Cheese Potato Recipe

by May’s Healthy Food for Food Magazine

          ဒီတစ်လတော့ Food Magazine ပရိသတ်မေမေတွေရဲ့ သားသား၊ မီးမီးတွေ အကြိုက် ချိစ်နဲ့အာလူးကို ပေါင်းစပ်ပြီး ပေါင်မုန့်ခြောက်ကပ်ကြော်ထားတဲ့ မီနူးလေး ပြောပြမယ်နော်။ အိမ်က သမီးကတော့ ထမင်းထက်  အာလူးကိုပိုကြိုက်သူပါ။ အာလူးမှာ ထမင်းအစားထိုး ကဆီဓာတ်ပါဝင်ပါတယ်။ ဒါ့အပြင် Vitamin C, A, B6 အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သွေးထဲမှာပါဝင်တဲ့ သကြားဓာတ်ကို ထိန်းညှိပေးပြီး အသည်းကိုလည်း သန့်စင်စေပါတယ်။ ချိစ်ကတော့ အသားမဟုတ်တဲ့ ပရိုတင်း Source ပါ။ Calcium နဲ့ Minerals များစွာပါဝင်ကာ အရိုးအဆစ်သန်မာပြီး သွားများခိုင်ခံ့စေဖို့ များစွာ အထောက် အကူပြုပါတယ်။ အဲဒီလိုအာဟာရများစွာပါဝင်တဲ့ နှစ်မျိုးကို ပေါင်းစပ်ထားတာကြောင့် ကလေးတို့ကို နည်းနည်းနဲ့ တစ်မျိုးတည်း အာဟာရများစွာရရှိစေမယ့် အစားအစာ ဖြစ်ပါတယ်။

          ကိုယ်ကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကိုလည်း ထည့်လို့ရပါသေးတယ်။ အသားထည့်မယ်ဆိုရင် အသားကိုပြုတ် (သို့) ကြော်ပြီး ထည့်ဖို့ အကြံပေးပါရစေ။ အာလူးကို ဆောင်းတွင်းမှာ ကလေးတွေ ထမင်းမစားချင်တဲ့အခါ ကြက်စွပ်ပြုတ်၊ ဆိတ်ရိုးစွပ်ပြုတ်၊ ကုလားပဲ စသည်တို့နဲ့ ပေါင်းစပ်ပြီး ကျွေးမယ်ဆိုရင်တော့ အာဟာရ ပြည့်စုံစေမှာပါ။

ပြုလုပ်ရန် လိုအပ်တာတွေက-

အာလူး  –  လက်တစ်ဆုပ်စာအရွယ် ၃ လုံး (ပြုတ်၍ အခွံနွှာပြီး ခြေထားပါ)

ချိစ်  –  အာလူးရဲ့  ၁/၃

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ဂျုံမှုန့်

ပေါင်မှုန့်ခြောက်

ကြက်ဥ  –  ၁ လုံး (ခလောက်ထားပါ)

ကြော်ရန်ဆီ

ပြုလုပ်ပုံ

၁။       ခြေထားသော အာလူး၊ ချိစ်၊ ဆားနှင့် ငရုတ်ကောင်းတို့ကို နှံ့အောင် ရော၍ အဖုံးအုပ်ပြီး ရေခဲသေတ္တာအခဲထဲမှာ ၁ နာရီခန့် နှပ်ထားပါ။

၂။       အချိန်စေ့လျှင် အနေတော်ပြားပြီး ဂျုံမှုန့်ကပ်ပါ။

၃။       ထို့နောက် ကြက်ဥခလောက်ထားသောပန်းကန်ထဲနှစ်ပြီး ပေါင်မုန့်ခြောက်ကပ်ကာ ဆီပူပူမှာ ရွှေရောင်သန်းအောင်ကြော်ပြီး ဆီစစ်ပါ။

သတိပြုရန်

၁။       မီးမပြင်းရပါ။ မီးပြင်းလျှင် ကွဲထွက်ပြီး ချိစ်များထွက်လာပါလိမ့်မည်။

၂။       တစ်နှစ်အောက်ကလေးငယ်များကို ဆား၊ ငရုတ်ကောင်း၊ ကြော်ဆီများ မကျွေးသင့်တာကြောင့် အာလူးကို ပြုတ်ပြီး ချိစ်ထည့်၍ အမေနို့ (သို့) ဖော်မျူလာနို့ အနည်းငယ်ထည့်ပြီး ဖျော်ကျွေးလို့ ရပါတယ်။

၃။       ချိစ်နှင့် အာလူးကို ကလေးအသက် (၈)လမှ စတင်ကျွေးလို့ ရပါပြီ။

၎။       ကလေးများကို ဆီကြော်အစားအစာများအား တစ်ပတ်လျှင် သုံးရက်ထက် ပို၍ မကျွေးသင့်ပါ။

          ကျန်းမာပြီး အာဟာရပြည့်သော သားသမီးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Facebook Comments