ဘူးသီး တောဓလေ့ ထမင်းဆိုင်

by သစ်ထူး for food Magazine

          ဒီနာမည်ကို စာဖတ်ပရိသတ် ရင်းနှီးနေတာကြာပါပြီ။ ကျွန်တော်တို့ ဘူးသီးကို ပထမဦးဆုံး မြန်မာပလာဇာမှာ စတင်မိတ်ဆက်ခွင့်ရခဲ့ပါတယ်။ မြန်မာပလာဇာရောက်တဲ့ အကြိမ်တော်တော်များများမှာ ဘူးသီးမှာ နေ့လယ်စာနဲ့ ညနေစာတွေ စားနေရာက နောက်တော့ Junction City ကို ရောက်တဲ့နောက် လိုက်စားမိပြန်ပါရော။ နောက်တော့ ဘူးသီးဟာ ပျောက်သွားလိုက်တာ တော်တော်ကြာကြာ အခုမှ ဗြုန်းဆို အံ့အားသင့်ဖွယ် အပြင်အဆင်တွေနဲ့ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းကို ပြန်လည်ရောက်ရှိလို့လာပါပြီ။

          ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ဗိုလ်ကလေးဈေးလမ်းထဲက YWCA အဆောက်အအုံရဲ့ မျက်နှာ ချင်းဆိုင်မှာ အသစ်ဖွင့်လိုက်တဲ့ ဘူးသီးတောဓလေ့ ထမင်းဆိုင်လေးကို ဆိုင်အဝင်ဝ အမိုးအဝါရောင်လေးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုင်ထဲကို လှမ်းဝင်ချိန်မှာတော့ ထူးခြား လှပတဲ့ အရောင်အစပ်အဟပ်တွေနဲ့ အတွင်းပိုင်းအလှ ဆင်ထားတဲ့ တစ်ထပ်ခွဲပုံစံဆိုင်အခင်းအကျင်းကိုတွေ့ရပါတယ်။ ထူးထူးခြားခြားဘူးသီးမှာ ပုလဲကွန်ဒို၊ City Mall တို့ ရောက်မှ တွေ့ရနိုင်တဲ့ Mr.Wok ကောင်တာတစ်ခုလည်း တွေ့ရပါတယ်။  အောက်ထပ်နေရာ တော်တော်များများကို Mr.Wok ရယ်၊ ဘူးသီးရဲ့ ဟင်းလျာတွေ ပြင်ဆင်ပြသ ထားတဲ့ ကောင်တာရှည်ကြီးရယ်၊ ဖျော်ရည်နဲ့ သောက်စရာ တွေ ပြင်ဆင်ပေးတဲ့ ကောင်တာတွေက နေရာယူထားပြီး အောက်ဘက်မှာ စားပွဲဝိုင်းအနည်းငယ်သာ နေရာပေး ထားပါတယ်။ ထူးထူးခြားခြား အောက်ထပ်စားပွဲတွေနားက နံရံမှာကပ်ထားတဲ့ ဘူးသီးတောဓလေ့ထမင်းဆိုင် စည်းကမ်းချက်များဆိုတဲ့ ခေါင်းစဉ်အောက်က စာတွေကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။ ထမင်းမစားခင် ပြုံးသွားစေမှာတော့ အမှန်ပါ။

          တစ်ထပ်ခွဲ ပြင်ဆင်ထားတဲ့ ဆိုင်ရဲ့ အပေါ်ဘက်ခြမ်း မှာတော့ ထိုင်ချင်စဖွယ် ကုလားထိုင်လေးတွေကို အပြာနုရောင်ကူရှင်လေးတွေ၊ ကြိမ်ရက်ထားတဲ့ ကျောမှီလေးတွေနဲ့ တစ်မူထူးအောင် ခင်းကျင်းထားတာ တွေ့ရပါတယ်။ ၄ ယောက်ဝိုင်း၊ ၂ ယောက် ဝိုင်းတွေကို အစီအရီ စီစဉ်ထားပုံ နေရာထိုင်ခင်းက သက်သောင့်သက်သာရှိလှပါတယ်။

