
by Syi Lwin (Foods Garden) for Food Magazine
ကိုရီးယားနိုင်ငံမှာ နှစ်အတော်ကြာကြာနေခဲ့တဲ့ စည့်အတွက်တော့ အာရှထိပ်တန်း လုပ်ငန်းစုကြီး ၁၀ ခု ထဲမှာပါဝင်တဲ့ ကိုရီးယားနိုင်ငံအခြေစိုက် နာမည်ကြီးလုပ်ငန်းစု လိုတေးအုပ်စု (Lotte Group) ရဲ့ Lotte Hotel နဲ့ ကိုရီးယားအစားအစာက မစိမ်းလှပါဘူး။ ရင်ထဲမှာ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ Food Magazine ပရိသတ်ကြီးအတွက် ယခုလမှာ ကိုရီးယားအစားအစာကို မြည်းစမ်းပြီး ပြန်လည်မျှဝေးရမယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။ ကိုရီးယားအစားအစာဆို အလွန်နှစ်သက်မိသူမို့လား မသိဘူး။ ဘယ်လို အရသာနဲ့ ဘယ်လိုလေးတွေ မြည်းစမ်း ရမလဲဆိုတာတွေးရင်း ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ Lotte Hotels & Resorts Yangon မှ Mugunghwa Korean Restaurant ကို နေ့လယ်စာ မြည်းစမ်းဖို့ ရောက်ရှိခဲ့ပါတယ်။ မူဂန်ဟွာ (Mugunghwa) ဆိုတာက ကိုရီးယားနိုင်ငံကိုယ်စားပြု ပန်းနာမည်တစ်မျိုးပါ။ “အမြဲ ရှင်သန်တယ်” လို့ အဓိပ္ပာယ်ရပါတယ်။
ဆိုင်အပြင်အဆင်
Mugunghwa Korean Restaurant ထဲ ခြေလှမ်း လိုက်တာနဲ့ ကိုရီးယားလို ခရီးဦးကြိုပြုကြတဲ့ ဝန်ထမ်းတွေရဲ့ ပြုံးချိုတဲ့အသံနဲ့ အမူအရာက စိတ်ကျေနပ်စရာပါ။ ဆိုင်အပြင်အဆင်ကလည်း ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတာကြောင့် နွေးထွေးပြီး စိတ်ထဲ ပေါ့ပါးလန်းဆန်းသလို ခံစားရပါတယ်။ ဆိုင်မှာ အနက်ရောင်များများ သုံးထားပြီးတော့ မီးဆိုင်းတွေနဲ့ မီးအရောင်ကို ရွှေရောင်သုံးထားပါတယ်။ ဖြူဖွေး သန့်စင်နေတဲ့ စားပွဲခင်း၊ ထိုင်ခုံနောက်မှီတွေနဲ့ အနက်ရောင်စားပွဲ၊ ကုလားထိုင်၊ ရွှေရောင်မီးဆိုင်းတွေက လိုက်ဖက်ညီလှပါတယ်။ တိုးလျှိုပေါက်မြင်နေရတဲ့ မှန်နံရံကြီးတွေကို ကျော်ကြည့်လိုက်ရင် အပြင်ရှုခင်းကတော့ ရန်ကုန်မြို့ရဲ့ အင်းယားကန်အလှပါ။ သာယာတဲ့ နောက်ခံတေးဂီတနဲ့အတူ အင်းယားကန်ကို ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေရဲ့ အရသာကို ခံစားရင်း သုံးဆောင်ချင်သူတွေအတွက် အပြင်ဘက်မှာလည်း ခင်းကျင်းထားတာကို တွေ့ရပါတယ်။
