ကြက်သားလီမွန်ဆော့စ်

by May’s Healthy Food for Food Magazine

          Food Magazine ပရိသတ်များအားလုံး နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေနော်။ ဒီတစ်လတော့ ဆောင်းတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိခြင်းကို ကာကွယ်နိုင်တဲ့ ဗီတာမင်စီအပြည့်အဝပါပြီး ကလေးတွေအကြိုက်ဖြစ်မယ့် ကြက်သားလီမွန်ဆော့စ်လေး ရေးပေးထားပါတယ်။ လုပ်ရတာလည်း လွယ်သလို ချိုချဉ်အရသာလေးနဲ့ ကြက်သားရဲ့ သဘာဝအရသာကိုလည်း ရရှိစေမှာပါ။

ပါဝင်ပစ္စည်းများ

ကြက်သားအတွက်

ကြက်သားပေါင်  –  ၁ ခြမ်း (အရိုးထုတ်ပြီး အသားသတ်သတ်ထား)

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ထောပတ်  –  ထမင်းစားဇွန်း ၁ ဇွန်း

ဆော့စ်အတွက် ပါဝင်ပစ္စည်းများ

လီမွန်ဖျော်ရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

လီမွန်သီးအရည်  –  ထမင်းစားဇွန်း ၁ ဇွန်း

လီမွန်အခွံ  –  ထမင်းစားဇွန်း ၁/၂ ဇွန်း (ခြစ်တံဖြင့်ခြစ်ထား)

ပျားရည်  –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ဟင်းချက်ဝိုင်အဖြူ  –  ထမင်းစားဇွန်း ၁/၂ ဇွန်း

Oregano အခြောက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၂ မြွှာ (နုပ်နုပ်စဉ်း)

ကြက်ပြုတ်ရည်  –  ဟင်းချိုပန်းကန်လုံး ၁/၂ လုံး

ပြုလုပ်နည်း

၁။       သန့်စင်ပြီးသား ကြက်သားကို Kitchen Tissue ကို အသုံးပြုပြီး ခြောက်အောင် သုတ်ပါ။

၂။       ဆား၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။

၃။       မကပ်တဲ့အိုးထဲ ထောပတ်ထည့်၍ အပူပေးပြီး ကြက်သားထည့်ကာ မိနစ် ၂၀ ခန့် ကျက်အောင် အိုးကင်းပူတိုက်ပါ။ (အရေခွံကလည်း ကြွပ်သလောက် အနေအထားဆိုလျှင် ရပါပြီ။)

          ကြက်သားကျက်ခါနီးမှာ ဟင်းချက်ဝိုင်အဖြူကို ကြက်သားပေါ်ဆမ်း၍ ၁၀ မိနစ်ခန့် အပူထပ်ပေးပြီး ဆယ်ယူထားပါ။

          ကြက်သားကြော်ပြီး ကျန်တဲ့ထောပတ်ထဲ  ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်၍ ဆော့စ်အတွက် ပါဝင်ပစ္စည်းတွေထည့်ပါ။ ပျစ်လာသည်အထိ အပူပေး၍ ကြက်သားထည့်ပြီး ၅ မိနစ်ခန့်ဆိုလျှင် သုံးဆောင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments