ကြက်ဥပူတင်း

by May’s Healthy Food for Food Magazine

(၈ လနှင့် အထက် ကလေးများအတွက်)

          ကလေးဖြည့်စွက်စာ စကျွေးပြီး ကလေး ၈ လရောက်တဲ့အခါ ကြက်ဥအနှစ်ကနေ စပြီး စမ်းကျွေးကြည့်ရမှာပါ။ တချို့ကလေးတွေက ကြက်ဥနဲ့ ဓာတ်မတည့်တတ်တာမို့ ကြက်ဥအနှစ်ကို ကျက်အောင်ပြုတ်ပြီး ၃ ရက်ခန့် ဘာနဲ့မှမရောဘဲ ကျွေးကြည့်ပြီး တည့်မှသာ တခြားအစားအစာတွေနဲ့ ရောကျွေးရမှာပါ။ ကြက်ဥအကာကတော့ ၁ နှစ်မှ စပြီး ကျွေးရမှာပါ။ ၁ နှစ်အောက်ကလေးအတွက် ကြက်ဥပူတင်းပြုလုပ်မယ်ဆိုရင် အမေနို့ (သို့)ဖော်မြူလာနို့ကို အသုံးပြုပြီး ပြုလုပ်ရမှာပါ။ နွားနို့ကတော့ ကလေး ၁ နှစ်ပြည့်မှ အသုံးပြုရ မှာပါ။ ၁ နှစ်အောက်ဖြစ်တဲ့အတွက် ဆား၊ သကြား အသုံးပြုလို့မရဘူးဆိုတာကိုလည်း သတိထားရမှာပါ။ တစ်နေ့အတွက် ကြက်ဥအနှစ် ၁ လုံးထက် ပိုမကျွေးသင့်ပါဘူး။ ကြက်ဥပူတင်းကို မနက်စာအတွက် (သို့) သရေစာအချိန်တွေမှာ ကလေးကို ကျွေးလို့ ရပါတယ်။ ညစာအတွက် ကျွေးခြင်းတော့ ရှောင်ပါ။

          ယခုပြုလုပ်ထားတဲ့ ကြက်ဥပူတင်းက ထမင်းစားဇွန်း ၁ ဇွန်းထက် အနည်းငယ်ပဲ ကျော်တာမို့ ကလေးတစ်ခါစားအတွက် သင့်တင့်တဲ့ ပမာဏပါပဲ။

ပါဝင်ပစ္စည်းများ

ကြက်ဥအနှစ်  –  ၁ လုံး

ဖော်မြူလာနို့ (သို့) မိခင်နို့  –  စားပွဲဇွန်း ၂ ဇွန်းစာ (နွေးတယ်ဆိုရုံလေး)

ပြုလုပ်နည်း

          နှစ်မျိုးကိုရောပြီး နာနာလေးခေါက်ပါ။ အမြှုပ်တွေမပါအောင် ဆန်ခါလေးနဲ့စစ်ပြီး ပေါင်းမယ့်ခွက်ထဲ ထည့်ပါ။ ခွက်ကို အလူမီနီယံပြားလေးဖုံးပြီး ရေနွေးဆူအောင် တည်ပါ။ ဆန်ခါလေးခံပြီး ၁၅ မိနစ်ခန့် မီးအေးအေးဖြင့် ပေါင်းပါ။

*        ကလေးကို ကျွေးတဲ့အခါ အပူခံကော်ဇွန်းကိုပဲ အသုံးပြုပါ။ စတီးဇွန်းသုံးလျှင် ကလေးရဲ့ သွားဖုံးကို ထိခိုက်နိုင်ပါတယ်။

Facebook Comments