့ မဖြစ်နိုင်ပါဘူး။
ဒါဆိုရင် ဘာဘယ်လ်တီးမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေထဲကဘယ်ပါဝင်ပစ္စည်းတွေက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေပေးလဲ။ နည်းနည်းထပ်ပြီး တွေးတော စရာအချက်လေးတွေ အောက်မှာဖော်ပြထားပါတယ်။
နို့ထွက်ပစ္စည်းမဟုတ်တဲ့ခရင်မ်မာ
တစ်ခါတလေမှာ နို့လက်ဖက်ရည်ထဲကို ထည့်တဲ့နို့အမျိုးအစားက နို့ထွက်ပစ္စည်း ဒါမှမဟုတ် တကယ့်နို့စစ်စစ် ဖြစ်ချင်မှဖြစ်မှာပါ။ ခရင်မ်မာအမျိုးအစားတွေကိုလည်း တချို့အသုံးပြုကြပါတယ်။ အဲဒီ ခရင်မ်မာထဲမှာ ဂလူးကို့စ်၊ အသီးအရွက်ကရတဲ့အဆီ၊ ဆိုဒီယမ်ကက်စီနိတ် နဲ့ dipotassium တို့ပါဝင်ပါတယ်။
စင်ကာပူက ဆေးရုံတစ်ခုရှင်းပြထားချက်အရ ခရင်မ်မာက အဆီနဲ့သကြားပါဝင်မှုနှုန်းကို ပိုတိုးပွားစေပြီး နာတာရှည်ရောဂါ ဖြစ်ပွားမှုကိုလည်း ပိုတိုးစေတယ်လို့ သိရပါတယ်။ ဥပမာပြောရရင် သာမန် လူအသုံးများတဲ့ ပါဝင်ပစ္စည်းတစ်ခု – စားအုန်းဆီက နှလုံးရောဂါနဲ့လေဖြတ်ရောဂါတို့ ဖြစ်ပွားစေတယ်ဆိုတဲ့ ဆက်နွှယ်မှုရှိနေသလိုပါပဲ။ ဒါကြောင့်ဘိုဘာ ဖျော်စပ်မယ်ဆို အဆီထုတ်ထားတဲ့နွားနို့ ဒါမှမဟုတ် နွားနို့စစ်စစ်ကိုသာသုံးရင်ပိုကောင်းပါတယ်။
ပီလောပီနံအမှုန့်မှရရှိသည့် ဘိုဘာအလုံးလေးများ
ဘိုဘာအလုံးလေးတွေဟာ နို့လက်ဖက်ရည်ထဲက တခြားပါဝင်ပစ္စည်းတွေနဲ့စာရင် ကျန်းမာရေးနဲ့သင့်တော်တဲ့ အရာလို့ ရေးပြဖို့ကလွယ်ပါတယ်။ ဒါပေမဲ့လည်း သေချာတွက်ဆကြည့်မယ်ဆိုရင် အဲဒီအလုံးလေးတွေမှာ သကြားပါဝင်မှုနှုန်းနဲ့ ကယ်လိုရီပမာဏတွေ များစွာရှိနေတာတွေ့ရမှာပါ။ ပီလောပီနံကနေပြုလုပ်ထားတာ ဖြစ်ပြီး ဖျော်ရည်ထဲထည့်သုံးဖို့ ချက်လိုက်တဲ့အခါမှာလည်း သကြားရည်တွေနဲ့ ရောစပ်ရတာကြောင့် အထွေအထူး ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။
ဘိုဘာမှထွက်ပေါ်လာသော ဒဏ္ဍာရီဆန်ဆန် မှားယွင်းတဲ့အချက်အလက်တချို့
