
မြန်မာနိုင်ငံရှိ ကုန်တိုက်ကြီးများနှင့် လူစည်ကားသည့် မြို့ပြဈေးကွက်များတွင် အရည်အသွေးနှင့် စံချိန်စံညွန်းကောင်းသည့် သစ်သီးဝလံများစွာကို ရောင်းချနေကြသည်။ ဒူးရင်း၊ ကျွဲကော၊ စပျစ်သီး၊ ထောပတ်သီး၊ သစ်ကြားသီး၊ လိမ္မော်၊ ပန်းသီးမျိုးစုံနှင့် သကြားသီးကိုလည်း တွေ့ရသည်။ အဆိုပါ သစ်သီးများသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ ရေမြေကိုက်ညီသော ဒေသများတွင် စိုက်ပျိုးထွက်ရှိနေသော်လည်း အရည်အသွေးမမှီ၊ အရသာမညီ၊ အရွယ်အစား မဖွံ့ထွား၍ တန်းတူဈေးကွက် မရရှိကြပါ။ လိုအပ်ချက်မှာ နည်းပညာနှင့် ငွေကြေး၊ စက်မှုပိုင်းဆိုင်ရာတို့ ဖြစ်ပါသည်။
သကြားသီးသည် ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်များကဲ့သို့ အေးမြစွတ်စို၊ ပူအိုက်မှုရှိသော ဒေသများ၊ မိုးရေချိန်လက်မ ၄၀ မှ လက်မ ၁၀၀ ရှိသော ဒေသများတွင် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံတွင် တစ်နှစ် နှစ်ကြိမ် အသီးသီးသည်။ မတ်လ၊ ဧပြီလတွင် နွေသီးနှင့် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် မိုးသီးတို့ သီးနေပါသည်။ မိုးရာသီတွင် အသီးပိုသီးသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေသုံးထောင်ကျော်တွင် အပင်ဖြစ်ထွန်းသော်လည်း အရည်အသွေးကောင်း အဆင့်မြင့်အသီးကို ပေနှစ်ထောင်ကျော်တွင် ရရှိသည်။
သကြားသီး (SAPOTA)ဟု သိကြသော်လည်း အချို့ဒေသတွင် SA PODILLA PLUM ဟု ခေါ်ကြသည်။ သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွင် အပင်၏ မူရင်းဒေသမှာ အနောက်အိန္ဒိယကျွန်းစု၊ ဂျမေကာကျွန်းဖြစ်သည်။ ပေလေးဆယ်ခန့်မြင့်သော အမြဲစိမ်းအပင်ဖြစ်သည်။ အပင်ပုံသဏ္ဍန်နှင့် ခွဲခြားလျှင် ပင်ထောင်မျိုး၊ ပင်ပြန့်မျိုး, မထောင်မပြန့် ကြားကျသောမျိုးနှင့် ပင်ပြန့်အညံ့စားမျိုးဟူ၍ လေးမျိုးရှိသည်။ အသီးပုံသဏ္ဍန်နှင့်ခွဲခြားလျှင် ဘဲဥပုံ (oval shape) မျိုးနှင့် အသီးလုံးပုံ (Round shape) ဟု နှစ်မျိုးရှိသည်။ စားသုံးရာတွင် ဘဲဥပုံ သကြားသီးမှာ အရသာချို၍ အသားနူးညံ့သည်။ အလုံးဝိုင်းမျိုးသည် အရသာကောင်းသော်လည်း အချိုပေါ့၍ အသားကြမ်းသည်။ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးမှသာ အရသာ၊ အချိုပါဝင်မှုကောင်းပြီး အခွံအရောင်ဝါ၍ နူးညံ့သော ထောပတ်အရသာနှင့်တူသော အသီးရရှိသည်။ မထောင်မပြန့်မျိုးနှင့် ပင်ပြန့်အညံ့မျိုးမှ စံမှီအရသာမရှိ အသီးသေးငယ်၍ အခွံကြမ်းပြီး အခွံအညိုရောင်ရှိသည်။ ထို့ကြောင့် စိုက်ပျိုးမည့်မျိုး ရွေးချယ်မှုကလည်း ဈေးကွက်နှင့် စားသုံးသူအကြိုက် အရေးကြီးပါသည်။
