ရေခဲချောင်း

 by May’s Healthy Food for Food Magazine

          အခုတစ်လော နေ့ဘက်တွေဆိုရင် ရာသီဥတုက ပူလာတာမို့ အေးအေးလေးတွေပဲ စားချင်လာတယ်။ ရေခဲချောင်းဆိုရင် လူကြီး၊ လူငယ်မရွေး ကြိုက်ကြတယ်နော်။ ကလေးတွေကတော့ အသည်းစွဲပေါ့။ နောက်ပြီး ဈေးထဲမှာ ဆန်းကစ်သီးတွေလည်း ဝယ်လို့ရနေတော့ ဖျော်ရည်ဖျော်သောက်ဖို့ ဝယ်ရင်း ရေခဲချောင်းလေး လုပ်ကျွေးချင်လာတယ်။ အပြင်က ရေခဲချောင်းတွေက မသန့်တော့ ကလေးအတွက် ချောင်းဆိုးရင်ကျပ် ဖြစ်လာစေနိုင်တာမို့ အိမ်မှာ လုပ်တာကတော့ စိတ်အချရဆုံးပေါ့။

          ဆန်းကစ်တစ်မျိုးတည်း မစားချင်တာနဲ့ စပျစ်ဖျော်ရည် ရယ်ဒီမိတ်ဘူးကို သုံးပြီး ရေခဲချောင်းလေး လုပ်လိုက်သေးတယ်။ အဲဒါကတော့  ကိုရီးယားနိုင်ငံထုတ် ၁၀ဝ% စပျစ်ဖျော်ရည်ပါ။ ချောင်းလည်း မဆိုးဘူး။ သကြားပါဝင်တဲ့ ပမာဏလည်း နည်းတာမို့ သဘောကျတယ်။ လုပ်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ဆန်းကစ်သီး  –  ၅ လုံး (အရည်ညှစ်ပြီး အစေ့ဖယ်ပါ)

သကြား  –  စားပွဲဇွန်း ၁/၂ ဇွန်း

သံပရိုရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

          ပါဝင်ပစ္စည်းတွေကို ဖျော်စက်ထဲ ထည့်မွှေပြီး ရေခဲချောင်းမိုထဲထည့်ကာ အခဲခန်းထဲမှာ ညကတည်းက ထည့်ထားလိုက်တယ်။

စပျစ်သီးရေခဲချောင်းအတွက်

အသင့်စပျစ်ဖျော်ရည်  –  ၅၀ မီလီ

သံပရိုရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

          ပါဝင်ပစ္စည်းတွေကို ဖျော်စက်နဲ့လှည့်ပြီး ရေခဲချောင်းမိုထဲထည့်ကာ အခဲခန်းထဲမှာ တစ်ညသိမ်းထားတယ်။

ပြုလုပ်နည်း

          ကိုယ်ကြိုက်တဲ့အသီးတွေကို ရေခဲချောင်းလုပ်ရင် သံပရိုရည်ထည့်မှ အရသာပိုရှိပါတယ်။ သကြားအချိုးကတော့ အဆင်ပြေသလို ထည့်လို့ရတယ်။ ဒိန်ချဉ်ရေခဲချောင်း၊ စတော်ဘယ်ရီရေခဲချောင်း စသည်ဖြင့် အိမ်မှာ ကလေးတွေအတွက် လုပ်ပေးတဲ့အခါ ကလေးတွေက အသီးရိုးရိုးစားရတာထက် ပိုစိတ်ဝင် စားကြတယ်။ သကြားအချိုတော့ အများကြီးမထည့်ဖို့၊ လတ်ဆတ်တဲ့အသီးတွေ အသုံးပြုဖို့တော့ လိုအပ်တာပေါ့နော်။ကလေးအတွက်သုံးတာမို့ ဘာမှမရောစပ်ဘဲ လုပ်ရတာကြောင့် ခဲချိန်ကြာပါတယ်။ တုတ်ကို အတင်းဆွဲမထုတ်ဘဲ  ရေနွေးခွက်ထဲ စိမ်ထားရင်း ဆွဲထုတ်ပါနော်။

          ရာသီဥတုပူပူမှာ ရေခဲချောင်းအေးအေးလေးစားပြီး အေးချမ်းကြပါစေ။

Facebook Comments