
by May’s Healthy Food for Food Magazine
နို့ခေါက်ဆွဲလို့ ဆိုလိုက်တာနဲ့ နို့စိမ်းဘူးကို ပြေးမြင်ကြမှာပဲနော်။ သမီးအတွက်မို့ ကြာရှည် ခံအောင် လုပ်ထားတဲ့ သံဘူးထဲက နို့စိမ်းတွေ လည်း မသုံးချင်တာကြောင့် အာဟာရလည်း ပြည့်အောင် နွားနို့စစ်စစ်ကိုသုံးပြီး ချက်ထားတာ ပါ။ အုန်းနို့ခေါက်ဆွဲလို အရသာအတိုင်းပါပဲ။ သွေးတိုးတတ်တဲ့ လူကြီးတွေနဲ့ အပူကန်မှာစိုးလို့ မကျွေးချင်တဲ့ မေမေတွေကို လက်တို့တာပါ။ ဆိမ့်ဆိမ့်မွှေးမွှေးလေးပါ။ ခေါက်ဆွဲဖတ်ကို စပါ ကတီ ခေါက်ဆွဲဖတ်ကို ဆားနဲ့ပြုတ်၊ ရေစစ်ပြီး သုံးထားတာပါနော်။ လူနှစ်ယောက်စာ အတွက်ပဲ ချက်ထားတာပါ။
ပါဝင်ပစ္စည်းများ
ကြက်သားနဲ့ အရိုးတွဲလျက် – ရင်ပုံ ၁ ခုစာ
(မြန်အောင် ကြက်စွပ်ပြုတ်ကတည်းက တစ်ခါတည်းပြုတ်ထားလိုက်တယ်။)
နွားနို့ – ၁ ခွက်
ကြက်သွန်ဖြူ/နီ၊ ချင်းထောင်း – ဆီသတ်ရန်
ကြက်သွန်နီအရွယ်အလတ် – ၂ လုံး (၄ ခြမ်းခြမ်းပါ)
ကြက်ဥ – ၂ လုံး (ပြုတ်ပြီး စိတ်ထားပါ)
ကြက်စွပ်ပြုတ်ရည် – (အချိုမှုန့်၊ ကြက်သားမှုန့်တို့ကို မသုံးဘဲ ရေအစား ကြက်ရိုးပြုတ်ရည် ထည့်ချက် ထားတာပါ။)
သကြား – ထမင်းစားဇွန်း ၁/၂ ဇွန်း
ဆား – အနည်းငယ်
ငါးငံပြာရည် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ကိုရီးယားဟင်းအနှစ် – ထမင်းစားဇွန်း ၁/၂ ဇွန်း (အရောင်တင်မှုန့်သုံးလည်း ရပေမယ့် သိပ်မစပ်တဲ့ အဲဒီအနှစ်ကို သမီးအတွက်မို့ သုံးလိုက်တာပါ။)
ကုလားပဲ – ၂/၃ ခွက် (ရေနွေးနဲ့ ၁ နာရီခန့်စိမ်ပြီး ဆားထည့်ပြုတ်၍ ရေနည်းနည်းကျန်ပြီး ပျော့လာပြီဆိုရင် ဖျော်စက်နဲ့ အရည်ဖြစ်သွားအောင် ဖျော်ထားပါ။)
ပြုလုပ်နည်း
ကြက်သွန်ဖြူ/ နီ ဆီသတ် ဟင်းအနှစ်၊ ငါးငံပြာရည်၊ သကြားထည့်ပြီး ကြက်သား ထည့်မွှေပါ။ ကြက်စွပ်ပြုတ်ရည်ထည့်၍ ပဲရည်ထည့်ပါ။ နွားနို့ကို ဆူအောင် တည်ပြီး ထည့်၍ ဆားထည့်ပါ။ ပွက်ပြီး ပျစ်လာအောင် မီးအေးအေးနဲ့တည်ပါ၊ ကြက်သွန်နီ၊ ကြက်ဥထည့်၍ ကြက်သွန်နီပျော့သွားပြီး မိမိလိုချင်တဲ့အနေအထားရောက်လျှင် အပေါ့၊ အငန်၊ အချို လိုတာ ထပ်ဖြည့်ပြီး ခဏလောက် တည်ထားပြီးလျှင် ရပါပြီ။
အချိုမှုန့်လည်းမပါ၊ ကြက်သား၊ ပဲ၊ နွားနို့၊ ကြက်စွပ်ပြုတ်၊ ကြက်ဥတို့နဲ့ချက်တာမို့ ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ကာ လွယ်ကူမြန်ဆန်တဲ့ နို့ခေါက်ဆွဲပါနော်။ ဆား၊ သကြား ပါဝင်မှုမရေးတာက တစ်အိမ်နဲ့တစ်အိမ် အလေးအပေါ့ စားပုံချင်း မတူတာမို့ မိမိဘာသာအဆင်ပြေအောင် ထည့်လို့ရအောင်ပါနော်။