ကြက်သားကိုရီးယားပဲငါးပိချက်

by May’s Healthy Food for Food Magazine

ဒီလအတွက် Recipe နောက်တစ်မျိုးကတော့ ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ကြက်သားဟင်းပါ။ ကြက်သားဟင်းလို့ဆိုပေမယ့် ကိုရီးယားပဲငါးပိအနှစ်ကိုသုံးပြီး ချက်ထားတာမို့ တစ်မူထူးခြားတဲ့အရသာကို ခံစားရမှာပါ။ ဒီကြက်သားဟင်းကို အသက် နှစ်နှစ်ကျော်ကလေးတွေလောက်သာ အဆင်ပြေမှာပါ။ နှစ်နှစ်ကျော်အရွယ်က လူကြီး စားသလို စားတတ်နေကြပြီ၊ စားချင်နေကြပြီမို့ ဒီလုပ်နည်းလေးက ကလေးတို့အတွက် အတော်အဆင်ပြေစေမှာပါ။ ပုစွန်နဲ့ချက်ရင်လည်း အရမ်းအရသာရှိပါတယ်။ စမ်းကြည့်နော်။ အခုတော့ ကြက်သားနဲ့ ချက်နည်းလေး ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၃၀ ကျပ်သား (အရွယ်တော်တုံး)

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ (နုပ်နုပ်စဉ်း)

ဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ဂျပန်ဟင်းချက်အရက်  –  ထမင်းစားဇွန်း ၁ ဇွန်း

ဂျပန်ပဲငံပြာရည်အကြည်  –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ကိုရီးယားပဲငါးပိအနှစ်  –  ထမင်းစားဇွန်း ၂ ဇွန်း

(Ssamjang အစိမ်းရောင်ဘူး)

ပြုလုပ်နည်း

၁။       ကြက်သားကို ပဲငံပြာရည်၊ ဂျပန်ဟင်းချက်အရက်၊ ပဲငါးပိတို့ဖြင့် နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို မွှေးလာအောင် ဆီသတ်ပါ။ ကြက်သားနယ်ထားတာကို ထည့်ပါ။ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ကြက်သားအရောင်ပြောင်းပြီး မွှေးလာမှ ရေနွေး ကော်ဖီခွက် တစ်ခွက်ခွဲစာခန့် ထည့်၍ မီးအလယ်အလတ်ဖြင့် ကြက်သားနူးပြီး  ဆီပြန်အနှစ်ရလာသည်အထိ တည်ပြီး သုံးဆောင်ပါ။

Facebook Comments