ပြောရမယ်ဆိုရင် ကျွန်မတို့အရမ်းနှစ်သက်ကြတဲ့ ဒီသောက်စရာလေးက အဆိုးချည်းပဲရှိနေတာလည်း မဟုတ် ပါဘူး။ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ဘိုဘာမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ပတ်သက်ပြီး စစ်ဆေးတာတွေ အများကြီးပြုလုပ်ခဲ့ကြတယ်၊ ဒါပေမဲ့ မှားယွင်းတဲ့ပြောဆိုချက်တွေပဲ ထွက်လာတာများခဲ့ပါတယ်။ ဘိုဘာက ဘယ်လောက်တောင်ဆိုးရွားလဲဆိုပြီး ပြောထားကြတဲ့ ဒဏ္ဍာရီဆန်ဆန် မမှန်မကန်အချက်အလက်တချို့ကို အောက်မှာကြည့်ကြရအောင်နော်။
၁။ ပီလောပီနံမှုန့် ဘိုဘာအလုံးလေးတွေက ကင်ဆာရောဂါ ဖြစ်ပွားစေတယ်
၂၀၁၂ ခုနှစ်က ဂျာမန်လေ့လာမှုတစ်ခုမှာ ဘိုဘာမှာပါဝင်တဲ့ ပီလောပီနံမှုန့် ဘိုဘာအလုံးလေးတွေက ကင်ဆာ ရောဂါနဲ့ ဆက်နွှယ်နေပါတယ်လို့ ဖော်ပြထားတာတွေ့ခဲ့ရပါတယ်။ အဲဒီကိစ္စက တစ်ကမ္ဘာလုံးနီးနီး ရိုက်ခတ် သွားခဲ့ပြီး ဘိုဘာကိုအငမ်းမရ တောင်းတတ်တဲ့သူတွေတောင် လုံးဝမတောင်းတတော့လောက်တဲ့ အခြေအနေ အထိဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်း ထိုင်ဝမ်နိုင်ငံက စားသုံးသူကာကွယ်ရေးကော်မတီနဲ့ အမေရိကက အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA) တို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးမှ ဘိုဘာမှာ ကင်ဆာ ရောဂါဖြစ်ပွားစေတဲ့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ထုတ်ပြန်ပြီး အဆုံးသတ်ခဲ့ပါတော့တယ်။
အဲဒီအကြောင်းက မီဒီယာတွေမှာ ထပ်ဖောင်းပွသွားတဲ့အချိန်မှာတော့ ဂျာမန်လေ့လာမှုက ပြန်လည်သုံးသပ် ထုတ်ဝေတဲ့ဂျာနယ်ကနေတစ်ဆင့် ထုတ်ဝေလိုက်တာမဟုတ်ဘူးလို့ ဖြစ်သွားပါတော့တယ်။ အဓိပ္ပာယ်ကတော့ ဒီအငြင်းပွားဖွယ်ရာ လေ့လာမှုက ကျွမ်းကျင်ပညာရှင်တွေ အကဲဖြတ်ထားတာမဟုတ်ဘဲ ထုတ်ဝေမှုမပြုခင်မှာ တိကျတဲ့ စစ်ဆေးသုံးသပ်တာမျိုးတွေလည်း မလုပ်ခဲ့ဘူးဆိုတဲ့သဘောပါပဲ။
၂။ ဘိုဘာအလုံးလေးတွေက အစာအိမ်ထဲမှာ ကပ်ပြီးကျန်နေခဲ့တယ်
ဝမ်းချုပ်ဝေဒနာခံစားနေရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဗိုက်ထဲမှာ ဘိုဘာအလုံးတွေ ရာနဲ့ချီရှိနေပြီး အဲဒါတွေကလုံးဝ အစာမကြေနိုင်ဘူးလို့ x-ray နဲ့ရိုက်ပြထားတဲ့ဗီဒီယိုတစ်ခု အင်တာနက်မှာပျံ့လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ဘိုဘာအလုံးတွေက အစာကြေမလွယ်ဘူး၊ အစာအိမ်လမ်းကြောင်းအတွက် အန္တရာယ်ဖြစ်စေတဲ့ အရာတစ်ခုဆိုပြီး ဂယက်ထသွားပါတော့တယ်။