အစေ့မှ စိုက်ပျိုးသော သကြားသီးပင်သည် စိုက်ပျိုးပြီး ၈ နှစ်၊ ၁၀ နှစ်မှ သီးသည်။ ကိုင်းဆက်အပင်များသည် စိုက်ပြီး ၂ နှစ် မှ ၃ နှစ်တွင်း အသီးရသည်။ အသီးပိုမိုသီးသည်မှာ အစေ့စိုက်ပင်များ ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးနည်းကလည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ကိုင်းဆက်အပင်များဖြင့် စိုက်ပျိုးမှုနည်းသည်။ နည်းပညာအောင်မြင်မှုအပိုင်းတွင် လိုအပ်ချက်ရှိနေသေးသည်။ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် သကြားသီးပင်ကို မြေထုတ်စီးနည်းဖြင့် ကိုင်းဆက်အပင်အဖူး မြှုပ်သွင်းသည့် ကိုင်းဆက်အပင်များကို အများဆုံးစိုက်ပျိုးကြသည်။ အသီးသီးချိန်မှာလည်း တစ်နှစ်သုံးကြိမ် အသီးခူးရသည်။ ပထမအသီးသည် စက်တင်ဘာလ၊ အောက်တိုဘာလ၊ ဒုတိယအသီးသည် ဇန်နဝါရီလနှင့် တတိယအသီးသည် ဧပြီလ၊ မေလတို့ဖြစ်သည်။ နွေသီးထက် မိုးရာသီသီးချိန်သီးသည့် မိုးသီးက ပို၍ အထွက်များသည်။ ရာသီဥတုကလည်း အပင်ဖြစ်ထွန်းမှု အသီးများများသီးမှု၊ အရသာရှိမှုတွင် အရေးကြီးလှပါသည်။
ကိုင်းဆက်ပင်များသည် စတင်သီးသည့် ၂ နှစ်သားအရွယ်တွင် တစ်ပင်မှ သကြားသီးအလုံး ၅၀ ကျော် သီးနိုင်သည်။ အပင်သက်တမ်းကြီးလာလျှင် အသီးသီးမှု ပိုများလာသဖြင့် ၁၀ နှစ်ကျော်လျှင် တစ်ပင်မှ အလုံး ၁၅၀၀ ကျော် ရရှိသည်။ ဥယျာဉ်ခြံသီးနှံအပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ ဒူးရင်းတို့ကဲ့သို့ သကြားသီးပင်ကလည်း အသီးသီးမှု များသောနှစ် (on year) နှင့် အသီးနည်းသောနှစ် (off year) ရှိပါသေးသည်။ တစ်နှစ် နှစ်ကြိမ် (နွေ/မိုး) သီးသည်။ သကြားသီးခူးချိန်အမှန်သည် အသီးခွံကြမ်းလာချိန်၊ အရောင်ညိုမှိုင်းချိန် ရင့်မှည့်ခါနီး ခူးရသည်။ အသီးခူးပြီး ဂုန်နီအိတ်၊ မြေအိုးများတွင် ၂ ရက်၊ ၃ ရက် ထည့်ပြီး ဖုံးအုပ်ထားပါက အသီးပျော့လာလျှင် မှည့်လာပြီဖြစ်သောကြောင့် အခွံခွာ အသားစားလိုက်လျှင် အရသာအမှန် ရရှိပါသည်။ အသီးအလေးချိန် တစ်အောင်စအရွယ် အသီးတွင် အသားထူပါရှိမှု ၂ ရာခိုင်နှုန်းခန့်သာရှိပြီး အသီး ရှစ်အောင်စအရွယ်ကြီးလာလျှင် အတွင်းသား ၇၀ ရာခိုင်နှုန်းခန့် ရှိလာသည်။ အသီးကို ကြာကြာအထားခံမှု၊ မှည့်မှုမှာ အပူချိန်နှင့် သက်ဆိုင်နေပါသေးသည်။ ၁၅ မှ ၅၆ ဒီဂရီဖာရင်ဟိုက်တွင် မှည့်မှုကောင်း၍ ၄၅ ဒီဂရီဖာရင်ဟိုက်တွင် မမှည့်နိုင်တော့ပေ။ အသီးမှည့် ကြာကြာထားရှိလိုပါက ၃၂ မှ ၃၅ ဒီဂရီဖာရင်ဟိုက်တွင် နှစ်လနီးပါးထားရှိနိုင်သည်။
