
for Food Magazine
ဖိုင်းဒိုင်းနင်းစားသောက်ဆိုင်လို့ ဆိုလိုက်တာနဲ့ ခမ်းနားလှပတဲ့ ဆိုင်အပြင်အဆင်၊ ငြိမ့်ညောင်းသာယာတည် ငြိမ်တဲ့ ပတ်ဝန်းကျင်၊ သန့်ရှင်းသပ်ရပ်သစ်လွင်တဲ့ စားပွဲခင်း၊ လိုက်ကာ၊ ပန်းကန်ခွက်ယောက်တွေနဲ့ ဈေးကြီးကြီးပေးရတဲ့ အနောက်တိုင်း၊ မြေထဲပင်လယ်ဒေသ (အထူးသဖြင့် ပြင်သစ်) ဟင်းလျာတွေကို မျက်စိထဲ မြင်မိမှာ သေချာပါတယ်။ ဖိုင်းဒိုင်းနင်း (လှပကောင်းမွန်တဲ့ ညစာ) ဆိုတဲ့ နာမည်အတိုင်းပါပဲ။ နှစ်သက်ဖွယ်ဆိုင် အပြင်အဆင်၊ အစားအသောက် ကောင်းကောင်း၊ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ စားသောက်ဆိုင်လို့ပြောရပါမယ်။ ဈေးနှုန်းလည်း ကြီးပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန်မြို့ မှာ ဖိုင်းဒိုင်းနင်းစားသောက်ဆိုင်တွေ လွန်ခဲ့တဲ့ လေး၊ ငါးနှစ် အတွင်း ပြန်လည်ဆန်းသစ်လာပါတယ်။ ယခုလ Food Magazine ပရိသတ်ကြီးအတွက် ရန်ကုန်မြို့က ဖိုင်းဒိုင်းနင်း စားသောက်ဆိုင် တစ်ဆိုင်ကို ရွေးချယ်ထားပါတယ်။ ဆိုင်ဖွင့်ပွဲ မီဒီယာမိတ်ဆက်ပွဲ သတင်းအနေနဲ့ အရင်က ဖော်ပြခဲ့ပြီးပေမယ့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၉၂ မှာတည်ရှိတဲ့ Melia Yangon ဟိုတယ်ထဲက မြေထဲပင်လယ် ဒေသစာဖိုင်းဒိုင်းနင်းစားသောက်ဆိုင် အိုလီရာ (Olea – မြန်မာလို သံလွင်သီးလို့ အမည်ရပါတယ်) သို့ နောက်တစ်ခေါက် အရောက်ပြန်သွားလို့ ထပ်မံမိတ်ဆက်လိုက်ရပါတယ်။
အပြင်အဆင်နှင့် ပတ်ဝန်းကျင်
Melia Yangon ဟိုတယ်ရဲ့ ပထမထပ်မှာ တည်ရှိပါတယ်။ ဆိုင်အပြင်အဆင်က အနောက်တိုင်းကျေးလက် ဒေသပုံစံ ပြင်ဆင်ထားပြီး အဖြူရောင်ဖျော့ဖျော့နဲ့ အပြာနုရောင်တို့ကို မျှတစွာ အသုံးပြုထားပါတယ်။ အခုတစ်ခေါက် Food Magazine အဖွဲ့သားတွေ ရောက်သွားတဲ့အချိန်က ညနေ ၆ နာရီလောက်ပါ။ အေးဆေးတည် ငြိမ်ပြီး ကျယ်ဝန်းလွတ်လပ်တဲ့အရသာကို ခံစားရမှာဖြစ်ပါတယ်။ အရင်တစ်ခေါက် ရောက်တုန်းက နေ့လယ်ခင်း နေ့အလင်းရောင်ကောင်းကောင်းနဲ့ဆိုတော့ အပြာရောင်က ပိုပီပြင်ကာ ပိုပြီးလွတ်လပ်ကျယ်ဝန်းပြီး အေးဆေးတည်ငြိမ် တယ်လို့ ခံစားရပါတယ်။ စားပွဲများ တည်ခင်းပုံက ဖိုင်းဒိုင်း နင်းစားသောက်ဆိုင်တို့ ပုံစံအတိုင်း တစ်ခုနဲ့တစ်ခု ခပ်လှမ်းလှမ်း အကွာအဝေးမှာရှိတာကြောင့် သီးသီးသန့်သန့် ကိုယ့်အိမ်မှာ သုံးဆောင်နေသလိုမျိုး ခံစားရမှာပါ။ အယောက် ၆၀ အတွက် တစ်ပြိုင်တည်း တည်ခင်းနိုင်ပါတယ်။ ၁၂ ယောက်စာ သီးသန့်စားသောက်ခန်းကတော့ နာမည်ကြီး ဝိုင်အမျိုးမျိုး ၁၂၀ ကျော် ပြသထားတဲ့ ဝိုင်ဆယ်လာနဲ့ အတူတည်ရှိပါတယ်။ အဖြူရောင်ဖျော့ဖျော့ ခပ်ပါးပါးလိုက်ကာစကြီးများကို ထိုးဖောက်ကြည့်မယ်ဆိုရင်တော့ ကမ္ဘာအေးဘုရားလမ်းမမှာ ဥဒဟိုသွားလာနေတဲ့ မီးရောင်တဖွေးဖွေးကားများနဲ့ အင်းယားကန်မြင်ကွင်းကို တွေ့ရမှာဖြစ်ပါတယ်။ ကော့တေးလ်၊ မော့တေးလ် မျိုးစုံရနိုင်တဲ့ အိုလီရာဘားလည်း ပါဝင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းအဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ မိသားစုလိုက်ပဲဖြစ်ဖြစ်၊ ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ် အေးအေးလူလူ စကားစမြည် ပြောကြရင်း၊ အင်းယားကန်နောက်ခံ ရန်ကုန်မြို့ရှုခင်းကို ငြိမ့်ညောင်းသာယာတဲ့ နောက်ခံတေးဂီတနဲ့ ငေးမောတွေးတောရင်း သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
မြေထဲပင်လယ်ဒေသ (အထူးသဖြင့် ပြင်သစ်၊ ဂရိ၊ အီတလီ၊စပိန်၊ မြောက်အာဖရိက) အစားအစာများကို အထူးပြုပါတယ်။ မြေထဲပင်လယ်ဒေသနိုင်ငံများရဲ့ မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်၊ ဟင်းလျာများကို ပေါင်းစပ် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ အတွေ့ အကြုံရှိ စားဖိုမှူးကြီး Paul Wieser က ဦးစီးပြင်ဆင်ခြင်းဖြစ်ပြီး ဟင်းလျာတိုင်းကို မြေထဲပင်လယ်ဒေသစာ မီးဖိုဆောင်တိုင်းမှာ အစဉ်အလာအရ မပါမဖြစ် သံလွင်သီး၊ ဂျုံသီးနှံ၊ စပျစ် သီးတို့ကို အခြေခံ ထားကာ မူလရိုးရာ ပါဝင်ပစ္စည်း၊ နည်းနာ တို့ကို ထိန်းသိမ်းရင်း တစ်ဖက်ကလည်း ဆန်းသစ်မှုကို ရှေးရှုထားတယ် လို့ ဆိုချင်ပါတယ်။ အိုလီရာမှာ ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်တဲ့ A La Carte (အာလာကတ်) မီနူးမှာတော့ မြေထဲပင်လယ်ဒေသစာ အမည်ပေါင်း ၄၀ ကျော် ရနိုင်ပြီး နောက်ပိုင်းတွင် တွဲစပ်မီနူး (Set menu, Course menu) များလည်း ရနိုင်မယ်လို့ သိရပါတယ်။
မြည်းစမ်းကြမယ့်အစားအစာတွေ ရောက်မလာခင် အနောက်တိုင်း ဖိုင်းဒိုင်းနင်း ဆိုင်တို့ရဲ့ ထုံးစံအတိုင်း တစ်လျှောက်လုံး တည်ခင်းပေးတဲ့ ပေါင်မုန့်အမာ၊ အပျော့ ပါဝင်တဲ့ ပေါင်မုန့်ခြင်းနဲ့ တွဲဖက်စားသုံးရမယ့် ဆော့စ် လေးမျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် ဆော့စ်လေးမျိုးပါ သံလွင်သီးကို ပုံစံလေးမျိုးနဲ့ ပြင်ဆင် ထားတာပါ။သံလွင်သီး အဖြူ၊ အမည်းကို အရသာသွင်းထားတာတစ်ခု၊ ရိုးရိုးစင်းစင်း သံလွင်ဆီ၊ သံလွင်သီးကို ကြက်သွန်ဖြူနဲ့ အနှစ်ပုံစံရောထားတဲ့ ပုံစံတစ်မျိုးနဲ့ ရိုးရိုးသံလွင်သီး အနှစ်တို့ပဲ ဖြစ်ပါတယ်။ ပေါင်မုန့် အမာ၊ အပျော့တို့နဲ့ တွဲဖက်စားသုံးဖို့ပြင်ဆင်ထားတာပါ။ ပေါင်မုန့်နဲ့ တွဲဖက်မြည်းစမ်းကြည့်ရာမှာ ခံတွင်းပိုတွေ့ခဲ့တဲ့ ဆော့စ် ကတော့ ရိုးရိုးသံလွင်သီးအနှစ်ပါ။ ပရိသတ်ကြီးနဲ့ အကြိုက်ချင်းတူမယ်လို့ မျှော်လင့်ပါတယ်။