အဲဒီပြဿနာမျိုးဖြစ်လောက်အောင်ထိ ဘိုဘာနို့လက်ဖက်ရည် ပမာဏ အများကြီး သောက်ခဲ့တာဖြစ်မှာလို့ University of Pittsburgh Medical Center က အရေးပေါ်ဌာနဆရာဝန် Dr. Ryan Marino က အင်တာဗျူး တစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ သေချာကျိုချက်မထားတဲ့ ဘိုဘာက ကျိုချက်ထားတဲ့ဘိုဘာထက် အစာချေဖို့ ခက်ခဲတာလည်းပါတယ်လို့ သူကတော့ယုံကြည်ပါတယ်။
ဘိုဘာ၏ အာဟာရတန်ဖိုးများ
ဘိုဘာအလုံးလေးတွေကို ပီလောပီနံအမှုန့်ကနေ ပြုလုပ်တာဖြစ်ပြီး ၂၀ ရာစုအစောပိုင်းလောက်က ဂျပန်တွေ သိမ်းပိုက်ထားတဲ့ကာလအတွင်း ဘရာဇီးကနေ ထိုင်ဝမ်ကိုဆင်းသက်လာရာက အစပြုတယ်လို့သိရပါတယ်။ yuca လို့လည်း ခေါ်ကြပါသေးတယ်။
ပီလောပီနံက အဆီဓာတ်မပါဘူး၊ ကိုလက်စထရောကင်းတယ်၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တယ်။ ဒါပေမဲ့ အဲဒါတွေကြောင့်ပဲ ဘာဘယ်လ်တီးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာတစ်ခု ဖြစ်သွားစေရောလား။ အဲလိုတော့လည်း မဟုတ်ပြန်ပါဘူး။ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့အစားအသောက်တစ်ခုမို့ တကယ်လို့ ကိုယ် ကိုယ်တိုင်က ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအသောက်တွေကို လျှော့ချပြီးစားနေရတဲ့သူဆိုရင် မနက်စာအဖြစ် တော့ ဘာဘယ်လ်တီးတစ်ခွက် သောက်လိုက်တာ လုံးဝမကောင်းပါဘူး။ နောက်တစ်ချက်က သူ့ရဲ့ကုန်ကြမ်း ဖြစ်တဲ့ ပီလောပီနံအမှုန့်ကနေ ဘာဘယ်လ်တီးတစ်ခွက်ဖြစ်လာအောင် အဆင့်ဆင့်ပြုပြင်လိုက်တဲ့အခါမှာ နဂို ပီလောပီနံအမြစ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေက လျော့ကျကုန်တယ်ဆိုတာပါပဲ။ သတိထားစရာလေးပေါ့ နော်။
ဒါ့ထက် လက်ဖက်ရည်ဆိုတာကလည်း antioxidant နဲ့ flavonol တို့ပါဝင်တာကြောင့် ကျန်းမာရေးအကျိုး ကျေးဇူးများစွာထဲကမှ ကင်ဆာရောဂါကို တားဆီးကာကွယ်စေနိုင်တဲ့ ဓာတ်တွေအများကြီး ရှိနေပါသေးတယ်။
ဘိုဘာလက်ဖက်ရည်ထဲမှာရော ကဖိန်းဓာတ်ပါဝင်လား။