          ပရိသတ်တို့ရေ… ဟင်းလျာအမျိုးပေါင်း (၂၉) ကျော်ရှိတဲ့ ဘူးသီးရဲ့ ဟင်းလျာကောင်တာကို ချဉ်းကပ် မိတယ်ဆိုရင်ပဲ မြန်မာ့မြေအညာဒေသဟင်းလျာတွေရဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဟင်းခွက်လေးတွေကို အစီအရီ တွေ့ရပါတယ်။ ဒီကောင်တာပေါ်က ဟင်းလျာတွေကို အပူချိန်တစ်ခုအထိ အမြဲတမ်းပေးထားကာ ဟင်းလျာတွေရဲ့ အရည်အသွေးကို စိတ်ချပြီး ဘေးကင်းသန့်ရှင်းစွာ စားနိုင်ဖို့ ပြင်ဆင်ထားပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အစားအစာကို စားသုံးသူတွေ ဘေးကင်းစိတ်ချစွာ သုံးဆောင်နိုင်ဖို့ သိုလှောင်ထိန်းသိမ်းရမယ့် နည်းစနစ်တွေကို ဘူးသီးက ကောင်းကောင်းနားလည်ပါတယ်။ ကြက်၊ ဝက်၊ဆိတ်၊ အမဲ၊ ငါး၊ ပုစွန် စတဲ့ ဟင်းလျာမျိုးစုံအပြင် အရန်ဟင်းမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်သုပ်မျိုးစုံတို့ကိုလည်း ဘူးသီးရဲ့  အစားအစာစာရင်းမှာ ထည့်သွင်းပေးထားပါသေးတယ်။

ကိုယ်တိုင်ကြိုက်ရာ လက်ညှိုးထိုးပြီးမှာ၊ ကိုယ်တိုင် ငွေရှင်း၊ ကိုယ်တိုင်ယူရတဲ့ ဝန်ဆောင်မှုမျိုးနဲ့ လွတ်လွတ် လပ်လပ် စားသောက်နိုင်တဲ့ ဒီဆိုင်လေးမှာ သဘောကျမိတာက ဆိုင်ထဲတစ်နေရာက ငါးပိရည်၊ တို့စရာ ကောင်တာလေးပါ။ ငါးပိရည်တို့စရာအစုံအလင်ကို မိမိစိတ်ကြိုက် ရွေးချယ်ယူငင်ပြီး သုံးဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ကုန်သလောက်ပဲ ယူသင့်တယ်လို့ အကြံပေးပါရစေ။ ဘူးသီးရဲ့ စည်းကမ်းတွေထဲမှာ အဲဒီအကြောင်းပါတယ်လေ။

          ဘူးသီးမှာ ထမင်း ၃ မျိုးရပါတယ်။ ထမင်းဖြူ၊ ထမင်းဆီဆမ်းနဲ့ ပဲဖြူထမင်းဆိုပြီး နှစ်သက်ရာ မှာနိုင်ပါတယ်။ ကျွန်တော့်အကြိုက်ဆုံးကတော့ ပဲဖြူထမင်းပါပဲ။ ပဲနူးနူးလေးတွေကို ထည့်ချက်ထားတဲ့ ထမင်းဝါဝါလေးက မြင်လိုက်တာနဲ့ စားချင်စဖွယ်ပါ။ ဘယ်လိုထမင်းနဲ့ပဲ တွဲစားပါစေ၊ ဘူးသီးဟာ အစဉ်အလာမပျက် ခံတွင်းလိုက်နေတယ်ဆိုတာ သူချက်ထားတဲ့ ဝက်သရက်လက်ဖက်နှပ်က သက်သေပါ။ ဝက်သားကို မအီအောင် နှပ်ထားတဲ့အပြင် လက်ဖက်အရသာစိမ့်စိမ့်လေးနဲ့ သရက်အရသာ ချဉ်ချဉ်လေး တွဲဖက်လိုက်တော့ အကောင်းဆုံးတွေ ပေါင်းစုံထားတဲ့ ဟင်းလျာတစ်ခွက်ဖြစ်နေတာပေါ့။ အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက် ရယ်လို့ ဆိုရိုးရှိတယ်လေ။ နောက်တစ်မျိုးက နာမည်ဆန်းဆန်းနဲ့ ဘဲဥဝက်သယောင်ဟင်းတဲ့။ ဝက်သားတော့ မပါပေမယ့် ဝက်သားအရသာဖြစ်အောင် ချက်ထားတာပါ။ ဟင်းက ဘဲဥဟင်းပေမယ့် နို့စိမ်းလေး ထည့်ချက်လိုက်တော့ အနှစ်ကလေးက ဝက်သားဟင်းအနှစ်လေးလို အရသာထူးပါတယ်။ ဟင်းအနှစ်လေးနဲ့ နှစ်ပြီး ခပ်ကြာကြာလေးချက်ထားတဲ့ ဘဲဥကတော့ အနှစ်အထိ အရသာ ဝင်ပြီး အကြိုက်တွေ့ရတဲ့ ဟင်းတွေထဲက ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ ဘူးသီးမှာ လူကြိုက်များတဲ့ နောက်ထပ် ဟင်းလျာတစ်မျိုးကတော့ ကြက်မော်လမြိုင်ချက် ဖြစ်ပါတယ်။ ဗမာကြက်ကို ကြက်သွန်နီအနှစ်လေး၊ မဆလာ နိုင်နိုင်လေးနဲ့ ဆီပြန်ချက်ထားတာလေးပါ။ ကျွန်တော် သဘောကျတဲ့ ပဲဖြူထမင်းနဲ့လည်း အလိုက်ဖက်ဆုံးလို့ မြင်မိပါတယ်။ ဘူးသီးဟင်းခါးနဲ့ ကုန်နိုင်သလောက်ပဲ ယူလာတဲ့ ငါးပိရည်၊ တို့စရာအပြင် ရာသီစာ မြေပဲ ဂွေးသီးနုထောင်းလေးကလည်း ထမင်းဝိုင်းမှာ ဟင်းမြိုင်မြိုင် စားတတ်သူတွေအတွက် အားဖြည့်ပေးမယ့် ဟင်းရန်တွေဖြစ်ပါတယ်။ ပဲလိပ်ပြာနှပ် ဆိမ့်ဆိမ့်လေးနဲ့ ဆေးမြင်းခွာရွက်သုပ်ကလည်း အရန်ဟင်းတွေထဲမှာ အရသာ ထူးခြားတဲ့ ဟင်းလျာလေးတွေဖြစ်ပါတယ်။

