
ခုလ ကလေးငယ်နဲ့ မီးဖိုချောင်ကဏ္ဍမှာတော့ ‘လောလီပေါ့ကြက်တောင်ပံကြော် ဘာဘီကြူဆော့စ်’ကို တင်ဆက်ထားပါတယ်။ ကြက်တောင်ပံကို လောလီပေါ့ပုံစံ လုပ်ယူရတာ နည်းနည်းအလုပ်ရှုပ်ပေမဲ့ ထင်သလောက် မခက်ပါဘူး။ လုပ်ပုံအဆင့်ဆင့်ကိုကြည့်ပြီး ရှုပ်လိုက်တာလို့ မထင် လိုက်ပါနဲ့။ ပုံတွေကြည့်ပြီး စဉ်းစားလိုက် လုပ်မယ်ဆိုရင်တော့ ပြောခဲ့သလိုထင်သ လောက်မရှုပ်ပါဘူး။ ဒါ့အပြင် လောလီပေါ့ပုံစံ ကြက်တောင်ပံ၊ BBQ Sauce အရသာကြောင့် ကလေးငယ်တို့အကြိုက်တွေ့မှာပါ။ အစပ်အရသာလေး အနည်းငယ်ပါတာကြောင့်လည်း သမီးမိန်းကလေးငယ်တို့ အကြိုက်ပါ။ တစ်ခုသတိထားရမှာက ကြက်တောင်ပံကိုင်တဲ့အခါ ဓားကိုင်ရတာ ကလေးငယ်တို့အတွက် အန္တရာယ်ရှိနိုင်တာကြောင့် သူတို့ကိုပေးမလုပ်ပါနဲ့။ နောက်ပြီး အမြဲမပြတ် ကိုယ့်မျက်စိအောက်မှာရှိနေဖို့ လိုပါလိမ့်မယ်။ လုပ်ကြည့်ရအောင်။
By Food Magazine
ကြက်တောင်ပံကို လောလီပေါ့ပုံစံ
► ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပုံ ၁၊ ၂၊ ၃ အတိုင်း ကြက်တောင်ပံ ၂ ခု ကို အရိုးဆုံနေရာမှ ခွဲထုတ်ပါ။
၂။ ထို့နောက် ပုံ ၄၊ ၅၊ ၆ အတိုင်း တောင်ပံအရင်းဘက်ခြမ်းကို ဆုံနေရာမှစ အကြောများကိုဖြတ်ပြီး ပြောင်းပြန်လှန်ချရန်အတွက် ဓားဖြင့် အတွင်းဘက်ကို ဆွဲယူပါ။
၃။ ပုံ ၇၊ ၈ တွင်ပြထားသည့်အတိုင်း အကြောဖြတ်၊ ဆွဲယူပြီး လက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချကာ ပုံ ၉ အတိုင်းဖြစ်အောင် ဆွဲလှန်ပြီးလုံးလိုက်ပါ။
၁။ ပုံ ၁၊ ၂ အတိုင်း မလိုအပ်သော တောင်ပံထိပ်ဆုံးအပိုင်းကို ဖယ်ထုတ်ပါ။
၂။ ပုံ ၃၊ ၄ အတိုင်း တောင်ပံအရိုး ၂ ချောင်းကြားမှ အကြောများကို ဓားဖြင့် ဖြတ်ထုတ်ပါ။ ပုံ ၅ အတိုင်း အရိုး ၂ ချောင်းကြားနေရာမှ နောက်ဖက် ဆုံ နေရာ အထိဆွဲချပြီး ပုံ ၇ အတိုင်း အရိုးအသေးချောင်းကို ဆွဲထုတ်ပါ။
၃။ ထိုနောက် ပုံ ၈ အတိုင်း ဆုံရိုးထိပ်ပိုင်းမှစ၍ ဓားဖြင့် အကြောများကိုဖြတ်၊ လက်ဖြင့် ဖြည်းဖြည်းချင်း တွဲချပြီး ဆွဲလှန်လိုက်ပါ။ ပုံ ၉ အတိုင်း ရရှိပါမည်။
လောလီပေါ့ကြက်တောင်ပံကြော် ဘာဘီကြူဆော့စ်
► ပါဝင်ပစ္စည်းများ
♦ ကြက်တောင်ပံ – ၈ ခု
