
by May’s Healthy Food for Food Magazine
Food Magazine ပရိသတ်အားလုံး မင်္ဂလာပါနော်။ ဒီလတော့ ကလေးအကြိုက် အာလူးကို ပန်ကိတ်ပုံစံပြုလုပ်နည်းလေး ရေးထားပေးပါတယ်။ ကာဗိုဟိုက်ဒရိတ် အမျိုးအစားထဲမှာ အာလူးပါဝင်တာမို့ ထမင်းမစားချင်တဲ့ သားသား၊ မီးမီးတို့အတွက် ထမင်း အစားထိုးကျွေးရင်လည်း အဆင်ပြေသလို နေ့လယ်သရေစာအဖြစ်လည်း ကျွေးလို့ရပါတယ်။ ထုံးစံအတိုင်း လုပ်ရတာ မခက်ဘဲ အာဟာရလည်း ပြည့်တာမို့ မေမေတို့ နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်းများ
အာလူး – ၃ လုံး (လက်တစ်ဆုပ်အရွယ်)
ပြောင်းကော်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း (မောက်မောက်)
ဆား – လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
သကြား – ထမင်းစားဇွန်း ၁/၂ ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
ထောပတ် – ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာပြီး ခြစ်တံဖြင့် ခြစ်ပါ။
၂။ အာလူးခြစ်ပြီးသားထဲ ပြောင်းကော်မှုန့်၊ ဆားနှင့် သကြားတို့ကို ထည့်၍ နှံ့အောင် မွှေပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်၍ အာလူးအရောကို ထည့်ကာ ဇွန်းနဲ့ အပြားဖြစ်အောင် လိုက်ညှိပါ။
၎။ မီးအလယ်အလတ်ဖြင့် ဘေးသားများ ကြွပ်လာလျှင် တစ်ဖက်သို့ လှန်ပေးပါ။ နှစ်ဖက်စလုံး နီနီကြွပ်ကြွပ်လေးဖြစ်ပြီဆိုလျှင် ကလေးကို ကျွေးလို့ရပါပြီ။ ထောပတ်နံ့ သင်းသင်းနဲ့ ဘေးသားကြွပ်ကြွပ်၊ အလယ်က အိအိလေးနဲ့မို့ ကလေးတို့အကြိုက် ဖြစ်စေမှာပါ။
*** တစ်နှစ်အထက် ကလေးတွေကိုပဲ ကျွေးသင့်ပါတယ်။ အာလူးက အစိမ်းကို ခြစ်ရမှာပါ။ ခြစ်လို့ထွက်လာမယ့်အရည်ကို သွန်မပစ်ရပါဘူး။ လုံးဝ အဖုံးမအုပ်ရပါ။