
by May’s Healthy Food for Food Magazine
အရိုးပြုတ်ရည်ဟာ တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပါတယ်။ စွပ်ပြုတ်ရည်က တုပ်ကွေးကို ကာကွယ်စေနိုင်သလို ကြက်သွန်ဖြူ၊ ချင်း စသည်တို့ ကလည်း ရောဂါကို ကာကွယ်စေနိုင်ပါတယ်။ ပုံမှန်လုပ်နေကျ ကြက်ရိုးပြုတ်ရည်အပြင် ငါးအရိုးပြုတ်ရည်လည်း လုပ်လို့ရတာမို့ ဒီတစ်ခါတော့ ငါးအရိုးပြုတ်ရည်နဲ့ စွပ်ပြုတ်ကို လုပ်ကြည့်မယ်နော်။ ငါးဖယ်အရိုးကို အသုံးပြုထားတာမို့ အရိုးတွေမပါအောင်လို့ ဆန်ခါနဲ့ သေချာစစ်ဖို့တော့ လိုအပ်ပါတယ်။
ပါဝင်ပစ္စည်းများ
သန့်စင်ပြီး ငါးဖယ်ရိုး
ဆား – အနည်းငယ်
ချင်း – လက်တစ်ဆစ် (ထုထားပါ)
ကြက်သွန်ဖြူ – ၁ လုံး
(အပေါ်ခွံဖယ်ပြီး ခပ်ကြမ်းကြမ်းလေး ထုထောင်းပါ)
စပါးလင် – ၂ ချောင်း
(ထုထောင်းပြီး ချည်ထားပါ)
ငရုတ်ကောင်းအစေ့ကို လှော်ပြီး ကြမ်းကြမ်းလေး
ထောင်းပါ။
မုန်လာဥဖြူ
မုန်လာဥနီ
အာလူး
ပြုလုပ်နည်း
၁။ ရေနွေးဆူဆူထဲ စပါးလင်၊ ကြက်သွန်ဖြူနှင့် ချင်း တို့ကို ထည့်ပြီး မွှေးလာမှ ငါးအရိုးများ ထည့်ပါ။ ဆား ထည့်ပြီး မီးအေးအေးနဲ့ မိနစ် ၂၀ ခန့် တည်ပါ။
၂။ အရိုးပြုတ်ရည်ရပြီဆိုလျှင် ငါးအရိုးများကို ဆန်ခါနဲ့ စစ်ပြီး အရည်ကြည်ကိုသာ ယူပြီး မုန်လာဥနီ၊ မုန်လာဥဖြူနှင့် အာလူးတို့ကို နူးအောင် ထည့် ပြုတ်ပါ။ အပေါ့အငန် မြည်းပြီး လိုသလိုပြင်ပါ။
၃။ ပြီးလျှင် ကလေးရော လူကြီးပါ မိုးရာသီအတွက် အကောင်းဆုံး အာဟာရဖြည့်တဲ့ အရိုးပြုတ်ရည်
ကို ရပါပြီ။
၄။ ငါးကြင်းကိုပေါင်းပြီး အသားနွှင်ထည့်မည်ဆိုလျှင် အချိုအရသာပိုလေးတာမို့ ပွဲပြင်တော့ ထည့်ပေး ထားပါတယ်။
တစ်နှစ်အောက်ကလေးအတွက်ဆိုရင် ဆား၊ ငရုတ် ကောင်းမပါဘဲ ချက်ပါ။