ကာစာမီယား အိမ်ချက်အရသာ အီတလီစာ

ကာစာမီယား အိမ်ချက်အရသာ အီတလီစာ

အီတာလျံစကား ကာစာမီယား  (Casamia) ဆိုတာ My home လို့အဓိပ္ပာယ်ရပါတယ်။ နာမည်နဲ့လိုက်အောင် အိမ်ချက်အီတာလျံအစားအစာတွေကို အီတာလျံလူမျိုး စားဖိုမှူး ကိုယ်တိုင် ကြီးကြပ်ချက်ပြုတ်ပေးနေတာဖြစ်လို့  ဆိုင်ဖွင့်ပြီးတဲ့ ၃ လအတောအတွင်းမှာပဲ လူသိများလာခဲ့ တဲ့ဆိုင်လေးကတော့ ရန်ကုန်မြို့၊ မြို့လယ်ခေါင်၊ ဆူးလေ ဘုရားလမ်း၊ Sule Spuare မြေညီထပ်မှာရှိပါ တယ်။ Sule Shangri-La ဟိုတယ်နဲ့ဆက်ထားတဲ့ အဝင်ပေါက်ဘေး ကက်လျက်မှာပဲရှိနေတဲ့ ဒီဆိုင်လေးကို စာဖတ်သူများနဲ့ မစိမ်းလှတဲ့ YaKum, House of Singapure စတဲ့ အောင်မြင်တဲ့ စားသောက်ဆိုင်တွေကို ဖွင့်လှစ်ထားတဲ့ အဖွဲ့ကပဲ ခြေလှမ်းသစ်တစ်ခုအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

ဆိုင်မျက်နှာစာတစ်ဖက်မှာ အီတလီဝိုင် ပုလင်း မျိုးစုံကိုပြသထားတဲ့ Wine Stand နဲ့ အလှဆင်ထားပြီး တစ်ဖက်ခြမ်းကိုတော့ လွတ်လွတ်လပ်လပ်ထိုင်နိုင်မယ့် ဘားထိုင်ခုံများနဲ့ ကောက်တေးဘားကို ပြင်ဆင် ပေးထားပါတယ်။ ဆိုင်မျက်နှာစာအလည်တည့်တည့်မှာတော့ အီတာလီရဲ့နာမည်ကြီး Sparking Water ပုလင်းတွေ ဖန်ထည်၊ ကြွေထည်ပစ္စည်းများနဲ့ ကော်ဖီ၊ ပါစတာနဲ့ ဟင်းချက်စာအုပ်တွေကိုပါ လှပသေသပ်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ စင်ပေါ်မှာပြသထားပြီး ဒီစင်ကပဲ ဆိုင်အတွင်းဘက်နဲ့ အပြင်ဘက်ခြမ်းကို ကာရံပေးထားတဲ့ ခန်းစည်းအနေနဲ့ ရှိနေပြန်ပါတယ်။ ကျောက်သားမျက်နှာပြင်နဲ့ ဘားကောင်တာအရှည်ကြီး ကတော့ ဆိုင်ဘေးတစ်ခြမ်း အပြည့်နေရာယူထားပါတယ်။ ဘားကောင်တာကြီးရဲ့ ဟိုးဘက်မျက်နှာချင်းဆိုင် အဆုံးမှာတော့ CASA MIA ရဲ့ မီးဖိုချောင်ကို တွေ့ရမှာဖြစ်ပါတယ်။ အလယ်နေရာတွေကတော့ ကျွန်တော်တို့ အတွက် အေးအေးဆေးဆေးစားသောက်နားနေနိုင်မယ့် သစ်သားအဖြူရောင်မျက်နှာပြင်နဲ့ စားပွဲတွေ၊ ကျောက်သားမျက်နှာပြင်စားပွဲတွေကို ပြင်ဆင်ခင်းကျင်းထားတာတွေ့ရပါတယ်။ ဆိုင်တစ်ဆိုင် လုံးကိုတော့ အက်ဒီဆင်မီးသီးတွေ၊ မီးဆိုင်းတွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ သီးသန့်ခန်းတစ်ခန်းကိုတော့ တကယ့်သီးသန့်ဆန်ဆန် ဆိုင်အရှေ့ဘက်ထောင့်က Wine Stand အနောက်ဘက်မှာပြင်ဆင်ထားပါတယ်။ နံရံတွေမှာကတော့ အီတလီရဲ့ထင်ရှားခဲ့တဲ့ အစား အသောက်အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာတွေကို ဘောင် သွင်းချိတ်ဆွဲထားပါတယ်။

