Cream Cor Soup

by May’s Healthy Food for Food Magazine

          ပြောင်းဖူးဟင်းချိုကို အိမ်က သမီးက အရမ်းကြိုက်လို့ အိမ်မှာ အမြဲလုပ်ကျွေးဖြစ်ပါတယ်။ အသင့်သောက်လို့ရတဲ့ ရေနွေးနဲ့ဖျော်ရုံပါပဲ။ ပြောင်းဖူးဟင်းချိုအမှုန့်တွေရှိပေမယ့် ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေသုံးပြီး ပြောင်းဖူးအရသာမှုန့်တွေသာပါတာမို့ မကျွေးချင်တာနဲ့ အိမ်မှာလုပ်ဖြစ်တာပါ။ ကလေးတွေ ထမင်းမစားချင်တဲ့အချိန်ဆိုရင် ပြောင်းဖူးဟင်းချိုလေးက အာဟာရစုံပြီး ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် စသည်တို့ပါဝင်ကာ လုပ်ရတာလည်း လွယ်ကူပြီး အချိန်လည်း အများကြီးမပေးရလို့ အလွန်အဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ

ပြောင်းဖူး  –  ဟင်းချိုပန်းကန်လုံး ၁ လုံးစာ (အသင့်စားပြောင်းဖူးကို သုံးထားပါတယ်)

ကြက်သွန်နီအဝါ  –  တစ်ခြမ်း (ပါးပါးလှီး)

ထောပတ်  –  ထမင်းစားဇွန်း ၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

နွားနို့  –  ဟင်းချိုပန်းကန် တစ်ဝက်

ဂျုံ  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်စွပ်ပြုတ်  –  ဟင်းချိုပန်းကန်လုံး တစ်ဝက်

ပြုလုပ်နည်း

၁။       ထောပတ်ကို အပူပေး၍ ကြက်သွန်ဆီသတ်ပြီး နွမ်းလာပြီဆိုလျှင် ပြောင်းဖူးထည့်ပါ။ ကြက်စွပ်ပြုတ်ထည့်၍ ၁၀ မိနစ်ခန့်တည်ပြီး ဖျော်စက်ထဲ ထည့်မွှေပါ။

၂။       ဖျော်စက်ဖြင့် မွှေထားတဲ့ ပြောင်းဖူးအရည်ကို အိုးထဲပြောင်းထည့်ပြီး နောက်တစ်ကြိမ် ၁၀ မိနစ်ခန့် ထပ်ကျိုပါ။

၃။       သကြား၊ ဆားထည့်ပြီး နွားနို့ကိုထည့်ပါ။ ပွက်လာသည်အထိ ကျိုပါ။ အပေါ့အငန် မြည်း၍ ဂျုံကို အရည်ဖျော်ကာ ထည့်မွှေပေးပြီး ၅ မိနစ်ခန့်ကျိုပြီးလျှင် ငရုတ်ကောင်း အနည်းငယ်ခတ်၍ ကလေးကို ကျွေးလို့ရပါပြီ။

*        တစ်နှစ်အထက် ကလေးများအတွက်သာ…။

Facebook Comments