
by သစ်ထူး for Food Magazine
ရှမ်းလူမျိုးတွေရဲ့ ရှေးဒဏ္ဍာရီ ပုံပြင်တွေအရ နဂါးမင်းသမီးလေးက သူ့ချစ်သူကို စောင့်နေရင်းကနေ နှစ်ပေါင်းကြာလာတော့ နဂါးမင်းသမီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ တောင်တွေဖြစ်သွားတဲ့အထိပါပဲ။ ဒီလို မိမိခန္ဓာကိုယ်ကြီး တောင်တွေဖြစ်သွားတဲ့အထိ ချစ်သူကို စောင့်နေခဲ့တဲ့ နဂါးမင်းသမီးလေးရဲ့ ချစ်သစ္စာကို ရှမ်းလူမျိုးတွေက စံထားခဲ့ပြီး ပေါ်လာတဲ့ တောင်အလုံး ၃၀ ရှိရာ ဒေသကိုလည်း လွိုင်ဆမ်ဆစ် (တောင်အလုံး ၃၀) လို့ နာမည်ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ ဒီဒေသဟာ ရေမြေသဘာဝကောင်းပြီး အစားအသောက်ကောင်းတွေလည်း ပေါများကာ ယဉ်ကျေးမှု ထွန်းကားတဲ့နေရာ ဖြစ်ခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။
ဒီလိုရာဇဝင်သမိုင်းကြောင်းရှိခဲ့တဲ့ နာမည်ကို အစွဲပြုပြီး ရန်ကုန်မြို့မှာ ရှမ်းပြည်နယ်တစ်ခွင်က ဒေသစာ စားသောက်ဆိုင်တစ်ဆိုင်ရှိလာတာ ၂ နှစ်နီးပါး ရှိခဲ့ပါပြီ။ ရန်ကုန်မြို့ရဲ့ လွယ်ဆမ်ဆစ်ကို ရှင်စောပုလမ်းမကြီးပေါ်မှာ ရှမ်းရိုးရာ ခြေတံရှည်အိမ်ကြီးအဖြစ်နဲ့ တွေ့ရမှာဖြစ်ပါတယ်။ အောက်ထပ်ကို Open Air ပုံစံ ပြင်ဆင်ထားပြီး သစ်သားခုံ၊ သစ်သားစားပွဲတွေကို နေရာအပြည့်နီးပါး ခင်းကျင်းပေးထားပါတယ်။ အောက်ထပ်မှာပဲ ဖျော်ရည်မျိုးစုံနဲ့ ကော်ဖီတွေကို ဖျော်စပ်ပြင်ဆင်ပေးနေတဲ့ ဘားကောင်တာတစ်ခု တွေ့ရပါတယ်။
အပေါ်ထပ်ကိုတော့ မှန်အလုံပိတ်ထားတဲ့ ဒီဇိုင်းနဲ့ အေးအေးလူလူ နားနားနေနေ စားသောက်နိုင်အောင် ခင်းကျင်းပေးထားပါတယ်။ နံရံတစ်ဖက်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ရှမ်းဘုရင်တစ်ပါးရဲ့ ဘွဲဓားလွယ်ထားပြီး အဆောင်အယောင်အပြည့်နဲ့ ပန်းချီကားက ခန့်ညားလို့နေပါတယ်။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ အဆိုအရ ဒီဘုရင်ရဲ့ အချိန်ကာလဟာ BC ခေတ်လောက်ကတည်းကလို့ ဆိုပါတယ်။ စော်ဘွားတွေ တန်ခိုးအာဏာ ထွန်းတောက်ခဲ့တဲ့အချိန်ထက် အများကြီးရှေးကျခဲ့ပါတယ်။ ပန်းချီကားရဲ့ အခြေက စားပွဲခုံပေါ်မှာတော့ ဘွဲဓားနဲ့ ရိုးရာဆောင်ဓားတွေကို ခင်းကျင်းပြီး