
by May’s Healthy Food for Food Magazine
Somen ဆိုတာ ဂျပန်ခေါက်ဆွဲတစ်မျိုးပါ။ ဂျပန်ခေါက်ဆွဲကိုမှ အသီးအရွက်က ရတဲ့ သဘာဝအရောင်တွေကို အသုံးပြုပြီး ခေါက်ဆွဲလုပ်ထားတာမို့ အသီးအရွက်မစားတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေစေမှာပါ။ ဒီတစ်လအတွက် ရောင်စုံဆိုးမန်ကို အသုံးပြုပြီး နေ့လယ်စာအတွက် ပြင်ဆင်ထားပေးပါတယ်။ ဒီရောင်စုံဆိုးမန်က ဆားမပါဝင်တာမို့ တစ်နှစ်အောက်ကလေးတွေကိုလည်း ကျွေးလို့ရတယ်။ တစ်နှစ်အောက် ကလေးတွေအတွက်တော့ ပျော့ပျော့လေး ပြုတ်ပေးဖို့ လိုမယ်။ ကြက်စွပ်ပြုတ်ရည်လေးနဲ့ ကျွေးလို့ရပြီး အာဟာရလည်း ဖြစ်စေတယ်။ အခုကတော့ တစ်နှစ်အထက် ကလေးတွေအတွက်ပါနော်။
ပါဝင်ပစ္စည်းများ
ပုစွန် – ၁၀ ကျပ်သား
ဆိုးမန်ခေါက်ဆွဲ – ၁၀ဝ ဂရမ်
ဆား – အနည်းငယ်
ငရုတ်ကောင်း – အနည်းငယ်
ကြက်သွန်ဖြူ – ၁ မြွှာ (နုပ်နုပ်စဉ်း)
ခရုဆီ – ထမင်းစားဇွန်း ၁/၂ ဇွန်း
ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပုစွန်ကို အခွံခွာပြီး သန့်စင်၍ ဆား၊ ငရုတ်ကောင်းဖြင့် နယ်ထားပါ။ ဆိုးမန်ခေါက်ဆွဲကို ရေနွေးဆူဆူမှာ ၂ မိနစ် ပြုတ်၍ ရေအေးပြန်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူကို မွှေးအောင် ဆီသတ်ပြီး ပုစွန်ထည့်ပါ။ ပုစွန်အရောင်ပြောင်းပြီး ကျက်လျှင် ခေါက်ဆွဲထည့်ပြီး ခရုဆီ ထည့်၍ မွှေပါ။ အရသာကို လိုအပ်သလိုပြင်ပြီး စားရန် အသင့်ဖြစ်ပါပြီ။