သကြားသီးပင်များသည် အပင်ကြီးမျိုးဖြစ်သဖြင့် တစ်ပင်နှင့်တစ်ပင် ပေသုံးဆယ်အကွာဖြင့် စိုက်ကြပြီး တစ်ဧကအပင် (၄၈) ပင် စိုက်ပျိုးနိုင်သည်။ တစ်ပင် ပျမ်းမျှ အသီး ၇၀၀ ကျော် သီးနိုင်ပါသည်။ ၁၅ နှစ်သားအပင်တွင် တစ်ပင် အသီးနှစ်ထောင် သီးသည်။ ဈေးကွက်တွင် အသီးအရွယ်အစား အကြီး၊ အလတ်၊ အသေး သုံးမျိုးခွဲခြား ရောင်းကြသည်။ မြန်မာနိုင်ငံတွင် မြေဩဇာကောင်း၍ ရာသီဥတုမျှတသော ရှမ်းပြည်နယ်တွင် သကြားသီးပင်များ စိုက်ပျိုးထွက်ရှိနေပါသည်။ သို့သော် ပြည်ပသကြားသီးများနှင့် နှိုင်းယှဉ်လျှင် အဆင့်မြင့် ပြည်တွင်းဈေးကွက် မဝင်နိုင်သေးပါ။
သကြားပင်စိုက်ပျိုးလျှင် ဒေသ၊ ရာသီဥတု၊ ရေမြေမှန်ကန်အောင် ရွေးချယ်စိုက်ပျိုးကြရသည်။ မြေသားထုနက်ထူ၍ မြေဩဇာကောင်းသော သဲနုံးမြေ၊ ရေမဝပ်သောမြေ စိုက်ပျိုးရသည်။ မိုးဦးကျစိုက်ပျိုးပြီး အပင်သန်လာချိန်၊ အပင်ကြီးချိန်တွင် ရာသီဥတုပူပြင်းက ရေသွင်းပေးရသည်။ ကိုင်းဆက်ကိုင်းကူးရာတွင် အောက်ခံအပင်ကို သင်္ဘော၊ ခရေပင်နှင့် ကိုင်းဆက်လျှင် သီးထွက်ကောင်းသောအပင် ရရှိသည်။ ကိုင်းခြောက်၊ ကိုင်းသေ၊ ဖြတ်တောက်ရှင်းလင်းပေးရသည်။ ကျိုင်းကောင်၊ ရွက်စားခူများ ကျရောက်မှုထက် သကြားသီး သီးချိန်၊ မှည့်ချိန်တွင် လင်းနို့၊ လင်းဆွဲအများဆုံးလာရောက်ဖျက်စီးမှုများက ဆိုးဝါးဆုံးဖြစ်သည်။ အပင်ရောဂါမှာ အသီးခြောက်၊ အသီးကြွေကျသော (Fruit Dry Rot) ရောဂါဖြစ်တတ်သည်။
မြန်မာနိုင်ငံ၏ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုသည် မြေမှအစ မတူကွဲပြားသော ဥတုရာသီရှိသည်။ မြေဩဇာကောင်းသော ရေမြေများပြားသဖြင့် ရေခဲဖုံးလွှမ်းသောဒေသမှ သဲကန္တာရဆန်သော ဒေသအထိ ရှိသကဲ့သို့ ကျယ်ပြန့်သော လွင်ပြင်မှ မြင့်မားသောတောင်တန်းများလည်း ရှိနေသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများတွင် အပူပိုင်း၊ သမပိုင်း၊ အအေးပိုင်း သီးနှံမျိုး အမည်စုံစိုက်ပျိုး ဖြစ်ထွန်းနေသော အခွင့်အလမ်းထူးထူးခြားခြားရှိနေသဖြင့် ပြည်ပမှ စဉ်ဆက်မပြတ်ဝင်ရောက်နေသော သီးနှံများနေရာတွင် တန်းတူနီးပါးသင့်တင်လျောက်ပတ်သော အရည်အသွေးရှိသည့် ဥယျာဉ်ခြံသီးနှံပင်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအဘက်ဘက်မှ ကူညီဆောင်ရွက်အားပေးသင့်ပါသည်။
သကြားသီးပင်အကြောင်းတော့ သိကြပြီ။ အသီးကို စားသုံးမှုတစ်ခုတည်းလား။ မဟုတ်ပါ။ သကြားသီးအပင်ကြီးမှ ပရိဘောဂပြုလုပ်သည့် သစ်သားရပါသည်။ အပင်မှ အစေးထွက်ပါသည်။ အဆိုပါ အစေးကို ပီကေ ပြုလုပ်ပါသည်။ ကာလကြာလာသောအခါ ပီကေပြုလုပ်နိုင်သော အစေးထွက်သည့် အပင်များ များစွာရရှိလာသောအခါ အသုံးပြုမှုနည်းလာတော့သည်။