အနောက်ဘက်နံရံမှာတော့ ပါစတာအထုပ်တွေ ဝိုင် ပုလင်းတွေနဲ့အလှဆင်ထားတဲ့ နံရံကပ်ဗီရို တစ်ခုကို လှလှ ပပတပ်ဆင်ထားတာတွေ့ရပါတယ်။

တစ်ဆိုင်လုံးလှည့်ပတ်ကြည့်ပြီးတော့ မီနူးတွေ ဘက် စပ်စုကြည့်တာပေါ့။ အီတာလျံ အစားအစာတွေမှာ ခံတွင်းဖွင့်စာ Starter Appetizer ကို Antipasti လို့ခေါ်ပြီး အမယ်များစွာရှိတဲ့ထဲက အသားနည်းနည်း အသီးအရွက် များများနဲ့ Balsamic Vinegar Cream နဲ့ ပြင်ဆင်ထားတဲ့ အသုပ်ပွဲတစ်မျိုးကို မှာယူမြည်းစမ်းကြည့်မိပါတယ်။LONZINO DI MAIALE MARINATO CON INSALATE MISTE CREMA DI BALSAMICO လို့နာမည်ပေးထားတဲ့ ဒီအသုပ်ပွဲကိုတော့ ဆားနဲ့ သကြားဆတူရောစပ်ပြီး အသားမှာ အရသာသွင်းထားပြီး သဘာဝအတိုင်း ခြောက်ခံထားတဲ့အသားကို ပါးပါးလေးလွှာပြီး အသီးအရွက်များနဲ့ တွဲဖက်သုံးဆောင်ရတာဖြစ်ပါတယ်။ အသားပါးပါးလွှာ လွှာလေးရယ် ဟင်းသီးဟင်းရွက် ကြွပ်ကြွပ်ရွရွ လတ် လတ်ဆတ်ဆတ်တွေရယ် Balsamic Cream ချဉ်ပြုံးပြုံး လေးရယ် ရောနှောစားသောက်ရတာက ရာသီဥတုပူချိန်နဲ့ တော့ လိုက်ဖက်တဲ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။

အသုပ်ပွဲ Appetizer သုံးဆောင်ပြီးရင်တော့ အစီ အစဉ်အတိုင်း ဆက်သွားသင့်တာက Pasta ဖြစ်ပါတယ်။ CASA MIA မှာ အသင့်ပြုတ်ပြီးချက်ပြုတ်ရတဲ့ ပါစတာ အခြောက်များကိုမသုံးဘဲ စားဖိုမှူးကိုယ်တိုင်စီမံထားတဲ့အိမ်လုပ် Paste ကိုသာသုံးပါတယ်။ Panne Pasta တစ် မျိုးတည်း အတွက်သာ Dry Pasta ကို သုံးတယ်လို့လည်း သိရပါတယ်။ အီတလီမှာ ယေဘုယျအနေနဲ့ နာမည်ပေးထားတဲ့ ကော်တယ်လီ Tortelli ကတော့ အာရှရဲ့ ဖက်ထုပ် နဲ့ဆင်ဆင်တူတဲ့ ရိုဗီဂိုလီ Ravioli လို့ အလွယ်သိကြတဲ့ ပါစတာတစ်မျိုး ဖြစ်ပါတယ်။ TORTELLI DI ZUCCA ကို ရိုကာတာချိစ် Recotta Cheese နဲ့ ရွှေဖယုံသီး အဆာ သွတ်ထားပြီး ထောပတ်ပူပူလောင်းပြီး ပါမီစန်ချိစ် Parmesan Cheese နဲ့ လစ်ကွာတစ်မျိုးနဲ့လုပ်ထားတဲ့ ဘီစကတ်အကြေလေး တွေဖြူးပြီး ပြင်ဆင်ထားပါတယ်။ ထောပတ်ရနံ့ Thyme ဟင်းခတ်ရွက်ရနံ့မွှေးမွှေးလေး ခံတွင်းမှာခံစားနေရပြီး ရွှေဖရုံသီးအနှစ်ချိုချို ချိစ်အရသာ ဆိမ့်ဆိမ့်လေးကိုပါ ခံစားရတဲ့ ရိုးရာအစားအစာတစ်မျိုး ဖြစ်ပါတယ်။