ဘိုဘာအလုံးလေးတွေက ကဖိန်းဓာတ်မပါဝင်အောင် ပြုလုပ်ထားတာမျိုးမဟုတ်တာကြောင့် ဒီအချက်ကတော့ သင်ရွေးချယ်တဲ့ လက်ဖက်ရည်အမျိုးအစားပေါ်မှာ မူတည်ပါလိမ့်မယ်။ Camellia sinensis လို့အမည်ရှိတဲ့ လက်ဖက်ပင်ကနေရတဲ့ လက်ဖက်ရွက်တွေမှာ အဖြူရောင်၊ အစိမ်းရောင်၊ အမည်းရောင်နဲ့ oolong အရွက်တွေ ရရှိပြီး သဘာဝအရတော့ အဲဒီလက်ဖက်ရွက်အမျိုးအစားတွေက ကဖိန်းဓာတ်ပါဝင်ပါတယ်။ ပိန်းဥ၊ နှမ်းမည်း၊ အသီးဖျော်ရည် ဒါမှမဟုတ် yakult နို့ချဉ်တို့လို ရွေးချယ်စရာတွေလည်း အများကြီးရှိလို့နေပါတယ်။
ဘိုဘာကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုဖျော်စပ်ကြမလဲ
ဒါဆိုရင် ဘိုဘာကိုအရမ်းစွဲလမ်းပြီး ဖြတ်မရနိုင်အောင်ဖြစ်နေတယ်၊ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် လည်း သောက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အောက်ကလွယ်ကူတဲ့ နည်းလမ်းလေးတွေကို တစ်ချက် လေ့လာပြီး ဖျော်စပ်ကြည့်မယ်ဆိုရင် စိတ်အေးအေးထားပြီး သောက်သုံးနိုင်မှာဖြစ်ပါတယ်။
၁။ ဘိုဘာကို အိမ်မှာကိုယ်တိုင် ဖျော်ကြည့်ပါ – ဘိုဘာအလုံးလေးတွေကို အိမ်ဝယ်လာပြီး ကိုယ်တိုင် ပြင်ဆင်ကျိုချက်ကြည့်ခြင်းက ဈေးသက်သက်သာသာနဲ့ များများစားစားရနိုင်တဲ့အပြင် ပြင်ဆင်ပုံမှာ လည်း အများကြီးထိန်းချုပ်နိုင်စွမ်းတွေ ပြလုပ်နိုင်မှာပါ။ ကျွန်မအခုအိမ်မှာ သုံးနေတဲ့အထုပ်တစ်ထုပ် ဆိုရင် ခွက်ရဲ့လေးပုံတစ်ပုံစာမှာ ၈၀ ကီလိုရီပဲပါဝင်ပါတယ်။ ပြီးတော့ သကြားရည်အစား ဘိုဘာမှာ လိုအပ်တဲ့အချိုအရသာအတွက် ပျားရည်ကိုသုံးလိုက်တယ်။ လက်ဖက်ရည်အတွက်တော့ အကြိုက်ဆုံး လက်ဖက်ခြောက်လေးကျိုပြီး နို့လေးနည်းနည်းရောလိုက်တာနဲ့ ကိုယ့်တစ်ကိုယ်စာအတွက် အရသာ လည်းရှိ၊ ကျန်းမာရေးလည်းညီညွတ်တဲ့ ဘိုဘာတစ်ခွက်ရလာမှာပါ။ ဒါလေးပါပဲ၊ လွယ်လွယ်လေးပါ။ ပြုပြင်စီမံထားတဲ့ ဆေးသကြားတွေလည်းမပါဘူး၊ ခရင်မ်မာတွေလည်း မလိုပါဘူး။
၂။ သကြားပါဝင်မှုနှုန်းကို ပြုပြင်ကြည့်ပါ – ဒါကသိပ်ပြီး အားစိုက်ထုတ်စရာကိစ္စတော့ မဟုတ်ပေမဲ့ သကြားလုံးဝမပါဝင်တဲ့ 0% သောက်စရာတစ်ခု လုပ်ဖို့ကလည်း လွယ်တော့မလွယ်ကူနေပါဘူး။ ဆေးသကြားအချို လုံးဝမပါဝင်တဲ့ ဘာဘယ်လ်တီးက အရမ်းခါးနေတယ်ဆိုရင် လက်ဖက်ရည်ရဲ့ အရသာကို ပေါ်ပေါ်လွင်လွင်လေး ခံစားမိစေလောက်တဲ့ထိပဲ သကြားကို ပမာဏများများသုံးနေရာ ကနေ နည်းနည်းချင်းစီလျှော့ချပြီး