ရွှေထမင်း

by May’s Healthy Food for Food Magazine

          ဒီလတော့ ရေးနေကျပုံစံမဟုတ်ဘဲ မြန်မာမုန့်တွေထဲက ရွှေထမင်းလုပ်နည်းလေး ရေးပေးမယ်နော်။ မြန်မာမုန့်တွေကလည်း ကလေးတို့စားလို့ အဆင်ပြေတဲ့ သရေစာလေးတွေဆိုတာ သိစေချင်တာရယ်၊ အိမ်က သမီးက မြန်မာမုန့်တွေ သိပ်မစားဖူးတော့ လုပ်ကျွေးဖြစ်သွားတာပါ။ မြန်မာမုန့်ကို ကလေးအတွက် အပြင်မှာ ဝယ်မကျွေးဘဲ ကိုယ်တိုင်လုပ်ကျွေးနိုင်ရင်တော့ စိတ်ချရပါတယ်။ အချိုကို လိုအပ်သလို အတိုးအလျှော့ ပြုလုပ်လို့လည်း ရပါတယ်။ မြန်မာမုန့်တွေကို ကလေးငယ်တွေနဲ့ ရင်းနှီးအောင် အတူတူလုပ်လို့လည်း အဆင်ပြေအောင်၊ လုပ်ရတာ မခက်ဘဲ ကလေးတွေရဲ့ လက်သန်မာအောင်နဲ့ လေ့ကျင့်ပြီးသားဖြစ်အောင်လို့ မီးဖိုချောင်နဲ့ မစိမ်းအောင် လုပ်ရတာလွယ်ကူတဲ့ ရွှေထမင်းကို ရွေးချယ်ပေးထားတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့-

ကောက်ညှင်းဆန်  –  ၁ ပြည်

မုန့်လုပ်ထန်းလျက်  –  ၁ ပိဿာ

အုန်းသီး  –  ၁ ခြမ်း (ခြစ်ပြီးသား)

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ညကတည်းက ဆန်ကို ရေဆေး၍ စိမ်ပြီး ပေါင်းပါ။

၂။       ထန်းလျက်ကို ညောင်စေးကျအောင် ဆားအနည်းငယ်ထည့်ကျိုပြီး ခဲ၊ သလဲနှင့် အမှိုက်များမပါအောင် အဝတ်စဖြင့် နှစ်ခါလောက်စစ်ပြီးလျှင် ပေါင်းထားသော ကောက်ညှင်းဖြင့် ရောမွှေပါ။

၃။       ကောက်ညှင်းနှင့်ထန်းလျက် သမလျှင် ဆီသုတ်ထားသော ဗန်းထဲထည့်ပြီး ညီညာအောင် ဖြန့်ဖိပေးပါ။ (ကလေးနှင့်အတူ ညီအောင် ညှိဖိမည်ဆိုလျှင် ကလေးအတွက်လည်း အကျိုးရှိစေပါတယ်။)

၎။       အေးသောအခါမှ ကြိုက်နှစ်သက်ရာပုံကို ဓားဖြင့် လှီးယူပြီး အုန်းသီးဖြင့် စားပါ။

*        ငွေထမင်းအတွက်ဆိုလျှင် ထန်းလျက်အစား သကြားသုံးပါ။ ကလေးအတွက်ဆိုလျှင် သကြားထက် ထန်းလျက်သုံးတာက ပိုကောင်းပါတယ်။ ထန်းလျက်က ရင်ချောင်ပြီး အစာကြေစေတာကြောင့်ပါ။

Facebook Comments