
by May’s Healthy Food for Food Magazine
Food Magazine ပရိသတ်အားလုံး မင်္ဂလာပါ။ ဒီတစ်လတော့ ကာဗိုဟိုက်ဒရိတ် အမျိုးအစားမှာပါဝင်တဲ့ ကလေးတို့အကြိုက် ပြောင်းဖူးနဲ့ နို့ထွက်ပစ္စည်းတွေကို ရောစပ်ပြီး သရေစာအဖြစ် စားလို့ရပြီး အာဟာရလည်းဖြစ်စေတဲ့ Cheese Corn လေး လုပ်ပြမယ်နော်။ လုပ်ရတာလည်း မခက်ဘဲ အချိန်လည်း သိပ်မပေးရပါဘူး။ ပြောင်းဖူးပြုတ်ပြီးသား သုံးလို့ရသလို စူပါမားကက်တွေကနေ ခြွေပြီးသား ပြောင်းဖူးကိုသုံးရင်လည်း အဆင်ပြေစေပါတယ်။ ကျွန်မကတော့ အေးခဲထားတဲ့ ခြွေပြီးသား အသင့်ပြောင်းဖူးကို သုံးထားပါတယ်။ မုန်လာဥနီ၊ နုပ်နုပ်စဉ်းအသား စသည်တို့ကိုလည်း ရောစပ်လို့ ရပါသေးတယ်။ အသားထည့်မယ်ဆိုရင် ကြိတ်ခြေချက်ပြီးမှ ထည့်ဖို့ အကြံပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ပြောင်းဖူး – ပန်းကန် ၁ လုံးစာ
ထောပတ် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ဆား – အနည်းငယ်
သကြား – အနည်းငယ်
ငရုတ်ကောင်း – အနည်းငယ်
မရောနိစ် – ထမင်းစားဇွန်း ၂ ဇွန်း
ချိစ် – ထမင်းစားဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
၁။ Oven ကို ၁၇၀ ဒီဂရီ ကြိုအပူပေးထားပါ။
၂။ Oven ထဲ ထည့်ဖုတ်လို့ရမယ့် ပန်းကန်ထဲ ထောပတ်ကို အပူပေးပြီး ထည့်ပါ။
၃။ ပြောင်းဖူးကို ချိစ်မှလွဲ၍ ပါဝင်ပစ္စည်းများ အကုန်ထည့်၍ သမအောင်မွှေပြီး ဖုတ်မယ့်ခွက်ထဲ ပြောင်းထည့်ပါ။
၎။ အပေါ်ကနေ ချိစ်ဖြူးကာ မိနစ် ၂၀ ဖုတ်ပြီး သုံးဆောင်လို့ရပါပြီ။