          မြန်မာဟင်းလျာတွေ၊ ထမင်းဟင်းတွေကို အနားပေးပြီး ထူးထူးခြားခြား စိတ်ကြိုက် ကိုယ်တိုင်အစပ်အဟပ်တွေနဲ့ စားတတ်တဲ့သူတွေကြိုက်မယ့် Mr.Wok မှာတော့ စိတ်ကြိုက် ပါဝင်ပစ္စည်းတွေကို ပေးထားတဲ့ ဆော့စ်တွေထဲက စိတ်ကြိုက်ရွေးပြီး ကိုယ့်အကြိုက်ဆုံး ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော် စတဲ့ အကြော်အလှော်တွေကိုလည်း မှာယူပြီး သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

          ရန်ကုန်မှာ ဆိုင်ခွဲ ၅ ဆိုင်အထိ ရှိလာပေမယ့် Mr.Wok ကြော်တွေဟာ ဘယ်ဆိုင်ရောက်ရောက် အရသာတစ်ပုံစံတည်းရှိနေတာ လူကြိုက်များတဲ့ အချက်ဖြစ်ပါတယ်။ အခုဆိုရင် ဖက်ထုပ်ပေါင်းကြော်လို၊ ကင်းမွန် ယမ်ယမ်လို ပိုတိုးထားတဲ့ အမည်သစ်တွေလည်း ရနေပြန်ပါတယ်။ ဘူးသီးမှာစားရင်း မီးနံ့သင်းတဲ့ ဒယ်ကြော်လေးပါ တွဲလို့ ရပါသေးတယ်။

          စားချင်တာတွေ စားချင်သလောက် စားပြီးပေမယ့် အချိုပွဲအတွက် နေရာလေးတော့ ချန်ထားသင့်ပါသေးတယ်။ သန့်သန့်ရှင်းရှင်းစားရခဲလှတဲ့ မုန့်လက်ဆောင်း၊ ပစ္စည်းအစစ်တွေ ရှားသွားတဲ့ခေတ်ကြီးမှာ ရှားရှားပါးပါး လက်ရာစစ်စစ် ထန်းသီးမုန့်၊ နာမည်ပြောလိုက်ရင် သောက်မယ့်သူတွေ လက်တွန့်တတ်ပေမယ့် ဘာမှမပြောဘဲ သောက်မိရင် အကြိုက်တွေ့ပြီး အမြဲသောက်တတ်ကြတဲ့ ကျွဲနို့ဒိန်ချဉ်၊ ကလေးတွေကြိုက်ကြတယ်ဆိုတဲ့ ချိစ်လက်ဖက်ရည်၊ ပုလဲလက်ဖက်ရည်စုံနေအောင်လည်း ရှိပါသေးတယ်။

          ဘူးသီးကို မြန်မာတွေ ကြွားလို့ရတယ်လို့ ကျွန်တော် ပြောဖူးတဲ့ Rangoon Tea House ကို တည်ထောင်ထားသူတွေက ဖွင့်လှစ်ထားတာဖြစ်လို့ ကျွန်တော်တို့ မြန်မာတွေအတွက် နိုင်ငံခြားသားတွေကို ခေါ်ကြွားစရာ နောက်ထပ် ဆိုင်တစ်ဆိုင် ထပ်ရှိလာပြီလို့ အသိပေးလိုက်ပါရစေ။

          ဘူးသီးရဲ့စည်းကမ်းတွေထဲက တစ်ခုလောက် မသွားခင် ဆင်ခြင်နိုင်ဖို့ သတိပေးပါရစေ။ ဖဲမရိုက်ရတဲ့… ထမင်းစားရင်း ဖဲရိုက်တတ်သူရှိရင် မသွားပါနဲ့နော်။

          ဘူးသီးရဲ့လိပ်စာက အမှတ် ၁၁၆/၁၁၈၊ မြေညီထပ်၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဖုန်း-ဝ၉ ၈၉၄၁၂၀၁၇၇ ပါ။

Facebook Comments