
ပွဲလမ်းတွေမှာတွေ့ရလေ့ရှိတဲ့ ပန်းရောင်၊ အပြာရောင်စသဖြင့် အရောင်လွင်လွင်နဲ့ ပွမွနေတဲ့ အာတာပူစီကို အင်္ဂလိပ်လို Cotton Candy လို့ခေါ်တာဆိုတော့ သကြားပိုးမျှင်မုန့်လို့ခေါ်ရင် ကောင်းမလားပဲနော်။ သိကြတဲ့အတိုင်း အာတာပူစီမှာ သကြားတစ်ခုတည်းပဲ အဓိကပါဝင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အဲဒီမုန့်ကို အရောင်ဆိုးတာအပြင် အနံ့ထည့်တာတွေလည်း လုပ်ကြပါတယ်။
အိမ်သုံးသကြားဟာ ဓာတုဗေဒနည်းဖြင့်ဖြစ်ပေါ်လာပြီး သဘာဝအတိုင်း အပွင့်လိုက်ရှိနေတဲ့ သလင်းကျောက်ပုံစံ ရှိပါတယ်။ ဒါဆိုရင်ဘယ်လိုကြောင့်များ အာတာပူစီကျတော့ အမျှင်လေးတွေဖြစ်ပြီး တိမ်စိုင်တွေလို ဖြစ်နေရတာပါလိမ့်။ ကောင်းပါပြီ။ ဒါကပွဲခင်းထဲက မျက်လှည့်တော့မဟုတ်ပါဘူး၊ သိပ္ပံပညာပဲဖြစ်ပါတယ်။ သကြားတွေကို အာတာပူစီမုန့်လုပ်တဲ့စက်ရဲ့အလယ်ကို လောင်းထည့်လိုက်ပြီး အရည်အပျော်မှတ် ၁၈၅ ဒီဂရီ နားလောက်ထိထားပြီး အပူပေးလိုက်ပါတယ်။ သလင်းကျောက်ပုံစံ အစိုင်အခဲသကြားတွေဟာ သီးခြား သကြားမော်လီကျူးတွေအဖြစ် စတင်ပြိုကွဲလာပြီး ဒြပ်နှောကလည်း သကြားအရည်အဖြစ် စတင် အရည်ပျော်ပါတော့တယ်။ အာတာပူစီလုပ်စက်တွေဟာ တကယ်ကိုကြီးမားတဲ့ စက်ဒလက်ကြီးတွေဖြစ်ကြပါတယ်။ အလယ်မှာ အပေါက်ငယ်များပါရှိသည့် ခွက်တစ်ခုရှိပြီး တစ်စက္ကန့်လျှင် အပတ်ပေါင်း ၆၀ နှုန်းဖြင့် လည်ပါတယ်။ အဲ့ဒီနောက် အရည်ပျော်နေတဲ့သကြားရည်တွေကို အပေါက်တွေကတစ်ဆင့် ပြင်ပတွန်းအားပေးလိုက်တဲ့အခါ ထိုသကြားရည်တွေဟာ ခွက်ရဲ့အပြင်ဘက်ကို စုဝေးပြီးရောက်ရှိလာပါတယ်။ ၎င်းက တကယ့်ကိုပါးလွှာတဲ့ သကြားမျှင်လေးတွေ ဖန်တီးပေးလိုက်ပါတယ်။ အချင်း ၅၀ မိုက်ခရိုမီတာလောက်ရှိပါတယ်။ အရမ်းပါးလွန်းတာကြောင့် အဲဒီသကြားတွေက ချက်ချင်းအေးသွားပြီး တဖန်ပြန်ခဲသွားပါတယ်။ အဲဒီအချိန်မှာ သကြားမျှင်တွေကို တုတ်တစ်ချောင်းနဲ့ ပိုးချည်မျှင်အစုအဝေးကြီးတစ်ခုလိုဖြစ်သွားအောင် စုယူလိုက်မယ်ဆိုရင် အာတာပူစီ (သကြားပိုးမျှင်မုန့်)ကို ရပါတယ်။