Butter Garlic Prawn

by May’s Healthy Food for Food Magazine

          Food Magazine ပရိသတ်အားလုံး မင်္ဂလာပါနော်။ ဒီလအတွက်တော့ ကလေးတွေအကြိုက် ပုစွန်ကိုမှ ပုစွန် အရသာချိုချိုကိုလည်း ခံစားရပြီး ထောပတ်နဲ့ ကြက်သွန်ဖြူမွှေး အနံ့တွေကြောင့် အစာစားချင်စိတ်ကို ဖြစ်စေဖို့ ဆွဲဆောင်ပေးနိုင်မယ့် ဟင်းတစ်မျိုးကို မိတ်ဆက်ပေးချင်တယ်။ လုပ်ရတာလည်း ရိုးရှင်းပြီး အချိန်လည်းသက်သာ၊ အာဟာရလည်း ပြည့်စေတယ်။ ပုစွန်ကို အခွံမနွှာဘဲ  ကြော်တဲ့အတွက် ပုစွန်အသားက မာမာကြီး မဖြစ်ဘဲ နူးညံ့ပါတယ်။ စားတဲ့အချိန်ကျမှ ကလေးကို အခွံနွှာကျွေးတာက ကလေးရဲ့ စိတ်ဝင်စားမှုကို ပိုစေပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ ကလေးတွေရဲ့ အစာစားချင်စိတ်ကို နှိုးဆွပေးပါတယ်။ ဒါကြောင့် ဒီပုစွန်ဟင်းလေးမှာ ငရုတ်ကောင်းမှုန့်အဖြူကိုလည်း သုံးထားပါတယ်။ ချက်ကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ပုစွန်တုပ်  –  ၁၀ ကောင် (ကျောခွဲ၊ ချေးထုတ်ပြီး ခေါင်းအထိ ခွဲထားပါ) သန့်စင်ထားပါ။

ထောပတ်  –  ထမင်းစားဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ  –  ၁၀ မြွှာ (နုပ်နုပ်စဉ်း)

Pink Salt  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်အဖြူ  –  အနည်းငယ်

ပြုလုပ်နည်း

          မီးအလယ်အလတ်နဲ့ အိုးကို အပူပေးပါ။ ထောပတ်ထည့်၊ ကြက်သွန်ဖြူထည့်ပြီး အရောင်ပြောင်းလာပြီဆိုလျှင် ပုစွန်ထည့်မွှေပါ။ ဆား၊ ငရုတ်ကောင်းထည့်ပြီး ၁၅ မိနစ်ဆိုလျှင် ရပါပြီ။ ကြာကြာချက်လျှင် ပုစွန်က အသားမာသွားပြီး ခြောက်သွားတတ်သလို ကြက်သွန်ဖြူကလည်း ကြွပ်သွားလျှင် မကောင်းတော့ပါဘူး။

Facebook Comments