
by May’s Healthy Food for Food Magazine
Food Magazine ပရိသတ်အားလုံး မင်္ဂလာပါနော်။ ဒီလအတွက်တော့ ကလေးတွေအကြိုက် အာဟာရပြည့်တဲ့ ထမင်းနဲ့ပဲ စားစား၊ ဒီအတိုင်းသရေစာအဖြစ်ပဲ စားစား အဆင်ပြေတဲ့ အစားအစာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်။ တချို့ကလေးတွေက အသားကျွေးရတာခက်တဲ့အတွက် ဒီလိုအသားကို ပုံစံပြောင်းကျွေးမယ်ဆိုရင်တော့ ကလေးတွေနှစ်သက်ကြမှာ သေချာပါတယ်။ ပရိုတင်းကလည်း ကလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်တဲ့အာဟာရတစ်ခုပါ။ ပရိုတင်းကို ကဆီဓာတ်ပါတဲ့ အာလူးလေးနဲ့ ရောလိုက်တဲ့အခါ တစ်မျိုးတည်းနဲ့ အာဟာရ ၂ မျိုးကို ရစေမှာပါ။ အကြော်အလှော်တွေကို နေ့တိုင်းကျွေးတာထက် တစ်ပတ်ကို ၂ ကြိမ်လောက်သာ ကျွေးသင့်တယ်ဆိုတာကိုတော့ အကြံပြုချင်ပါတယ်။
အရင်ဆုံး အမဲသားကို Pressure Cooker နဲ့ ချက်ပါမယ်။ အာလူးအလုံးသေး ၅ လုံးကိုလည်း နူးအောင်ပြုတ်ရပါမယ်။
အမဲသားချက်ရန်
အမဲသား – ၂၅ ကျပ်သား (ရေဆေး၊ အတုံးသေးလေးတွေ တုံးပါ)
ပဲငံပြာရည်အနောက် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ဂျပန် ပဲငံပြာရည်အကြည် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ခရုဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ချင်း – လက်တစ်ဆစ် (ခြစ်ထည့်)
ကြက်သွန်ဖြူ – ၅ မြွှာ (အနှစ်ရအောင် ခြစ်ထည့်)
ကြက်သွန်နီဥသေး – ၃ လုံး (၄ စိတ်စိတ်ပါ)
ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ပါဝင်ပစ္စည်းတွေအားလုံးထည့်ပြီး မွှေးလာအောင် လုံးပြီးမှ ရေနည်းနည်းထည့်ပါ။ပရက်ရှာနဲ့ နူးနေအောင် ချက်ထားပြီး အအေးခံပြုတ်ထားတဲ့ အာလူးဖြင့် ရော၍ ကြိတ်စက်ဖြင့် စေးနေအောင် ကြိတ်ပါ။ (သို့) ထောင်းပါ။
၂။ ထောင်းပြီး ရလာတဲ့ အာလူးအမဲသားကို ထမင်းစားဇွန်း ၁ ဇွန်းပမာဏလောက် ယူပြီး ပြားထားပါ။
၃။ – ဂျုံမှုန့် အနည်းငယ်
– ကြက်ဥ ၂ လုံးကို ခလောက်ထားပါ။
– ပေါင်မုန့်ခြောက် လိုသလောက်
– ကြော်ရန်ဆီ
၎။ အမဲသားပြားကို ဂျုံကပ်ပြီး ကြက်ဥမှာနှစ်၍ ပေါင်မုန့်ခြောက်ကပ်ကာ ဆီပူပူမှာ မီးအလယ်အလတ်ဖြင့် ရွှေရောင်သန်းလာအောင် ကြော်ပြီး ဆီစစ်ထားပါ။
* မရောနိစ် ခရမ်းချဉ်သီးဆော့စ်တို့ဖြင့် တွဲဖက်၍ ကလေးကို ကျွေးမည်ဆိုလျှင် အာဟာရလည်းပြည့်ပြီး ကလေးလည်း ကြိုက်နှစ်သက်မှာပါ။
* အပ်မှိုလေးကိုတော့ ဆားလေးနည်းနည်း၊ ငရုတ်ကောင်းလေးနည်းနည်းနဲ့ ထောပတ်လေးနဲ့ လှိမ့်ကြော် ပေးထားတာဖြစ်ပါတယ်ရှင်။