
by May’s Healthy Food
ဒီတစ်လတော့ မိုးအေးအေးမှာ ကလေးတို့အကြိုက်ဖြစ်စေမယ့် ရွှေဖရုံသီးဟင်းချို (Creamy Pumpkin Soup) လုပ်နည်းလေး ရေးပေးမယ်နော်။ သမီးကတော့ Pumpkin လို့ ပြောလိုက်တာနဲ့ Hollowed ပွဲကို မြင်တော့တာပါပဲ။ ကျန်ခဲ့တဲ့လအတွက်တော့ ပြောင်းဖူးဟင်းချိုလုပ်နည်းလေး ပြောပြပေးထားပါတယ်။ ဒီလရဲ့ ရွှေဖရုံသီးဟင်းချိုမှာတော့ ဗီတာမင် (A, C, E, B5), Fiber, Potassium, Zinc, Iron, Magnesium စတဲ့ ဗီတာမင်တွေ ပါဝင်တာမို့ ကလေးတို့အတွက် ဘက်စုံဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။
တစ်နှစ်အောက်ကလေးတွေအတွက် Pumpkin နဲ့ ကြက်ပြုတ်ရည်လေး ရောပြီး ကျွေးလို့ရပါတယ်။ လုပ်ရတာလည်း လွယ်ပြီး အချိန်လည်း သိပ်မကုန်ဘဲ ကလေးတွေ အကြိုက်ဖြစ်စေမှာ အမှန်ပါနော်။
ပါဝင်ပစ္စည်းများ
ရွှေဖရုံသီး – ၂၀ ကျပ်သားခန့် (အခွံနွှာ၊ အတုံးတုံး၊ ရေဆေးပြီး ရေခံ၍ နူးအောင် ပေါင်းပါ။)
ကြက်သွန်နီအဝါ – တစ်ခြမ်း (ပါးပါးလှီး)
ထောပတ် – ထမင်းစားဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
Cooking Cream (သို့) Full Cream Milk – ဟင်းချိုပန်းကန် တစ်ဝက်
ကြက်စွပ်ပြုတ် – ဟင်းချိုပန်းကန် တစ်ဝက်
ပြုလုပ်နည်း
၁။ ထောပတ်ကို အပူပေး၍ ကြက်သွန်ဆီသတ်ပြီး နွမ်းလာပြီဆိုလျှင် ပေါင်းထားသော ရွှေဖရုံသီးထည့်ပါ။ ကြက်စွပ်ပြုတ်ထည့်၍ ၁၀ မိနစ်ခန့် ဆူပွက်အောင်တည်ပြီး ဖျော်စက်ထဲ ထည့်မွှေပါ။
၂။ ဖျော်စက်ဖြင့် မွှေထားတဲ့ ရွှေဖရုံသီးအရည်ကို အိုးထဲပြောင်းထည့်ပြီး နောက်တစ်ကြိမ် ၁၀ မိနစ်ခန့် ထပ်၍ကျိုပါ။
၃။ သကြားနှင့် ဆားထည့်ပြီး Cooking Cream (သို့) နို့ကို ထည့်၍ ပွက်လာသည်အထိ ကျိုပါ။ အပေါ့အငန်မြည်းပြီး ၅ မိနစ်ခန့်ကျိုပြီးလျှင် ကလေးကို ကျွေးလို့ရပါပြီ။
ချိစ်ထည့်ပြီး ကျွေးမည်ဆိုလျှင်လည်း ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိစေပါတယ်။
* ၁ နှစ်အထက် ကလေးများအတွက်သာ။