
by သစ်ထူး for Food Magazine
ပရိသတ်ကြီးရေ… အရသာလည်းရှိသလို ဈေးနှုန်းလည်း သင့်တင့်တဲ့ Steak လေးတွေ ရနိုင်တဲ့နေရာလေး တွေ့ထားလို့ Food Magazine ပရိသတ်ကြီးကို ပြန်ပြီး မျှဝေပေးဖို့ သွားစပ်စုခဲ့တယ်။
နေရာက ရွှေတောင်ကြားလမ်းထဲမှာပါ။ Market Place ဘက်ကဝင်ရင် နီးနီးလေးပါ။ပထမဦးဆုံးတွေ့တဲ့ ညာချိုးလမ်းထိပ်က Petronus ဆိုင်းဘုတ်နဲ့ ISY ဆိုင်းဘုတ်ရှိတဲ့ လမ်းထောင့်လေးမှာ စနေ၊ တနင်္ဂနွေနေ့တွေ ဆိုရင် ညနေ ၅ နာရီလောက်ဆို စဖွင့်ပါပြီ။ စနေနဲ့ တနင်္ဂနွေနေ့ ၂ ရက်တည်း ညနေဘက်တွေရောင်းတဲ့ ဆိုင်လေးရဲ့ နာမည်က Steak On The Street ဖြစ်ပါတယ်။
နယ်ပယ်မတူတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရဲ့ မိသားစုတွေ အမြဲတွေ့ဖြစ်ကြတဲ့အချိန်တွေမှာ လုပ်စားဖြစ်ကြတဲ့ အကင်တွေဟာ ဒီနေ့ လမ်းထိပ်က ဆိုင်လေးမှာ သူတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာတွေအဖြစ် တစ်ပတ် မှာ ၂ ရက်နဲ့ စပြီး ရောင်းလာတာ ၃ လနီးပါးအချိန်မှာ လူသိများလာပါပြီ။ အပေါင်းအသင်း သူငယ်ချင်းတွေရဲ့ လှုံ့ဆော်အားကောင်းမှုကြောင့် ဆိုင်ဖွင့်ရက် ၂ ရက်မှာ ည ၇ နာရီဝန်းကျင်ဆိုရင် အဲဒီလမ်းထောင့်လေးဟာ စည်ကားလို့နေပြီလို့ ဆိုပါတယ်။ ကိုယ့်စီးပွားရေးကို လုပ်နေရာကနေ ဒီဆိုင်စဖွင့်ဖြစ်ပြီဆိုတာနဲ့ သောကြာနေ့ ညကနေစပြီး ခေါင်းကိုက်ရပြီလို့ ရယ်ပြီး ပြောပြတဲ့သူကတော့ ကိုအောင်ဗိုလ်မြင့် ဖြစ်ပါတယ်။
“ဒီအကင်တွေကိုရောင်းဖို့ စပြီး စဉ်းစားကြတဲ့အချိန်မှာ ဆိုင်ခန်းခဆိုတာကလည်း အရမ်းဈေးတွေကြီးနေ တာကြောင့် ပိတ်သွားရတဲ့ ဆိုင်တွေလည်း မြင်နေရတော့ နိုင်ငံခြားမှာ သွားလာခဲ့တုန်းက တွေ့ခဲ့တဲ့ Street Food တွေ ရောင်းသလိုမျိုး ဒီမှာလည်း Street Food ကိုပဲ လုပ်ကြမယ်ဆိုပြီး စခဲ့ကြတာ တိုင်ပင်ရင်းနဲ့ ညဈေးမှာပဲ ဖွင့်မလား၊ နောက် ဘယ်အချိန်ဖွင့်မလဲဆိုတာကိုပါ စဉ်းစားကြပါတယ်။ ကြားရက်တွေမှာ အကုန်လုံးက