ခံတွင်းဖွင့်စာ
မြည်းစမ်းဖြစ်ခဲ့တဲ့ခံတွင်းဖွင့်စာ တာပတ် (Tapas) ကတော့ (စပိန်အခေါ် တားပတ်မှာ ပုံစံအမျိုးမျိုးပါဝင်တဲ့ ခံတွင်းဖွင့်စာဖြစ်သည်)လေးမျိုးပါဝင်ပါတယ်။ ပထမ တစ်မျိုး Taleggio, Marinated zucchini and Smoky eggplant က ပေါင်မုန့်အမာ မီးကင်ပေါ်မှာ ခရမ်းသီးမီးဖုတ် အနှစ်ပါးပါးသုတ်ထားပြီး အပေါ်ကအီတလီချိစ် တယ်လီဂျီ ယားတင်ကာ၊ အရသာသွင်းထားတဲ့ ဇူခီနီအလွှာ တင်ထားပါတယ်။ နောက်တစ်မျိုးက Tuna, White Tomato Mousse and Lemon Zest ပါ။ အာလူးအဖြူမုစ် သုတ်ပြီး တူနာငါးပေါ်ကတင် တွဲဖက်ပါတယ်။ တတိယတစ်မျိုးကတော့ Chili shrimp, Avocado and Coriander ဖြစ်ပြီး ထောပတ်သီးအနှစ်အသုပ်၊ အနည်းငယ် အစပ်အရသာ ရှိတဲ့ ပုစွန်၊ အမည်းရောင် သံလွင်သီး၊ နံနံပင်တို့နဲ့ ပေါင်းစပ်ထားပါတယ်။ နောက်တစ်မျိုးက စားပြီးစားချင်ဖြစ်ခဲ့တဲ့ Hummus and Baba Ganoush ပါ ဆင်ခေါင်းပဲ၊ သံလွင်ဆီ၊ လီမွန်၊ ကြက်သွန်ဖြူ၊ ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ စီမံထားတဲ့ ပဲအနှစ်၊ မုန်လာဥနီ/ဖြူ၊ တရုတ်နံနံချောင်း၊ ကညွတ် စတဲ့ ဟင်းသီးဟင်းရွက်များ၊ ခရမ်းသီးအသုပ် တို့ကို ပီတာပေါင်မုန့် (အာရပ် ပေါင်မုန့်တစ်မျိုး)နဲ့ တွဲဖက် တည်ခင်းပါတယ်။ ပီတာပေါင်မုန့်ထဲ ခရမ်းသီးသုပ်၊ ပဲနှစ်တို့ထည့်ပြီး စားတွဲဖက်ပေးတဲ့ ကြွပ်ကြွပ်ရွရွ ဟင်းသီးဟင်းရွက်တို့ကို ကိုက်စားရတာ အရသာတွေ့စရာပါ။ မြည်းစမ်းဖြစ် အောင် မြည်းစေချင်ပါတယ်။ ခံတွင်းဖွင့်စာအားလုံးက အရသာ ညီမျှပြီး ခံတွင်းအာသီသ ဖြစ်စေတာအမှန်ပါ။ အားလုံးထဲက အကြိုက်ဆုံး ပြောပါဆိုရင်တော့ Serrano ham, Torched goat cheese apricot and Walnuts ကို ညွှန်းရပါမယ်။ အကြိုက်တွေ့ခဲ့တဲ့ ခံတွင်းဖွင့်စာပါ။ စပိန်ဝက်ပေါင်ခြောက် ဟမ်၊ ဆိတ်နို့ချိစ်၊ ဗစမငခသအယျွှေူ ညကအ တို့ ပါဝင်ပြီး အသားက အချဉ်ဓာတ်၊ ချိစ် အဆိမ့်အရသာ၊ အသီးက အချိုအရသာနဲ့ အခွံမာသီး အရသာတို့ကို အချိုးညီညီ ပေါင်းစပ်ထားပါတယ်။ မှာဖြစ်အောင် မှာစေချင်ပါတယ်။
အဓိကဟင်းလျာ Sea Bass, Olives, Grilledzucchini, Hickpea salad and Lemon
