
အာလူးပေါင်မုန့် (Light Bread)
ခုလ ကလေးငယ်နဲ့မီးဖိုချောင်ကဏ္ဍမှာတော့ နာမည်ကျော် KFC စားဖိုမှူးကြီး Col.Harland Sanders ရဲ့ Light Bread လုပ်နည်း တင်ဆက်လိုက်ပါတယ်။
ပြီးခဲ့တဲ့သုံးနှစ် ၂ဝ၁၃ ခုနှစ် မေလ ၁၁ ရက်နေ့တုန်းက “မြန်မာပြည်တွင် ပထမဦးဆုံးသော KFC အရသာ” (The first taste of KFC in Myanmar) အရသာမြည်းစမ်းပွဲကို မြန်မာပြည်ရှိ PR ကုမ္ပဏီတစ်ခုမှ စီစဉ်ကျင်းပရာ Food Magazine တက်ရောက်ခဲ့ရတယ်။ ထိုပွဲသို့တတ်ရောက်ရင်း KFC တည်ထောင်သူ KFC အရသာကိုဖန်တီးသူ နာမည်ကျော်စားဖိုမှူးကြီး Col.Harland Sanders ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိစာအုပ် လက်ဆောင်ရခဲ့ပါတယ်။ ခုလုပ်ပြတဲ့ Light Bread အာလူးပေါင်မုန့်ကတော့ အဲဒီစာအုပ်မှာပါတဲ့ မုန့်လုပ်နည်းများကို လေ့လာရင်း လိုက်လုပ်ဖြစ်ခဲ့တဲ့ ပေါင်မုန့်ပါ။ ပေါင်မုန့်ဆိုတဲ့အတိုင်း ဂျူံတွေနဲ့ အလုပ်လုပ်ရတာဆိုတော့ ကလေးငယ်များအတွက်တော့ ဒိုးသားနယ်ရတာအကြိုက်ပေါ့။ လုပ်နည်းကို ကြည့်ကြရအောင် . . . ။
► ပါဝင်ပစ္စည်းများ
♦ ခြေထားသောအာလူး (Mashed Potatoes) – ၁ဝဝ ဂရမ်
♦ ပေါင်မုန့်ဂျူံ – ၃ဝဝ ဂရမ်
♦ Yeast – ၇ ဂရမ်
♦ သကြား – ၅ဝ ဂရမ်
♦ Shortening – ၇၅ ဂရမ်
♦ နွားနို့ – ၁၂ဝ မီလီလီတာ
♦ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အာလူးပြုတ်ရန် ၁ ဇွန်း)
► ပြုလုပ်ပုံ
၁။ ပေါင်မုန့်ဖုတ်ရန်ခွက် Loaf Pan (၈၁/၂ x ၄/၁၂ လက်မ) ဆီစိမ်စက္ကူခင်း အသင့်ပြင်ထားပါ။
၂။ Mashed Potatoes ပြုလုပ်ရန် အာလူးများကို အခွံပြောင်အောင်ခွာ ရေးဆေးသန့်စင်ပြီး အိုးတစ်လုံးတွင် ရေမြုပ်အောင်ထည့်၊ ဆားထည့်ပြီး အာလူးများနူးသည်ထိ မီးအနေတော်ဖြင့်ပြုတ်ပါ။ မိနစ် ၂ဝ၊ နာရီဝက်ခန့် ကြာနိုင်ပါသည်။ ထို့နောက် အာလူးနူးသောအခါ ခြေတံနှင့်ခြေပါ။ ၁ဝဝ ဂရမ် အသုံးပြုရပါမည်။
၃။ Saucepan အိုးတစ်လုံးထဲသို့ နွားနို့ထည့်ပြီး မီးအနေတော်ဖြင့်ကျိုပါ။ ဆူအောင်မကျိုရပါ။ ပူလာလျှင်ရပါပြီ။ အတိကျပြောရရင် မီးဖိုချောင်သုံး သာမိုမီတာနဲ့တိုင်းကြည့်ရင်၁၈ဝ ဖာရင်ဟိုက်ရောက်ရင်ရပါပြီ။ လက်နဲ့စမ်းကြည့်နိုင်တဲ့ အနေထားဆိုရပါတယ်။ မီးဖိုမှချပြီး အအေးခံပါ။
၎။ နွားနို့ခပ်နွေးနွေးအနေထားမှာ လျှပ်စစ်မွှေစက်ဇလုံ (Electric Mixer Bow) ထဲသို့ ပြောင်းထည့်ပါ။ ထို့နောက် သကြား၊ Yeast တို့ထည့်ပြီး ၁ဝ မိနစ်လောက်ထားပါ။ Yeast များ အမြုပ်ထလာပါလိမ့်မည်။ ထို့နောက် ဂျူံ၊ Shortening ၊ ဆားတို့ထည့်ပြီး Electric Mixer Hook ဖြင့် မွှေပါ။ မိနစ် ၂ဝ၊ နာရီဝက်လောက် ကြာအောင်မွှေပါ။ ဂျူံသားအရောကို လက်နှစ်ဖက်ဖြင့် ဖြန့်ဆွဲကြည့်လို့ ပြတ်မထွက်ဘဲ ဂျူံသားချောမွေ့နေရင် ရပါပြီ။ ပြီးနောက် ဂျူံသားကို လက်ဖြင့်အလုံးပုံစံလုပ်ပြီး ဇလုံတစ်ခုဖြင့် လေလုံအောင်အုပ်ပြီး အပွခံရပါမည်။ တစ်နာရီခန့်အပွခံ ပြီးသောအခါ နဂိုအရွယ်ထက် ၂ ဆ ပွတက်လာပါမည်။ ထို့နောက် လက်ဖြင့် အသာအယာဖိချပြီး ဒိုးသားကို ဘဲဥပုံစံလုပ် (ပုံတွင်ဖော်ပြထားပါသည်) အသင့်ပြင်ထားသော Loaf Pan ထဲတွင် ထည့်ပါ။ ဒိုးသားတစ်ဝက် အပြည့်သာရှိရပါမည်။ နဂိုအရွယ်ထက် ၂ ဆပွလာသည်အထိ ထပ်အပွခံပါ။ ထို့နောက် ထောပတ်အနည်းငယ်ဖြင့် အပေါ်မှစုတ်တံဖြင့်သုတ်ပေးပါ (အပေါ်မှအရောင်လှစေရန်)။ ၂ဝဝ စင်တီဂရိတ် အပူချိန်ရှိသော Oven တွင် မိနစ် ၃ဝ လောက်ဖုတ်ပါ။ ရွှေဝါရောင်သန်းလာရင် Light Bread ရပါပြီ။
by Food Magazine