သုံးကြည့်ကြည့်ပါ။ အဓိကက လက်ဖက်ရည်ရဲ့အရသာကို ခံစားပြီး သောက်ဖို့ပဲလိုတာပါ (သကြားရဲ့အရသာ မဟုတ်ဘူးနော်)။ ကျွန်မကတော့ လက်ဖက်ရည်ကို ဘာမှ အဆာပလာတွေရောမထားတဲ့ ရိုးရိုးအရသာကို ကြိုက်တဲ့သူဆိုတော့ ဒါကကျွန်မအတွက်တော့ ထွေထွေထူးထူးလုပ်စရာ မလိုတဲ့အရာပါပဲ။
၃။ ခရင်မ်မာမထည့်ဘဲ မှာကြည့်ပါ – နို့လက်ဖက်ရည်တွေမှာသုံးကြတဲ့ ခရင်မ်မာတွေ ဟာ တကယ်တမ်းအဆီတွေပါဝင်ပြီး ကယ်လိုရီပမာဏအများကြီး ရှိနေပါတယ်။ ဂလူးကို့စ်နဲ့ အသီး အရွက်ကရတဲ့ အဆီတွေလည်း အပြည့်ပါပဲ။ တကယ်တမ်း ခရင်မ်မာလုံးဝမသုံးဘဲနဲ့ အရသာရှိရှိ သုံးဆောင်လို့ရမယ့် ဘိုဘာလက်ဖက်ရည်တွေလည်း ရွေးချယ်စရာအများကြီး ရှိနေပါတယ်။ အဲလိုတွေ စမ်းပြီးသောက်ကြည့်ရင်းနဲ့ အမြဲတမ်းသောက်နေကျ လက်ဖက်ရည်အရသာထဲက ခွဲထွက်ပြီး အရသာ အသစ်တွေတောင် မြည်းစမ်းကြည့်မိနိုင်ပါတယ်။
၄။ topping အသစ်အဆန်းတစ်မျိုးနဲ့ စမ်းသောက်ကြည့်ပါ – ဘိုဘာလက်ဖက်ရည်တွေမှာသုံးတဲ့ topping များစွာထဲကမှ ချိစ်အမြှုပ်တွေပါတဲ့ toping တွေက ကယ်လိုရီအများကြီး ပါဝင်နေပါတယ်။ အဲဒီအစား တခြား topping တွေဘာမှမထည့်တော့ဘဲ သူ့ထက်ကယ်လိုရီနည်းတဲ့ grass jelly လို ပူတင်းလို topping အသစ်အဆန်းလေးတွေနဲ့ စမ်းသောက်ကြည့်လိုက်ပါ။
၅။ ကျန်းမာရေးနဲ့ညီညွတ်အောင်ရောင်းတဲ့ ဘိုဘာဆိုင်တွေကို ရှာဖွေစူးစမ်းကြည့်ပါ – နေရာတော်တော် များများမှာ နာမည်ကြီးနေတဲ့ ဘာဘယ်လ်တီးဆိုင်တွေရဲ့ ပြဿနာတစ်ခုက သူတို့ရောင်းချပေးရတဲ့ brand (ကုန်အမှတ်တံဆိပ်) ပေါ်လွင်စေဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်းတစ်ခုကို လိုက်ပြီးပဲရောင်း ချပေးနေရတာပါ။ စားသုံးသူတွေဘက်က စိတ်ကြိုက်ရွေးချယ်လို့ရအောင် ပေးထားတာမျိုးသိပ်မရှိဘူး။ တစ်ချို့ဘိုဘာဆိုင်တစ်ဆိုင်ဆိုရင် သူတို့ဖျော်ပေးတဲ့ ဘာဘယ်လ်တီးတွေထဲ မှာ တကယ့်နွားနို့စစ်စစ်ကိုသုံးတယ်၊ သူတို့ဆိုင်လုပ်ဖြစ်တဲ့ ပျားရည်ကိုသုံးတယ်။ အဆီနည်းတာမျိုး သောက်ချင်တယ်ဆိုရင်လည်း အယ်လ်မွန်တို့ ပဲပိစပ်တို့နဲ့လုပ်ထားတဲ့ အဆီဓာတ်မပါဝင်တဲ့နို့တွေ သုံးပေးပါတယ်။
#tastewindowmagazine
#ဘိုဘာတီး
ဘာသာပြန်တင်ပြသည်။