
by May’s Healthy Food for Food Magazine
ဒီလအတွက်တော့ ကလေးတို့အကြိုက် သရေစာတစ်မျိုးကို လုပ်ကြည့်ရအောင်နော်။ အိမ်က သမီးက Lotte က ထုတ်တဲ့ Pocky လေးတွေ အရမ်းကြိုက်တယ်။ တစ်ဘူးမှာ နည်းနည်းလေးပါတော့ စားရတာ မဝရှာဘူး။ အဲဒါနဲ့ အိမ်မှာလုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ လုပ်ရတာလည်းလွယ်ကူပြီး ဝယ်စားတာထက် ပိုလတ်ဆတ်ပြီး အရသာရှိတော့ မေမေတို့ရဲ့ သာသား၊ မီးမီးတွေကို သတိရသွားတယ်။ ချောကလက်အဖြူကို သုံးပြီးလုပ်လို့ရသလို အမည်းကိုလည်း လုပ်လို့ရတယ်။ တကယ်လို့ စတော်ဘယ်ရီအရသာလုပ်ချင်တယ်ဆိုရင် စတော်ဘယ်ရီ အနံ့အရသာအရောင်လေးတွေကို ချောကလက်အဖြူမှာ ထည့်လိုက်ရုံပါပဲ။ လုပ်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
ရိုးရိုးဂျုံမှုန့် (Plain Flour) – ၈၀ ဂရမ်
သကြား (Sugar) – စားပွဲဇွန်း ၁/၂ ဇွန်း
ဆား (A Pinch of Salt) – အနည်းငယ်
နို့ (Milk) – စားပွဲဇွန်း ၁ ဇွန်း
ဆားမပါထောပတ် (Unsalted Butter) – ၂၅ ဂရမ်
ချောကလက် (Chocolate) – ၂၀ ဂရမ် (အရည်ပျော်အောင် ဖျော်ပါ)
Walnuts (ထုပြီး ခြေထားပါ)
ပြုလုပ်နည်း
၁။ Oven ကို ၁၈၀ ဒီဂရီ ကြိုအပူပေးထားပါ။
၂။ ဂျုံ၊ ဆား၊ ထောပတ်နှင့် သကြားတို့ကို Food Process ထဲထည့်ပြီး ၂ စက္ကန့်ခန့် မွှေပါ။
၃။ ထို့နောက် နို့ထည့်ပြီး ၂ စက္ကန့် ထပ်၍မွှေပါ။
၎။ စက်ထဲမှထုတ်ပြီး ဇလုံထဲထည့်လုံးကာ ချောသွားသည်အထိ နယ်ပြီး မိနစ်၃၀ ခန့် ပလတ်စတစ်ထဲ ထည့်၍ နှပ်ထားပါ။
၅။ မိနစ် ၃၀ ခန့် နှပ်ပြီးလျှင် ဂျုံမှုန့်နှပ်ထားသော အလုံးကို တလိမ့်တုံးဖြင့် ပြားပါ။
၆။ တလိမ့်တုံးဖြင့်ပြားပြီး လက်ညှိုးဝက်အရွယ် အချောင်းလေးများဖြတ်ပြီး ၁၀ မိနစ်ခန့် Oven မှာ ကင်ပါ။ ၁၀ မိနစ်ပြည့်လျှင် တစ်ဖက်ပြောင်းပြီး ၁၀ မိနစ်ခန့် ထပ်၍ဖုတ်ပါ။
အချိန်ပြည့်လျှင် မုန့်အချောင်းလေးများကို အအေးခံပြီး ချောကလက်ရည်အနှစ်စိမ်၊ Walnuts အပေါ်ကဖြူး၍ ရေခဲသေတ္တာထဲထည့်ပြီး အခြောက်ခံကာ ကလေးတွေကို ကျွေးလို့ရပါပြီ။