Welcome Dishes
စားပွဲပေါ်မှာ ခင်းကျင်းထားတာကတော့ အလှ ပန်းကန်ပြားကြီးနဲ့ နံဘေးမှာ အစီအရီနေရာချထားတဲ့ ကိုရီးယားစတိုင် ကြေးရောင် ဇွန်း၊ တူနဲ့ ဖန်ခွက်များကို အဖြူရောင်စားပွဲခင်းပေါ်မှာ ထင်ပေါ်အောင် ခင်းကျင်းထား ပါတယ်။ စည်တို့ အဖွဲ့သားတွေ အတွက် အထူးစပါယ်ရှယ် မြည်းစမ်းလို့ရအောင် ကြါကညါ့တေ Mugunghwa Korean Restaurant Course Menu ထဲက Welcome Dishes အချိုပွဲ၊ လက်ဖက်ရည်၊ ကော်ဖီ အပါအဝင် ၁၂ မျိုးပါဝင်တဲ့ Mugunghwa Course Menu ကို မြည်းစမ်းခွင့် ရခဲ့ပါတယ်။ စားပွဲမှာ ထိုင်လိုက်တာနဲ့ ကိုရီးယားစားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးထားတဲ့ ချစ်စရာပုံစံလေးနဲ့ ပြင်ဆင်ထားတဲ့ Welcome Dishes အကြော်စုံကို ပထမဆုံး လာချပေးပါတယ်။ ပန်းကန်ပေါ်မှာ တစ်ယောက်စာ သစ်ချသီးကြော်တစ်ခုနဲ့အတူ အကြော်စုံမှာ ကန်းစွန်းဥ၊ ပိန်းဥ၊ Yum, Ginseng Lotus တွေကို အချပ်လိုက် ပါးပါးလှီးပြီး ကြွပ်နေအောင် ကြော်ထားပြီး ဆားမှုန့်နဲ့ အပေါ်ကနေ ဖြူးထားတာဖြစ်လို့ စားလိုက်ရင် အချို၊ အငန် မျှတတဲ့ အရသာကြောင့် ခံတွင်းရှင်းစေပြီး နောက်ထပ်လာမယ့် အရသာတွေကို ပိုပြီး တောင့်တစေပါတယ်။
Royal Platter of Nine Delicacies
Royal Platter of Nine Delicacies ကိုရီးယားတော်ဝင် အစားအစာတစ်မျိုးကိုလည်း ခံတွင်းဖွင့်စာအနေနဲ့ ပြင်ဆင်ထားပါတယ်။ ကြွေပန်းကန် လေးထောင့်ထဲမှာ ချစ်စရာနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ငရုတ်ပွအစိမ်းရောင်နဲ့ ပြုလုပ်ထားတဲ့ အစိမ်းရောင်၊ မုန်လာဥနီအရောင်နဲ့ ပြုလုပ်ထားတဲ့ နီဝါရောင်၊ နှမ်းအနက်ရောင်နဲ့ ပြုလုပ်ထားတဲ့ အနက်ရောင် ရိုးရိုးပလိန်း ပန်ကိတ်စတဲ့ အရောင်စုံ ကိုရီးယားစတိုင် ပန်ကိတ်အဝိုင်း သေးသေးလေးတွေနဲ့ ဘေးကနေ ရာသီပေါ် ဟင်းသီးဟင်းရွက်၊ မှို၊ အသား၊ ပင်လယ်စာတွေကို သေးသေးမျှင်မျှင်လေးတွေ လှီးထားပြီး သတ်သတ်စီပုံထားပြီးတော့ ဝန်းရံထားပါတယ်။ ပန်ကိတ်ပြား သေးသေးလေးတွေပေါ်တင်ပြီး မုန်လာဖြူ ဆော့စ်နဲ့ လိပ်စားရတဲ့ အစားအစာပါ။ အားလုံးနည်းနည်းစီ ထည့်လိပ်ပြီး စားလိုက်တဲ့အခါ ညီမျှ မျှတတဲ့ အရသာကို ခံစားရရှိစေပါတယ်။