အဓိကဟင်းလျာ Sea Bass, Olives, Grilledzucchini, Hickpea salad and Lemon က ကကတစ် ငါးအသားလွှာ၊ အီတလီထမင်းရိုဆိုတို (ထူးထူးခြားခြား အနေနဲ့ ပရိသတ်ကြီးအတွက် ပုံမှန် မီနူးမှာမပါတဲ့ အီတလီ ထမင်း ရိုဆိုတိုနဲ့ ပြင်ဆင်ပေးထားတာပါ) သံလွင်သီး၊ ဇူခီနီကင်၊ လီမွန်သီးမီးကင်၊ ဆင်ခေါင်းပဲသုပ်တို့ကို ပေါင်းစပ်ထားပါတယ်။ လိမ္မော်သီးကို မီးကင်ထားတာကြောင့် ကကတစ် ငါးအသားလွှာပေါ်မှာ ညှစ်ဖျန်းရာမှာ အချဉ် အရသာနဲ့ အနံ့အရသာတို့ အပြည့်ရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးနေနဲ့ ပုံမှန်မီနူးထဲမှာ အီတလီထမင်း ရိုဆိုတို မပါပေမယ့် တောင်းဆိုလို့ရပါတယ်။ အဓိက ဟင်းလျာနဲ့အတူ မြည်းစမ်းဖြစ်ခဲ့တဲ့ အအေးစာ၊ ဟင်းချို၊ Soup ကတော့ စပိန်လူမျိုးတွေရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ဂတ်စပါချိုပါ။ ဟင်းချိုဆိုပေမယ့် အအေးစာပါ။ စပိန်တောင်ပိုင်းဒေသစာဖြစ်ပြီး စပိန်နဲ့ ပေါ်တူဂီမှာ အစားများတဲ့ အစားအစာပါ။ ပူအိုက်တဲ့ရာသီနဲ့ လိုက်ဖက်ပါတယ်။ သောက်လိုက်ရင် ခရမ်းချဉ်သီး အချဉ်ဓာတ်နဲ့ပဲ အဆိမ့်ဓာတ်တို့ ပေါင်းစပ်ပြီး အေးအေးလေးနဲ့ လန်းဆန်းစေပါတယ်။ မြည်းစမ်းဖြစ်အောင် မြည်းစေချင်ပါတယ်။ ကဲ . . . ပရိသတ်ကြီးရေ . . . နောက်ဆုံးအချိုပွဲအကြောင်း ပြောပြပါမယ်။
အချိုပွဲ Chocolate, Mousse, Soil and Chiffon With Raspberry Sorbet and Pistachio Meringue
ချောကလက်မုစ်ကို အောက်ကခင်းထားပြီး ချော ကလက်ချိစ်အပေါ်မှာ ရက်စ် ဘယ်ရီ ဆိုဘေးကို ပစ်တာချို မာရင်းတင်ကာ တည်ခင်းပါတယ်။ ရက်စ်ဘယ်ရီ အချဉ်အရသာကဲပြီး အချို၊ အချဉ်၊ အဆိမ့် အရသာ ပေါင်းစပ် ဖွဲ့စည်းထားတာကြောင့် အကြိုက်တွေ့ခဲ့ရတဲ့ အချိုပွဲပါ။
ဈေးနှုန်း၊ အချိန်
အာလာကတ် မီနူးဈေးနှုန်းကတော့ US$ 6 ကစပြီး US$ 30 အထိ ရှိပါတယ်။ ဝိုင်ဆယ်လာမှာ နိုင်ငံ ၉ နိုင်ငံမှ မတူကွဲပြားတဲ့ US$ 32 မှ US$ 2100 တန်ဖိုးရှိ ဝိုင်အမျိုးအစားပေါင်း ၁၂၀ ရနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ် ညနေ ၆ နာရီ မှ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။ အနည်းငယ် စောရောက်လာတဲ့ ဧည့်သည်များအတွက်လည်း အိုလီရာဘားမှ သတ်မှတ်ထားတဲ့ ဖျော်ရည်များ၊ ကော့တေးလ်များကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။
အသေးစိတ်စုံစမ်းရန်
Melia Yangon Hotel, အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Ph : 01 9345000