နောက်ထပ် ဆက်လက်သုံးဆောင်သင့်တာက တော့ အဓိကဟင်းလျာအနေနဲ့ မှာယူရမယ့် ဝက်သား ဟင်းလျာ Pork Chop ဖြစ်ပါတယ်။ အသားပြားအကြီးကြီး ကြွပ်ကြွပ်ရွရွကြော်ထားတာဖြစ်လို့ ကျွန်တော်တို့အတွက် ဆို ၂ ယောက်လောက်အတူစားမှ ကုန်နိုင်မယ်ထင်ရပေမယ့် အရသာဆွဲဆောင်မှုကြောင့် သူများလာပြီး Share မှာကို စိုးရိမ်ရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ လီမွန်သီးစိပ်လေးညှစ်ပြီး စားပွဲပေါ်မှာအသင့်ချပေးထားတဲ့ ပင်လယ်ဆားနဲ့ တွဲဖက်စားလိုက်ရတဲ့ အရသာက စားဖိုမှူး ရဲ့ မိသားစုချက်ပြုတ်နည်း အတိုင်းပြင်ဆင်ပေးထားတာလို့ သိရပါတယ်။

နောက်ဆုံးအချိုပွဲအနေနဲ့ကတော့ အီတလီမှာ အပေါများဆုံးရနိုင်တဲ့ Apple Cake နဲ့ ရေခဲမုန့်ဖြစ်ပါတယ်။ ရွာထဲကနေရာတိုင်းမှာရှိတဲ့ ပန်းသီးပင်တွေကနေရတဲ့ ပန်းသီး၊ ခြံထဲမှာမနက်တိုင်းဥချထားတဲ့ ကြက်ဥကို ကောက်ပြီး ဂျုံလေး၊ ယိစ်လေး၊ ထောပတ်လေး နည်း နည်းနဲ့ လူတိုင်းလုပ်တတ်တဲ့ ကိတ်မုန့်တစ်မျိုးဖြစ်ပါတယ်။ မိဘရိုးရာအတိုင်းချက်ပြုတ်တဲ့ အစားအစာ Menu များ ကို စုစည်းထားတာဖြစ်လို့ My Home လို့နာမည် အဓိပ္ပာယ်ရတဲ့ CASA MIA မှာထိုင်ပြီး ဘီယာ၊ ကောက် တေးမျိုးစုံအပြင် အီတာလီနာမည်ကြီး ဝိုင်တွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။

ရန်ကုန်မြို့လယ်ဖြစ်တဲ့  ဆူးလေနားတစ်ဝိုက်မှာတော့ နိုင်ငံတကာအဆင့်မှီအောင် ဖွင့်လှစ်လာတဲ့ ရုံးခန်းတွေ၊ စင်တာတွေများစွာပေါ်ထွက်လာပြီး ဒီဈေးကွက်ကြီးကို ခွဲဝေယူမယ့် စားသောက်ဆိုင်တွေရဲ့ ယှဉ်ပြိုင်မှုတွေကလည်း အလျှိုအလျှို ပေါ်ထွက်လာပါတယ်။ ဒီပြိုင်ပွဲထဲကို CASA MIA က အီတာလျံစားဖိုမှူးကိုဦးဆောင်စေပြီး အီတာလျံ အိမ်ချက်အစားအစာတွေနဲ့  ဝင်ရောက်လာပါ ပြီ။ CASA MIA ရဲ့လက်စွမ်းကို မြည်းစမ်းကြည့်ဖို့က စာဖတ်သူများနဲ့ စားသုံးသူများရဲ့ ရွေးချယ်မှုတစ်ခုဖြစ် လာနိုင်စေဖို့ Food Magazine Eating Out ပြီး တင်ဆက်ပေးလိုက်ပါတယ်။

►   CASA MIA

Sule Square #01-14, 221 Sule Pagoda Road, Kyauktada Township, Yangon, Myanmar.

+ 95 996 434 8881 / • 01 9255136

Facebook : Casa Mia Italian Kitchen adn Bar

Instagram : CASAMIA_YANGON

Email : [email protected]

Website : www.casamia.com.mm

Facebook Comments