♦ ကြက်သွန်ဖြူ – ၅ မြွှာ (နုပ်နုပ်စဉ်း)
♦ ကြက်သွန်နီ – ၁ လုံး (နုပ်နုပ်စဉ်း)
♦ ငရုတ်သီးလှော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ဆား – လက်ဖက်ဇွန်း တစ်ဝက်
♦ ငရုတ်ကောင်း – အနည်းငယ် (2 shakes)
♦ နနွင်းမှုန့် – လက်ဖက်ဇွန်း ၁ ဇွန်း
♦ စပါးလင် – ၁ တတ်
♦ BBQ Sauce – စားပွဲဇွန်း ၃ ဇွန်း
♦ ထောပတ် – လက်ဖက်ဇွန်း ၁ ဇွန်း
♦ ရေ (ပြုတ်ရန်) – ၁ လီတာ
♦ ဆီ (ကြော်ရန်) – ၁၅ ကျပ်သား
► အလှဆင်ရန်နှင့် တွဲဖက်စားရန်
♦ သခွားသီး – ၁ လုံး
♦ မုန်လာဥနီ – ၁ လုံး
♦ နံနံပင် (သို့) ကြက်သွန်မြိတ် – ၅ ပင်
► ပြုလုပ်ပုံ
၁။ ကြက်တောင်ပံများကို လောလီပေါ့ပုံစံရအောင် တစ်ဖက်ပုံပါအတိုင်း ပြင် ဆင်ထားပါ။
၂။ ကြက်တောင်ပံများကို မကြော်ခင် အကျက်ညီစေရန်အတွက် တစ်ဝက်အကျက်ပြုတ်ဖို့လိုပါမယ်။ မီးပြင်းပြင်းနဲ့ကြော်မိလို့ အပြင်ကကျက်ပြီး အတွင်းသားတွေ မကျက်မှာစိုးလို့ပါ။ အိုးတစ်အိုးတွင် ရေဆူအောင်တည် နနွင်းမှုန့်၊ စပါးလင် တို့ကိုထည့်ပါ။ အနံ့သင်းလာပါက ကြက်တောင်ပံများကို ထည့်ပြုတ်ပါ။ ထပ်ကြော်မှာဖြစ်တဲ့အတွက် တစ်ဝက်အကျက်ပဲ ပြုတ်ရပါမယ်။ တစ်မိနစ်ဝက် ကျော်ကျော်လောက်ဆိုရပါပြီ။ ကြက်တောင်ပံများကို ဆယ်ပြီး ရေခြောက် အောင်စစ်ထားပါ။
၃။ အိုးတစ်လုံးတွင် ဆီထည့်ပြီး မီးပြင်းပြင်းဖြင့်တည်ပါ။ ဆီပူလာရင်(မလောပါနဲ့ ဆီကောင်းကောင်း ပူလာသည်အထိ စောင့်ပါ။ ဆီအပူချိန် 360ºC ရှိရပါမယ်) ပြုတ်ထားပြီး ကြက်တောင်ပံများ ထည့်ကြော်ပါ။ ၂ မိနစ်၊ ၃ မိနစ်လောက် ကြော်ရင် ရပါပြီ။ ဆီပူထဲမှ ဆယ်ထားပါ။
၎။ အိုတစ်လုံးကို မီးအနေတော်ပေး ပူလာရင် ထောပတ်ထည့် ကြက်သွန်နီထည့် နွမ်းလာလျှင် ကြက်သွန်ဖြူထည့်ဆီသက်ပါ။ ထို့နောက် BBQ Sauce ထည့် ငရုတ်သီးလှော်မှုန့်ထည့်၊ ဆားထည့် အနံ့သင်းလာရင် အပေါ့အငန်မြည်း၊ ကြော်ထားတဲ့ ကြက်တောင်ပံများထည့်ပြီး သမအောင်လုံးပါ။ နောက်ဆုံး ငရုတ်ကောင်းမှုန့်အနည်း ငယ်ဖြူးလိုက်ပါက အရသာရှိတဲ့ လောလီပေါ့ ကြက်တောင်ပံကြော် ဘာဘီကြူဆော့စ်ရပါပြီ။ သခွားသီး၊ မုန်လာဥနီတို့ကို ပုံပါအတိုင်း အလှဆင်ပြီးရင် သုံးဆောင်နိုင်ပါပြီ။