ပြောင်းဖူး ဝက်သားလုံးကြော်

by May’s Healthy Food for Food Magazine

          အိမ်က ကလေးတွေကို နေ့လယ်သရေစာအဖြစ်ရော ထမင်းဘူးထည့်ဖို့အတွက်ပါ အဆင်ပြေစေမယ့် ဝက်သားလုံးကြော်လေး ရေးပေးမယ်နော်။ အိမ်က သမီးက အသားဆို အတုံးလိုက် မစားချင်တော့ အမြဲကြိတ်၊ အသားလုံးလုပ်ပြီး ကျွေးရတယ်။ အသားလုံးထဲမှာမှ သူမစားချင်တဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ ရောကြိတ်ပြီး ကျွေးဖြစ်တယ်။ အခု တစ်ခါတော့ ပြောင်းဖူးထည့်ပြီး ကြော်ကျွေးဖြစ်တယ်။ ထမင်းလည်း ကောင်းကောင်း မစားချင်တဲ့နေ့တွေဆို ဒီဝက်သားလုံးကြော်လေးက တစ်မျိုးတည်းနဲ့ အာဟာရနှစ်မျိုး ရရှိ စေလို့ အဆင်ပြေတယ်။ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး ကြိုက်ရာရောလို့ ရပါတယ်။ ဝက်သားအစား ကြက်သား၊ အမဲသားလည်း ပြောင်းလဲလုပ်လို့ ရပါတယ်။ ဟင်းသီးဟင်းရွက်တွေလည်း ကြိုက်တာထည့်လို့ ရပါတယ်။ လုပ်ရတာလည်း မခက်ဘဲ အချိန်ကုန်လည်း သက်သာတယ်။ ထမင်းဘူးအတွက် ကြိုပြင်မယ်ဆိုရင် အရမ်းကျက်သွားသည်အထိ မကြော်ဘဲ မိနစ်၂၀ ခန့် ကြော်ပြီး အအေးခံကာ ခဲထားပါ။ ထည့်မယ့်နေ့ကျရင် အပေါ်ထပ်ကို ပြောင်းထည့်ထားပြီးမှ ထပ်ကြော်ရင်လည်း အဆင်ပြေပါတယ်။ မီးအလယ်အလတ်နဲ့ စိတ်ရှည်ရှည်ကြော်မှ အထဲက အသားကျက်မှာပါ။ ဒါမှ ကလေးစားဖို့  အန္တရာယ်ကင်းမှာပါ။

ပါဝင်ပစ္စည်းများ

ဝက်သား  –  ၂၅ ကျပ်သား (နုပ်နုပ်စဉ်း)

ပြောင်းဖူး  –  ခြွေပြီးသား (ဝက်သားရဲ့  နှစ်ပုံတစ်ပုံ)

ကြက်သွန်နီ  –  အနေတော် ၁ လုံး  (နုပ်နုပ်စဉ်း )

ကြက်သွန်ဖြူ  –  ၃ မြွှာ (ခြစ်တံနဲ့ခြစ်ထည့် သို့မဟုတ် ကြက်သွန်ဖြူအမှုန့်)

ချင်း  –  လက်တစ်ဆစ် (အရည်ညှစ်)

ယိုးဒယားမယ်အကြော်မှုန့်  –  ထမင်းစားဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ခရုဆီ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်ဥ  –  ၁ လုံး

ပြုလုပ်နည်း

          ပါဝင်ပစ္စည်းများ အားလုံးရော၍ သမအောင်နယ်ပြီး ရေခဲသေတ္တာထဲ ၁ နာရီခန့် နှပ်ထားပါ။ ထို့နောက် ဆီကို အသားမြုပ်ရုံ အပူပေးပြီး အသားကို ကလေးစားဖို့ အဆင်ပြေအောင် လုံး၍ မီးအလယ်အလတ်ဖြင့် ရွှေရောင်သန်းလာသည်အထိ ကြော်ပါ။ ဆီစစ်ပြီးမှ ကျွေးပါ။

Facebook Comments