
by May’s Healthy Food for Food Magazine
ခေါက်ဆွဲကတော့ မကြိုက်တဲ့ ကလေး အတော်ရှားမှာပါနော်။ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေက ကလေးတွေကို သန်မာထွားကျိုင်းစေတာမို့ ကလေးတို့စားသင့်တဲ့အထဲမှာ ပါဝင်တဲ့အစားအစာတစ်မျိုးပါ။ ကော်ရည်ချိုချိုမွှေးမွှေးလေးကတော့ အာဟာရစုံအောင် ချက်ထားတာမို့ တစ်မျိုးတည်းနဲ့ ကလေးတွေအတွက် အဆင်ပြေစေပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ရိုးပြုတ်ရည် – ၁ လီတာ
ကြက်ပေါင် – ၂ ခု
ကြက်ဥ – ၁ လုံး (ခလောက်ထား)
ပြောင်းကော်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
သကြား – ထမင်းစားဇွန်း ၁/၃ ဇွန်း
ခရုဆီ – ထမင်းစားဇွန်း ၁/၂ ဇွန်း
ဂျပန်ပဲငံပြာရည်အကြည် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
တရုတ်မဆလာ – အနည်းငယ်
ဆား – အနည်းငယ်
ချင်း – လက်တစ်ဆစ်
ကြက်သွန်ဖြူ – ၅ မြွှာ
ကြွက်နားရွက်မှို – လက်တစ်ဆုပ်စာ (ရေနွေးစိမ်လှီးဖြတ်ထား)
ကြက်ဥခေါက်ဆွဲ – ရေနွေးဆူဆူမှာပြုတ်ပြီး ရေစစ်ထားပါ
ပြုလုပ်နည်း
၁။ ကြက်ပေါင်ကို ဆား၊ ငရုတ်ကောင်း၊ တရုတ်မဆလာ၊ ခရုဆီ၊ ဂျပန်ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ချင်း ခြစ်ပြီး အရည်ညှစ်ကာ ထည့်နယ်ပြီး ရေခဲသေတ္တာထဲ တစ်ညထည့်နှပ်ထားပါ။
၂။ နှပ်ထားတဲ့ကြက်သားကို ကြက်ရိုးပြုတ်ရည်ထည့်ပြီး မီးအေးအေးနဲ့ပြုတ်ကာ အသားနူးလာလျှင် ဆယ်ယူထားပါ။
၃။ ကြက်ပြုတ်ထားတဲ့ရေထဲ သကြားထည့်ပါ။ အပေါ့၊ အငန်၊ အချိုကို လိုသလိုပြင်ပြီး ကြွက်နားရွက်မှို ထည့်ပါ။ ကြွက်နားရွက်နူးလျှင် ကော်မှုန့်ကို အရည်ဖျော်ထည့်ပါ။ထို့နောက် ကြက်ဥခလောက်ထားတာကို ဖြည်းဖြည်းချင်း ထည့်မွှေပါ။ မွှေလျှင် တစ်ဖက်တည်းကို မွှေပေးပါ။ ကြက်ဥကိုလည်း တစ်ခါတည်းမထည့်ဘဲ ဖြည်းဖြည်း ချင်း ထည့်နေစဉ် လက်တစ်ဖက်က မွှေပါ။ ၃ မိနစ်ခန့်ဆိုလျှင် မီးပိတ်ပြီး ခေါက်ဆွဲပြင် ထားတဲ့အပေါ် ဟင်းရည်ကိုလောင်းထည့်ကာ ပွဲပြင်ပေးပါ။
လူကြီးအတွက်ကတော့ ငါးပိအရည်ဖျော် အချဉ်လေးညှစ်ပြီး သုံးဆောင်လို့ရတာမို့ ကလေးအတွက်သာမက လူကြီးတွေအတွက်ပါ အဆင်ပြေစေပါတယ်နော်။