Indian Tadka အင်ဒီယန်းတာဒကားသို့တစ်ခေါက်

Indian Tadka

အင်ဒီယန်းတာဒကားသို့တစ်ခေါက်

            ပြည်လမ်း IBC နဲ့ မျက်စောင်းထိုးနားမှာ Indian Tadka ဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ ကျွန်တော်တို့ အိန္ဒိယစားသောက်ဆိုင်တွေ မရေးဖြစ်တာ ကြာသွားပြီဆိုတဲ့ သတိလေးဝင်လာလို့ ဒီဆိုင်လေးကိုရေးဖြစ်ဖို့ ကျွန်တော်တို့ Eating Out အဖွဲ့သားတွေ ရောက်ခဲ့ပါတော့တယ်။ ၂ဝ၁၄ ခုနှစ်လောက်ကတည်းက စဖွင့်ထားတဲ့ ဆိုင်လေးကတော့ ပြည်လမ်း ၆ မိုင်ခွဲဘက်ကလာရင် ညာဘက်ခြမ်းမှာ ရှိပါတယ်။ ဆိုင်းဘုတ်တွေ့တဲ့ လမ်းသွယ်လေးထဲဝင်သွားရင် ကားရပ်စရာ အလုံအလောက်နဲ့ ခြံဝင်းလေးထဲမှာရှိတဲ့ ၂ ထပ်တိုက်လေးက Indian Tadka ဆိုင်ဖြစ်ပါတယ်။

            အောက်ထပ်စားသောက်ခန်းမအပြင် သီးသန့်ခန်းတွေလည်း အပေါ်ထပ်ရော အောက်ထပ်မှာပါ ရှိပါတယ်။ အားကစားလိုင်းတွေ၊ ဒါမှမဟုတ် ဘောလိဝုဒ်ကားတွေပြတဲ့ အိန္ဒိယရုပ်သံလိုင်းတွေကြည့်ရင်း အပန်းဖြေနိုင်မယ့် ဘားကောင်တာကြီးကတော့ ဝိုင်၊ ဘီယာ၊ ကောက်တေးမျိုးစုံနဲ့ အပေါ်ထပ်မှာ ရှိပါတယ်။ ဆေးလိပ်သောက်တတ်သူတွေအတွက် အပြင်ဘက် ဝရံတာ ၂ ခုမှာ စားပွဲဝိုင်းတွေ ပြင်ဆင်ထားတာ တွေ့ရပါတယ်။

            ရန်ကုန်မှာ တော်တော်များများ အိန္ဒိယစားသောက်ဆိုင်ဆိုရင် တောင်ပိုင်း (ချစ်တီး) အစားအစာဆိုင်များသာ တွေ့ရလေ့ရှိပေမယ့် ဒီဆိုင်မှာတော့ တောင်ပိုင်းစာရော၊ မြောက်ပိုင်းစာပါ စုံနေအောင်ရပါတယ်။

            စားဖိုမှူးတွေကလည်း အိန္ဒိယကခေါ်ယူခန့်ထားတဲ့ စားဖိုမှူးတွေဖြစ်တာကြောင့် ရိုးရာစာစစ်စစ် စားချင်သူတွေအတွက်ကတော့ ရွေးချယ်သင့်တဲ့ဆိုင်လို့ ဆိုရပါမယ်။

            စားပွဲမှာထိုင်ထိုင်ချင်း ရောက်လာမှာက ခြင်းတောင်းလေးနဲ့ မဆလာပါပဒ်ဒမ်းလို့ခေါ်တဲ့ ပါပလာကင် လေးတွေပါ။ ပူစီနံ၊ နံနံပင်၊ ငရုတ်သီးစိမ်းတွေပါတဲ့ ချပ်တနီးခေါ်တဲ့ အချဉ်တစ်မျိုးနဲ့ တွဲစားရင်း ခံတွင်းဖွင့်ရပါ တယ်။ ဒါကတော့ အိန္ဒိယစားသောက်ဆိုင်တိုင်းရဲ့ နိဒါန်းဖြစ်ပါလိမ့်မယ်။

            အရင်ဆုံး မှာယူတဲ့အစားအစာတော့ Mutton Sheekabab ဖြစ်ပါတယ်။ ကြိတ်ထားတဲ့ဆိတ်သားကို ဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်တို့နဲ့ရော အရသာသွင်းပြီး သံချောင်းမှာကပ်ပြီး Tandoor လို့ခေါ်ကြတဲ့ နံပြားဖုတ်တဲ့ဖိုကြီးမှာ မီးသွေးမီးနဲ့ကင်ထားတဲ့ အသားကင်တစ်မျိုး ဖြစ်ပါတယ်။ ဆိတ်သားကင်ဖြစ်တာကြောင့် အနည်းငယ်ခြောက်ပေမယ့် အတူတူတွဲဖက်တည်ခင်းပေးထားတဲ့ အသီးအရွက်တွေကြောင့် မငြီးရတဲ့ အရသာဖြစ်စေပါတယ်။ နောက်ထပ်မြည်းစမ်းကြည့်သင့်တဲ့ ခံတွင်းဖွင့်စာကလည်း Tandoori Item တစ်မျိုးဖြစ်တဲ့ Chicken Tika ဖြစ်ပါတယ်။ ကြက်သားအရိုးလွတ်အသားကို ကင်ထားတဲ့ ဒီအကင်ကလည်း မြောက်ပိုင်းသား အစားအစာတစ်မျိုးဖြစ်ပါတယ်။