အလှဆင်ပြသထားတာ တွေ့ရပါတယ်။ နောက်ထပ် ထူးခြားတာက ကျွန်တော်တို့ မသိမမီလိုက်တဲ့ ကျိုင်းတုံစော်ဘွားရဲ့ စော်ဘွားဟော်ပုံ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေ၊ နယ်ပယ်နဲ့ ပိုင်ဆိုင်မှု၊ မိမိခေါင်းဆောင်အပေါ် တန်ဖိုးထား လေးစား အားကိုးမှုတွေကို အစီအစဉ်တကျ ဖျက်ဆီး ဖျောက်ဖျက် ပစ်ခဲ့ကြတဲ့ ခေတ်တစ်ခေတ်ဆီမှာ တော်တော်များများ ကွယ်ပျောက်သွားခဲ့ဖူးတာကို အမှတ်တရ ရှိစေပါတယ်။ အခြားလေ့လာစရာ သမိုင်းဝင်ဓာတ်ပုံတွေကိုလည်း ချိတ်ဆွဲပြသထားပါတယ်။ တစ်ဆိုင်လုံးမှာ အလှပဆုံး အပြင်အဆင်ကတော့ မီးပုံးလေးတွေ ဖြစ်ပါတယ်။ အပေါ်ထပ်ရော အောက်ထပ်မှာပါ တွေ့ရမယ့် မီးပုံးလေးတွေက ဆိုင်အတွက် လိုအပ်မယ့် အလင်းပေးမှုကို တာဝန်ယူပေးထားပါတယ်။ ရိုးရာအစားအစာတွေနဲ့ ဒေသထွက်ကုန်များကို ရောင်းချပေးနေတဲ့ နေရာလေးတွေလည်း အပေါ်ထပ်ရော အောက်ထပ်မှာပါ တွေ့ရပါတယ်။
အစားအစာစာရင်းမှာတော့ ရှမ်းပြည်နယ်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း အစားအစာတွေကို အဓိကတွေ့ရပြီး ထိုင်းအစားအစာတချို့လည်း တွေ့ရပါတယ်။ ဒီတစ်ခေါက် လွယ်ဆမ်ဆစ် အတွေ့အကြုံမှာတော့ အသစ်အဖြစ် ပါဝင်လာမယ့် Set Menu တစ်မျိုးကို အဓိကထားပြီး မိတ်ဆက်ပေးသွားပါ့မယ်။ ဆစ်ဆောင်ပန်းနားလို့ နာမည်ပေးထားပါတယ်။ ငါး၊ ပုစွန်၊ ကြက်၊ ဝက်၊ အမဲနဲ့ သီးနှံ အရွက်စုံလင်အောင်ပါတဲ့ ဟင်းလျာများပေါင်းစုထားတဲ့ Set ဖြစ်ပါတယ်။ လူ ၃ ယောက် ကောင်းကောင်းစားလို့ရတဲ့ ဟင်းလျာအစုံ ပါဝင်ပါတယ်။
တောင်ပေါ်ဒေသ အစားအစာတွေဖြစ်တဲ့အတွက် ဆီမပါသလောက်နည်းပါးလွန်းပြီး ဒေသထွက် ဟင်းသီးဟင်းရွက်များကို အများဆုံးသုံးထားတဲ့ ဟင်းလျာအများစု ပါဝင်ပါတယ်။ ပုစွန်တုပ်ကင်ကတော့ ပုစွန်ကို ကျောခွဲ သန့်စင်ထားပြီး မီးသွေးမီးမှာ ကင်ထားလို့ အခွံကိုမီးသင့်တဲ့ ရနံ့လေးသင်းနေတာကြောင့် အနံ့အရသာကို ထပ်ဖြည့် ပေးတဲ့ ရနံ့တစ်မျိုးအနေနဲ့ ပြည့်စုံထူးခြားလှပါတယ်။ နောက်တစ်မျိုးက ငါးတန်အအုံး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ငါးရှားတော့ အောက်ပြည်ကနေ ငါး ငါးပိကောင်တွေကို မှာယူစားသောက်ရတဲ့ ဓလေ့ရှိပါတယ်။ ဒီအစား အစာကတော့ ငါးပိကောင်ကို မီးအုံးထားတာဖြစ်ပါတယ်။ ငါးဆားနယ် ငါးပိကောင်ဆိုတဲ့အတိုင်း အရသာလေးလေးပင်ပင်ရှိပေမယ့် အတူတည်ခင်းထားတဲ့ ဟင်းသီးဟင်းရွက်တွေကြောင့် မျှတတဲ့ရသာရုံကို ခံစားရပါတယ်။ ရှမ်းရိုးရာအတိုင်း ညက်ညက်ထောင်းထားပြီး အစပ်ပါးပါးလေးနဲ့ ခံတွင်းပွင့်စေတဲ့ ပဲတောင့်ရည်ထောင်းလေး ဖြစ်ပါတယ်။ အဲဒီအထောင်းပြီးတော့ နောက်တစ်မျိုးက ခရမ်းသီးမီးအုံးထောင်းပါ။ ဒီအထောင်းနှစ်မျိုးနဲ့ လိုက်ဖက်မယ့် နောက်ထပ်အတွဲအစပ်က ကြက်၊ ဝက်၊ အမဲ စသည်တို့ကို ရိုးရာဟင်းခတ်တွေနဲ့ နယ်နှပ်ပြီး ကင်ထားတဲ့ အကင်ဖြစ်ပါတယ်။ ထူးထူးခြားခြား အကင်နဲ့တွဲဖက်စားရတဲ့ ဆော့စ် ၅ မျိုးကလည်း စိတ်ဝင်စားစရာပါ။ ဝက်အူခါးကို လှော်ပြီး အချဉ်ပြန်စပ်ထားတဲ့ ဆော့စ်တစ်မျိုး၊ ဝက်ဦးနှောက်ကို ဆော့စ်အဖြစ် ဖန်တီးထားတဲ့ ဆော့စ်တစ်မျိုးနဲ့ လူတိုင်း နီးပါး ကြိုက်ကြတဲ့ ကြက်သွန်ဖြူကို ငရုတ်နီလေးရော ညက်ညက်လေးထောင်းပြီး ပဲဆီနဲ့ ပြန်စိမ်ထားတဲ့ အနှစ်တစ်မျိုး၊ ရှမ်းငရုတ်နီကို အချဉ်ဖောက်ပြီး အနှစ်ကြိတ်ထားတဲ့ ဆော့စ်တစ်မျိုးနဲ့ မန်ကျည်းနှစ်ဆော့ပါဆို အားလုံး ၅ မျိုးကို တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် လဲလှယ်စားရတာကလည်း ထူးခြားတဲ့ အနံ့အရသာမျိုးစုံကို ရရှိစေ ပါတယ်။ အတူတွဲဖက်တည်ခင်းထားတဲ့ မုန့်ဖတ်လေး နည်းနည်းကို အရွက်မှာပုံ၊ အသားကင်လေးထည့်၊ ဆော့စ် လေးတွေ တစ်မျိုးပြီးတစ်မျိုး အလှည့်ကျလေးဆမ်းပြီး စားရတဲ့ အတွေ့အကြုံက ရှမ်းပြည်နယ်မြောက်ပိုင်း ရိုးရာအစားအစာရဲ့ စားသောက်မှုပုံစံ အသစ်အဆန်းလေး ဖြစ်လာတယ်လို့ ခံစားရပါတယ်။ နောက်ထပ် အကြိုက်တွေ့ခဲ့ရတာကတော့ ကြက်သားသုပ်ပါ။ ရှမ်းဟင်းခတ်ရွက်တွေနဲ့ အချဉ်အစပ်အရသာပါးပါးလေးပါအောင် သုပ်ထားတဲ့ အရည်ရွှမ်းတဲ့ အသုပ်တစ်မျိုးကတော့ ရှေ့မှာ စားထားသမျှလေးတွေကို ထပ်ကာထပ်ကာ ပြန်ပြီး နှိုက်စားချင်အောင် လှုံ့ဆော်ပေးနိုင်တဲ့ ခံတွင်းရှင်းပြီး ချဉ်စပ် မွှေးပျံ့စေတဲ့ အသုပ်တစ်မျိုးဖြစ်တယ်လို့ ဆိုချင်ပါတယ်။
Loi Sam Sip
Restaurant
No. 31, Shin Saw Pu Road,
Sanchaung Tsp., Yangon.
09 44246 7754