Today’s Special Purple Sweet Potato Porridge
ပကာသနမပါတဲ့ စွပ်ပြုတ်တစ်မျိုးလို့ ဆိုရပါမယ်။ ဒီအတိုင်းကြည့်ရင်တော့ စိတ်ဝင်စားစရာ မကောင်းပေမယ့် တစ်ဇွန်းခပ်ပြီး သောက်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲ အင်အားတွေ ပြည့်ဝသွားသလို ခံစားရတာအမှန်ပါ။ ဇွန်းကို လက်က မချဘဲ ကုန်တဲ့အထိ ဆက်တိုက် သောက်လိုက်မိပါတယ်။ ကိုရီးယားမှာနေစဉ်က နေမကောင်းတဲ့အချိန်တွေနဲ့ ပင်ပန်းနွမ်းနယ်စွာ အင်အားကုန်ခန်းသလို ခံစားနေရတဲ့ အချိန်တွေမှာ အမြဲသောက်ဖြစ်ခဲ့တဲ့ Soup အရသာအတိုင်း ကွက်တိရရှိလိုက်တော့ စိတ်ရောလူပါ ပင်ပန်းနေတာတွေ အလိုလိုအင်အားပြန်ဖြည့်စွက်ပေးလိုက်သလို ခံစားရပါတယ်။ ကြိုက်နှစ်သက်ဆုံး ငချိတ်ကန်စွန်းစွပ်ပြုတ်ဆိုတော့ ပိုပျော်သွားခဲ့ရပါတယ်။ Mugunghwa Set Menu တတိယ ဟင်းပွဲနဲ့တင် အရသာရှိပြီးတော့ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး လျှာပေါ်စွဲနေပြီဆိုတော့ နောက်လာမယ့် ဟင်းပွဲတွေရဲ့ အရသာကိုခန့်မှန်းလို့ ရနေပါပြီ။
Stir-fried Seafood and Vegetables
ငရုတ်ပွ အချို၊ အစိမ်း၊ အနီ၊ အဝါရောင်တွေနဲ့အတူ Mussel, Shrimp, Squid, Scallop အားလုံးကို ခပ်ချိုချို အရသာနဲ့ ဖန်တီးကြော်ထားတဲ့ အရသာကောင်းမွန်တဲ့ ဟင်းပွဲဖြစ်ပါတယ်။ ပင်လယ်စာကြိုက်သူများအတွက် ပွဲကြီးတစ်ပွဲစာ မှာစားသင့်တဲ့ ဟင်းပွဲဖြစ်ပါတယ်။
Deep fried Sweet and Spicy Chicken
ပန်းကန်လုံးကို အဖုံးအုပ်ပြီး လာချပေးတော့ အဲဒီ ပန်းကန်အုပ်ကို ဘာလဲဆိုတာ သိချင်လို့ အဖုံးဖွင့်လိုက်တော့ ကိုရီးယားနိုင်ငံမှာ နာမည်ကြီး ကြက်ကြော်အရသာက ကြက်သားတောက်တောက်စဉ်းထားတဲ့အသားကို Leek, ကြက်သွန်နီတွေနဲ့ အသားလုံးကို အရသာသွင်းပြီး ကြွပ်နေအောင် အသားလုံးကိုကြော်ပြီးတော့ ကိုယ်တိုင်လုပ်ထားတဲ့ ငရုတ်အချို၊ အစပ် အရသာဆော့စ်နဲ့ ပြန်လည် အရသာပြုပြင်ထားတာဖြစ်ပါတယ်။ ကြက်သားလုံးနှစ်လုံးထဲမှ တစ်လုံးကိုကောက်ယူပြီး ပါးစပ်ထဲထည့် ဝါးလိုက်တဲ့အချိန်မှာ မှန်းထားတဲ့ အရသာထက် ပိုပြီးစိုပြည်နူးညံ့အိကာ အပေါ်မှာ သုတ်ထားတဲ့ အချို၊ အစပ် အရသာနဲ့ အားလုံးပေါင်းပြီး ဝါးလိုက်တော့ တကယ် ကိုရီးယားနိုင်ငံမှာ ကျော်ကြားတဲ့ ကြက်ကြော်အရသာအတိုင်း အရသာရှိစေပါတယ်။