            အိန္ဒိယငါးဟင်းကတော့ ဘယ်အချိန်စားစား အရသာအပြည့်နဲ့ မွေးကြိုင်နေတဲ့ ဟင်းလျာတစ်မျိုးပါ။ ကျွန်တော့်အတွက် Indian Tadka မှာ အကောင်းဆုံး အတွေ့ အကြုံကတော့ ဒီငါးဟင်းကို ကြက်သွန်ဖြူ၊ နံပြားနဲ့ တွဲဖက်စားသောက်ရတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ ကြက်သွန်ဖြူ စဉ်းပြီးသားတွေကို နံပြားမှာ ထည့်ဖုတ်ထားတော့ ရနံ့မွှေးမွှေးလေးဖြစ်နေပြီး အပူရှိန်မကျခင် ထောပတ်လေးသုတ် နံနံပင်လေးတွေ ဖြူးထားလိုက်တော့ သူ့ချည်းပဲကို အရမ်းစားကောင်းနေတဲ့ ကြက်သွန်ဖြူ၊ နံပြားကို အရသာလေးပင်ထူးခြားတဲ့ ငါးဟင်းနဲ့တွဲဖက်လိုက်တော့ ဟိုကြော်ငြာထဲကလို ဘယ်လိုပြောရမလဲတွေ ဖြစ်ကုန်ရော။

            နောက်တစ်မျိုးက ပိတ်ပိတ်ဆို့ဆို့စားဖို့ပါ။ ဟိုက်ဒရာ ဘာတီဆိတ်သားဒံပေါက်ကို မြေအိုးလေးထဲမှာ ဂျုံပြားနဲ့အုပ်ပြီး ပြန်ဖုတ်ထားတဲ့ထူးခြားတဲ့ အပြင်အဆင်လေးပါ။ ဂျုံပြားကိုဇွန်းလေးနဲ့ ကော်ပြီးဖွင့်လိုက်တာနဲ့ သင်းနေ အောင်မွှေးတဲ့ ဒံပေါက်ရနံ့က နှာဝကို လာဆွနေရော။ အိုးလေးထဲမှာပဲ သမအောင်မွှေပြီးရင်တော့ ၂ ယောက်စာ ကောင်းကောင်းစားလောက်တဲ့ ဆိတ်သားတုံးအကြီး ကြီးတွေပါတဲ့ ဒံပေါက်ကဒိန်ချဉ်၊ အသီးအရွက်တွေနဲ့၊ ဟင်းခတ်အမွှေးအကြိုင်တွေရောထားတဲ့ Rita လို့ခေါ်တဲ့ ချဉ်သုပ်တစ်မျိုးနဲ့ လိုက်ဖက်လွန်းတယ်လေ။

            နောက်ဆုံးအစာပိတ်ကတော့ Ras Malai အချိုပွဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ နို့ကိုအခြေခံလုပ်ထားတဲ့ နို့ခဲချိုချိုလေးတွေကို saffron ရောထားတဲ့ နွားနို့နဲ့ရောနှောစိမ်ထားတဲ့ ချိုဆိမ့်အေးပြီး မွှေးနေအောင် ရသာစုံတဲ့ အချိုပွဲလေးဖြစ်ပါတယ်။ နောက်ပိတ်ဆုံးမှာ အမှတ်အများဆုံးရသွားတဲ့ အချိုပွဲဆိုရင်လည်း မမှားပါဘူး။

            Indian Tadka မှာ စားခဲ့ဖူးတဲ့အတွေ့အကြုံကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ပြီး ဒီထက်ပိုတဲ့ အစားအစာမျိုးစုံကို တောင်ပိုင်းရော မြောက်ပိုင်းပါ စုံနေအောင်ရပါတယ်။ အကောင်းဆုံး Tandoori Item တွေ၊ ချစ်တီးအစားအစာတွေ၊ ပန်ဂျပ်၊ ရာဂျစ်စတန် အစားအစာတွေပါ စုံနေအောင် ရှိနေပါတယ်။

            Indian Tadka ရဲ့ နောက်ထပ်စားသောက်ဆိုင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Spices ကိုတော့ ပုလဲကွန်ဒိုမှာ ဖွင့်ထားတာဖြစ်လို့ စာဖတ်သူများ သွားရောက်မြည်းစမ်းနိုင်အောင် ဒီကနေသတင်းပေးလိုပါတယ်။

            ရန်ကုန်မြိုရဲ့ မိတ်ဆွေများအတွက်သာမကဘဲ မန္တလေးမှာရှိကြတဲ့ မိတ်ဆွေတွေအတွက်လည်း ၂ဝ၁၅ မှာ ဆိုင်ခွဲတစ်ခုဖွင့်လှစ်ပေးထားခဲ့ပြီး ရန်ကုန်မှာ နောက်ထပ်အသစ်ဖြစ်လာမယ့်စိတ်ကူးနဲ့ လွတ်လပ်ပေါ့ပါးစွာ အနားယူစားသောက်နိုင်မယ့် ဆိုင်တစ်ဆိုင်ကိုတော့ သိမ်ဖြူလမ်း UFC Tower မှာ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများကို နေရာယူတော့မယ့် Indian Tadka ရဲ့ နိုင်ငံတစ်ဝှမ်းစားသောက်ဖွယ်ရာများကို သွားရောက်မြည်းစမ်းကြည့်နိုင်ဖို့ Eating Out ကဏ္ဍကနေ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Indian Tadka

No. 7A, Pyay Road, 6 1/2 miles, Hlaing Township, Yangon.

Phone : 01-512318, 09 420 187010

[email protected]

www.indian-tadka.com

♦   သစ်ထူး   ♦

Facebook Comments