
by May’s Healthy Food for Food Magazine
ပဲနို့လုပ်နည်းလေးကတော့ မေမေတစ်ယောက်က မေးထားလို့ ရေးပေးဖြစ်တာပါ။အိမ်မှာက ပဲနို့ကို တစ်ခါတလေပဲ သောက်ဖြစ်နေတော့ ဝယ်ပြီးသောက်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ဘာသာလုပ်တာကတော့ အကောင်းဆုံးဆိုတာ သိလိုက်တော့ ကိုယ့်ဘာသာပဲ လုပ်သောက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ရယ်ဒီမိတ် ပဲနို့တွေက ကလေးတွေအတွက် စိတ်မချရတာမို့ အိမ်မှာလုပ်ပြီး တိုက်သင့်ပါတယ်နော်။ တစ်ရက်ခြား တစ်ခါလောက်ပေါ့။ နောက် ပဲနို့က တစ်နှစ်ကျော် ကလေးတွေအတွက်ပါပဲ။
. Soyabean 1 cup ကို ညကတည်းက ရေစိမ်ထားပါ။
မနက်ရောက်တဲ့အခါ ပဲကို အခွံနွှာပါ။ ပဲကို အခွံနွှာတဲ့အခါ တစ်စေ့ချင်းစီ နွှာစရာ မလိုပါဘူး။ လက်နဲ့ ဖွဖွဆုပ်နယ်ပြီး အခွံတွေနွှာရင် မြန်ပါတယ်။ လေး၊ ငါးချက် နယ်လိုက်၊ ရေဆေးလိုက်ဆို အခွံတွေက ရေပေါ်တက်လာရင် သွန်လိုက်ရုံပါပဲ။ အခွံနွှာဖို့ လက်နဲ့ ပွတ်လိုက်၊ ရေဆေးလိုက် အကြိမ်ကြိမ်လုပ်ပြီး ပဲနဲ့ရေအတိထည့်ကာ ၁၀ မိနစ်ခန့် အဖုံးဖွင့်ပြီး မီးအလယ်အလတ်နဲ့ တည်ပါ။ ၁၀ မိနစ်ပြည့်ရင် အပေါ်မှာ ကျန်နေတဲ့ အခွံတွေတက်နေပါလိမ့်မယ်။ နောက်တစ်ခါ ရေအေးနဲ့ ပြန်ဆေး၍ အခွံတွေကုန်သလောက် ဆိုရင် ဖျော်စက်ထဲ ရေထည့်ပြီး ကြိတ်ပါမယ်။ အဲဒီလိုလုပ်ရင် အခွံတွေလည်း ကျွတ်ပြီး အမြှုပ်လည်း မထတော့ပါဘူး။ ပဲစိမ်းအနံ့လည်း သက်သာစေပါတယ်။
. ရေ ၆၀ဝ မီလီလီတာ သုံးပါမယ်။
ဖျော်စက်ထဲထည့်ပြီး ကြိတ်တဲ့အခါ ရေကို ပထမဆုံး ၃၀ဝ မီလီလီတာ ထည့်ပြီး ကြိတ်ပါ။ ကြိတ်လို့ ရလာတာတွေကို ပိတ်ပါးစခံပြီး စစ်ပါ။ ဖျော်စက်ထဲ ကျန်နေတဲ့ ပဲအနှစ်တွေကို ကျန်တဲ့ ရေ ၃၀ဝ မီလီလီတာနဲ့ အကုန်ရေကျင်းပြီး ပိတ်ပါးစခံကာ အရည်ညှစ်ယူပါ။ အဖတ်သတ်သတ်၊ အရည်သတ်သတ်ရပြီဆိုလျှင် ပဲအရည်တွေကို မီးအလယ်အလတ်နဲ့ မလိုင်အပေါ်တက်လာသည်အထိ ကျိုပါ။ ပဲနို့ ၅၀ဝ မီလီလီတာလောက် ကျန်ပါလိမ့်မယ်။ ပြီးမှ သကြားခတ်သောက်ပါ။ ဆားနည်းနည်းထည့်ပါ။ (ကျွန်မကတော့ မထည့်ပါဘူး။) အအေးအနေနဲ့သောက်ချင်လျှင် ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
* ရေခဲသေတ္တာထဲ ထည့်သိမ်းလျှင် လုပ်ပြီးတဲ့ရက်ရယ်၊ နောက်နေ့တစ်ရက်ရယ် နှစ်ရက်ပဲ အထားခံပါမယ်။