Grilled Marinated Beef Ribs
ကိုရီးယားအစားအစာတွေထဲမှာ မပါမဖြစ် ပါဝင်ပြီး စားသင့်တဲ့ အစားအစာတစ်ခုပါ။ အဲဒါကတော့ အပြင်အဆင်က စိတ်ဝင်စားစေပြီး ကြည့်ရုံနဲ့ သွားရည်ကျစေတဲ့ အကင်တစ်မျိုးပါ။ ဘူးဂိုးဂီအချိုဆော့စ်နဲ့ အသားကိုနယ်နှပ်ထားပြီး ပြန်ကင်ထားတာကြောင့် အနံ့နဲ့တင် အရသာကို ခံစားလို့ရနေပါပြီ။ အဲဒါနဲ့ တွဲဖက်စားဖို့ ဆလတ်ရွက်၊ မုန်လာဥနီ၊ သခွားသီးအပြင် ကိုရီးယားပဲပိစပ်အငန် အပျစ်ဆော့စ်နဲ့ အတူတွဲဖက်စားရတာပါ။ ဆလတ်ရွက်ထဲ ကင်ချီအနည်းငယ်ကင်ထားတဲ့ အသားအနည်းငယ်၊ ပဲပိစပ်အငန် အပျစ်ဆော့စ်များနဲ့ထည့်ထုပ်ပြီး ပါးစပ်ထဲထည့်ပြီးတော့ ပလုတ်ပလောင်းနဲ့ အားရပါးရ ဝါးစားရတဲ့ အစားအစာဖြစ်ပါတယ်။
အကင်ပြီးတော့ အရည်တဲ့။ Seafood Hot Pot က အင်မတန် ချစ်ဖို့ကောင်းပြီး နှစ်ယောက်လောက် ဝိုင်းသောက်မှ ကုန်နိုင်မယ့် ဟော့ပေါ့ပါ။ စားဖူး၊ မြင်ဖူးသမျှ ဟော့ပေါ့တွေနဲ့မတူဘဲ အရမ်းစားကောင်းပါတယ်။ ပူပူ လေးသုံးဆောင်နိုင်အောင် အိုးအလယ်ကနေ မီးအပူပေးထားတဲ့ စတီးအိုးနဲ့ သုံးဆောင်စေတာပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာ အစုံပါဝင်ပြီး ဟော့ပေါ့အရည်ကို ကိုရီးယား Anchoy နှင့် Clam powder များဖြင့် ပြုလုပ်ထားသောကြောင့် နောက်ဆုံး တစ်စက်အထိ အရသာရှိပါတယ်။ ဟော့ပေါ့ Crazy သမားများအတွက် အကြိုက်တွေ့မှာပါ။
Grilled Hair Tail
ငါးကြိုက်တဲ့ စည့်အတွက် Grilled Hair Tail ဆိုတဲ့ ငါးကင်ကို မျက်စိရှေ့ချလိုက်တယ်ဆိုရင်ပဲ အဝစားပစ် လိုက်တယ်။ ငါးကင်ဆိုပေမယ့် စိုပြည်ကြွပ်ရွနေပြီး အရွက်သုပ်နဲ့ အတူသုံးဆောင်ဖို့ ပြင်ဆင်ပေးထားပါတယ်။ မြန်မာလို ငါးတံခွန်ဆိုတဲ့ ငါးကို နှမ်းဆီသုတ်ပြီး ကင်ထားတာဖြစ်ပါတယ်။ အလွန်အရသာရှိတဲ့ ငါးကင်ဖြစ်ပြီး ပါဝင်တဲ့ အရွက်သုပ်နဲ့ တွဲစားရင် အင်မတန်လိုက်ဖက်ပါတယ်။
Hot Stone Pot Bibimbap
