
by May’s Healthy Food for Food Magazine
Finger Foods လို့ ဆိုလိုက်တာနဲ့ လသားကလေးရှိတဲ့ မေမေတို့ ရင်းနှီးပြီးသား ဖြစ်ကြမယ်လို့ ထင်ပါတယ်။ Finger Foods ကို ကျွေးခြင်းဖြင့် လက်ချောင်းလေးတွေ သန်မာလာစေတယ်။ မျက်စိ၊ လက်၊ ပါးစပ်ကို ဟန်ချက်ညီညီ အလေ့အကျင့်ရလာစေတဲ့အတွက်ကြောင့် ဦးနှောက်ဖွံ့ ဖြိုးမှုကိုလည်း အထောက်အကူပေးတဲ့အပြင် အစားအစာ တွေနဲ့လည်း ရင်းနှီးမှုရစေပြီး အစားအသောက်ကျွေးရတာလွယ်ကူလာစေနိုင်လို့ ဟင်းသီးဟင်းရွက်စားခြင်း အလေ့အထကိုလည်း သင်ပေးရာရောက်ပါတယ်။
Finger Foods ကို မည်သည့်အချိန်မှာ
ကျွေးမလဲ။
အသက် (၈-၉) လလောက်ဆိုရင် စပြီးကျွေးလို့ ရပါပြီ။ ကျွေးနေတဲ့ဇွန်းကို ဆုပ်ကိုင်ပြီး မိမိဘာသာစားတာ၊ ပန်းကန်ထဲက အစာကို လုစားတတ်တာမျိုး ပြလာရင် ကျွေးလို့ရပါပြီ။ ကလေးက သွားလေးတွေပေါက်ခါစ အရွယ်လောက်ကစပြီး လေ့ကျင့်ပေးလို့ရပါပြီ။
ကလေးသာ စားချင်စိတ်ရှိရင် သွားအများကြီး မပေါက်သေးခင်ကတည်းက သွားဖုံးလေးနဲ့ ဝါးစားပါလိမ့် မယ်။ ဒါကြောင့် ပျော့ပျော့နဲ့ အလွယ်ကြိတ်ခြေနိုင်မယ့် အစားအစာမျိုး ပေးသင့်ပါတယ်။ တဖြည်းဖြည်း သွား ပေါက်လာတဲ့အခါ ကိုက်စားရတဲ့ Finger Food မျိုး ကျွေးလို့ရလာပါပြီ။
မိမိဘာသာစားရင်း အစာရဲ့ပုံစံ အရောင်၊ အနံ့တွေ ကို လေ့လာမှတ်သားမှာမို့ အစားအစာ အမျိုးစုံလင် အောင် ကျွေးသင့်ပါတယ်။ အရောင်အသွေးစုံတဲ့ Finger Food လေးတွေကို စီမံပေးနိုင်မယ်ဆိုရင် အကောင်းဆုံး ပါပဲ။
တစ်နှစ်အထက် ကလေးတွေအတွက်လည်း အာဟာရပြည့် နေ့လယ်သရေစာအဖြစ် ကျွေးလို့ရပါ သေးတယ်။ သတိထားရမှာက Chocking ရနိုင်မယ့် အစားအစာတွေကို မကျွေးမိစေဖို့နဲ့ အရမ်းသေးငယ်တဲ့ အစိတ်အပိုင်းဖြစ်အောင် မလှီးဖြတ်ဖို့ပါ။ ယခု နမူနာ ပုံစံပြထားတာကတော့ ကလေးဝါးနိုင်မယ့် အသီးအရွက် တွေကို ရွေးချယ်ထားပါတယ်။
လိုအပ်တာက –
မုန်လာဥနီ
ပဲတောင့်ရှည်
ဘေဘီပြောင်းဖူး
ဘရိုကိုလီ
ချိစ်
ပြုလုပ်နည်း
၁။ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ဘရိုကိုလီ၊ ပြောင်းဖူးများကို ကလေးလက်နဲ့ ကိုင်စားလို့ ရနိုင်မယ့် အရွယ်ကို လှီးဖြတ်ပြီး ဆားဖြင့် နာရီဝက်ခန့်စိမ်ပြီးမှ ရေဆေးပါ။
၂။ ထို့နောက် ရေနွေးဆူဆူမှာ နူးအောင်ပြုတ်ပြီး ရေခဲရေထဲ ပြန်စိမ်ကာ ရေစစ်ပါ။
၃။ ချိစ်ကို အရည်ပျော်အောင် အပူပေးပြီး ကလေးများစားနိုင်အောင် ပြင်ဆင်ပေးပါ။
ချိစ်ကို ၈ လအထက်မှ စပြီး ကျွေးရမှာပါ။