Mugunghwa Korean Restaurant Menu Set ရဲ့ တတိယနောက်ဆုံးက ကိုရီးယားရိုးရာထမင်းသုပ်ကို ကျောက်အိုးအပူနဲ့ထည့်ပြီး သုံးဆောင်စေတဲ့ ပူပူလေးနဲ့ လတ်ဆတ်ပြီး ချက်ချင်းနယ်၊ ချက်ချင်းစားရတဲ့ ထမင်းသုပ် ဖြစ်ပါတယ်။ ဘယ်အချိန်လာလာ စည် မငြင်းတဲ့ အစား အစာတွေထဲမှာ တစ်ခုပါဝင်ပါတယ်။ ကျောက်အိုးပူပူကြီးထဲမှာ ထမင်း၊ ဟင်းသီးဟင်းရွက်တွေကို ပါးပါးအမျှင်လေးတွေ လှီးထားပြီး ဩစတြေးလျမှ အမဲသား၊ Korea Chef ကိုယ်တိုင်ဖော်စပ်ထားသော Bibimbap ဆော့စ်နဲ့ သုပ်စားရတာဖြစ်ပါတယ်။ ဆော့စ်ထဲမှာ အငန်၊ အဆိမ့် အရသာတွေ ပါဝင်ပြီးသားဖြစ်တဲ့အတွက် ကိုယ်လိုသလောက် ဆော့စ်ကို ထမင်းထဲထည့်ပြီး သေချာနှံ့အောင် မွှေပေးပြီးတော့ ချက်ချင်းစားရတာကိုက အလွန်အရသာရှိလှပါတယ်။
Soybean Paste Stew
ယခုအခါ လူကြိုက်များပြီး နာမည်ရလာတဲ့ အနံ့က စားဖူးသူတွေအတွက် မဆန်းလှပေမယ့် အခုမှ စစားမယ့် သူတွေအတွက် အနံ့ခံရုံနဲ့ ဒီဟင်းရည်က တစ်မျိုးကြီးလားလို့ တွေးမိမှာပါ။ အမှန်တော့ ဒီဟင်းရည်ရဲ့ အဓိကအချက်ကျတဲ့ Soybean Paste ကို ကိုရီးယားနိုင်ငံမှာ နှစ်နဲ့ချီပြီး အိုးသိပ်ထားပြီးမှ လေးထောင့်အတုံးကြီးတွေကို ကြိုးနဲ့ ချည်ပြီးတော့ အခြောက်ခံကာ အတုံးကို လိုသလောက် ဖဲ့ဖဲ့ပြီး ဟင်းရည်ခတ်အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ကိုရီးယားဟင်းအတော်များများမှာ ပါဝင်ချက်ပြုတ်လေ့ ရှိကြပါတယ်။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေအပါအဝင် Soybean သုံးမျိုးကို အဓိက အသုံးပြုထားပြီး လျှာပူအာပူ ပူပူလေးမှုတ်သောက်မှ အရသာမှန်ကို သိနိုင်တဲ့ အရည်သောက် ဖြစ်ပါတယ်။
Dessert
အစားအစာတွေ အားလုံးပြီးတော့ လူတိုင်းမျှော်လင့်တဲ့ အချိုပွဲ Dessert ကတော့ ချစ်စရာအပြင်အဆင်လေးနဲ့ ပါဝင်တာလေးတွေက အသီးသုံးမျိုး၊ ကိုရီးယားဆန်မုန့် အပျော့ ဆီကြော်မုန့်နဲ့အတူ Raspberry ဖျော်ရည်တို့ဖြင့် Mugunghwa Korean Restaurant Menu မြည်းစမ်းခြင်းကို အဆုံးသတ်ခဲ့ပါတယ်။
နေရာထိုင်ခင်း၊ အစားအစာစာရင်း၊ ဝိုင်၊ ဈေးနှုန်း၊ အချိန်
ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ စားတာကိုကြည့် ပြီး သွားရည်ကျနေစရာမလိုဘဲ ကိုရီးယားနိုင်ငံရဲ့ ဓလေ့ ရိုးရာ အငွေ့အသက်တွေ အပြည့်အဝရှိတဲ့ Lotte Hotels & Resorts Yangon ထဲမှာ ဖွင့်လှစ်ထားတဲ့ Mugunghwa Korean Restaurant Menu ကို သွားရောက်ပြီး စားသုံးကြည့်ဖို့ အကြံပြုပါရစေ။
ဧည့်သည် အယောက် ၉၀ ကျော်ကို တစ်ပြိုင်တည်း ဧည့်ခံနိုင်ပါတယ်။ ဒိုင်းနင်းဟော၊ သီးသန့် အခန်းငါးခန်းနဲ့ အပြင်ဆောင်တို့ ပါဝင်ပါတယ်။အစားအစာစာရင်း ၄မျိုး ရှိပါတယ်။ အဓိကဟင်းလျာ၊ Side Dish ၃မျိုး၊ စွပ်ပြုတ်နဲ့ အချိုပွဲတို့ပါဝင်ပြီး တစ်ယောက်စာ အတွဲအစပ်ပြင်ထားတဲ့ Set Menu တစ်ခုချင်းစီ ရွေးချယ်မှာယူနိုင်တဲ့ A La Cart Menu, အကင် Charcoal Grill Menu နဲ့ Mugunghwa Korean Restaurant Menu မှာပဲ ရနိုင်တဲ့ ကိုရီးယား တော်ဝင်ဟင်းလျာတွေနဲ့ တွဲစပ်ထားတဲ့ Course Menu တို့ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ Set Menu မှာ USD 10 ကနေ USD 29, A La Cart Menu အတွက် USD 6 – 35, အကင် Charcoal Grill Menu USD 10-34 နဲ့ Course Menu တွေ မှာယူသုံးဆောင်မယ်ဆိုရင် Course Menu မှာ Lily USD 40, Plum USD 50, Tree Peony USD 60 နဲ့ Mugunghwa USD 75 နဲ့ Mugunghwa USD 75 ဆိုပြီး ရှိသလို A La Cart တွေလည်း ရှိပါတယ်။
နှစ်ယောက်ထဲ အေးအေးဆေးဆေးနားနေပြီး စားသုံးမယ့်သူတွေအတွက် နာမည်ကြီး ရှမ်ပိန်၊ ဝိုင်၊ ဒွန်ပဲရီ ညိုဘရု (Dom Perignon Brut) အပါအဝင် စိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့ Wine Collection မျိုးစုံလည်း ရှိပါတယ်။ အပေါင်းအသင်းမိတ်ဆွေများနဲ့ ပျော်ပါး စားသုံးချင်သူများအတွက်လည်း Beverage List မှာလည်း ကိုရီးယားဆိုဂျူး အပါအဝင် Selection အမျိုးစုံပါတယ်။ သီးသန့်မှာယူသုံးဆောင်နိုင်ပါကြောင်းလည်း သတင်းကောင်းလေး ပါးပါရစေ။ သွားရောက်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ကြိုတင် Booking ယူထားရင် ပိုကောင်းပါတယ်။
Lotte Hotels & Resorts Yangon
No. 82, Pyay Road, 6 ½ Mile, Sinphyushin Yeik Tha, Hlaing Township, Yangon, Myanmar.
ဆိုင်ဖွင့်ချိန်
နေ့လယ်စာ 11:30 am – 2:30 pm, 6:00 pm – 10:00 pm
ကြိုတင်ဘိုကင်လုပ်ချင်တယ်ဆိုရင်တော့ –
+95-01-9351000 (Ext : 1523)
+95-01-9351057