ကိုယ့်စီးပွားရေးအလုပ်တွေနဲ့ကိုယ် လုပ်နေကြရတော့ စနေ၊ တနင်္ဂနွေနေ့ ဖွင့်မယ်ဆိုတာရယ်၊ ပစ္စည်းတွေသိမ်း ဖို့၊ ပြင်ဆင်ဖို့အတွက် ကိုဇော်ဆက်ရဲ့အိမ်နဲ့နီးတဲ့ ဒီနေရာ ကိုပဲရွေးပြီး နောက်ဆုံး လှည်းတစ်စီးတော့ အဖတ်တင် မှာပဲလေဆိုပြီး စလုပ်ဖြစ်ခဲ့ကြတာပါ” လို့ သူက ရယ်ရင်း ပြောပါတယ်။ ၂ လလောက်ကြာအောင် ဝိုင်းစဉ်းစားပြီး ဖွင့်ခဲ့ကြတဲ့ ဆိုင်ဖွင့်ရက် တစ်ရက်တာမှာ ဆိုင်စဖွင့်ဖို့ အတွက် စတင်ပြင်ဆင်ပေးရသူကတော့ ကိုဇော်ဆက် ဖြစ်ပါတယ်။
သူငယ်ချင်း ၄ ယောက်ရဲ့ မိသားစုတွေ ဆုံဖြစ်ကြတဲ့အခါ ကလေးတွေလည်း စုပြီး စားကြ၊ ကစားကြသလို လူကြီးတွေလည်း ကိုသူရရဲ့ လက်ရာဖြစ်တဲ့ အမဲစတိတ် အိအိလေးကို စားပြီး ကျန်တဲ့ ကြက်၊ ဝက်တွေ မစားချင်လောက်အောင် ဖြစ်ခဲ့ရတာကလည်း ဒီဆိုင်လေး ဖွင့်ဖြစ်ရခြင်းရဲ့ တွန်းအားတစ်ခု ဖြစ်လာပါတယ်။
“အမဲသားစတိတ်ကို ဆိုင်မှာသွားစားရင် ၂၀ဝ၀ဝ ကျော် ၃၀ဝ၀ဝ ဈေးပေးပြီး စားနေကြရတော့ ကျွန်တော် တို့ကလည်း ခပ်ရွတ်ရွတ်ဆိုတော့ ဒီလောက်ဈေးကြီးတဲ့ဟာ လမ်းဘေးချရောင်းကြမယ်ကွာဆိုပြီး လုပ်ခဲ့ကြတာ” လို့ ကိုသူရက ပြောပါတယ်။ Street Food ဆိုပေမယ့် အရည်အသွေးကောင်းတဲ့ အစားအစာမျိုးဖြစ်အောင် အသားရွေးချယ်တာကအစ ဆိုင်လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးကတည်းက စပြီး Supplier တွေကို သေသေချာချာ ရွေးချယ်ထားတယ်လို့ ပြောပါတယ်။ အသား စပြင်ဆင်တဲ့အချိန်ကစပြီး လက်ဗလာနဲ့ ကိုင်တွယ်တာမျိုးမလုပ်ဘဲ အစက အဆုံးအထိ သန့်ရှင်းစင်ကြယ်စွာနဲ့ ကိုင်တွယ်ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။
Steak On The Street မှာ လက်ရှိရောင်းချနေတဲ့ အကင်က ၃ မျိုးရှိပါတယ်။ Beef Tenderloin က ကျပ် ၅၅၀ဝ၊ Chicken Sausage က ကျပ် ၃၅၀ဝ နဲ့ Pork က ကျပ် ၄၀ဝ၀ စတဲ့ ဈေးတွေနဲ့ ရောင်းပါတယ်။ လမ်းဘေး ပလက်ဖောင်းပေါ်မှာ ထင်းရှူးပုံးလေးတွေ ချထားတဲ့ ပုံစံမျိုးလေး တွေ့ရမယ့် စားပွဲဝိုင်း ၃ ဝိုင်းနဲ့ ထိုင်ခုံလေးတွေ အစီအရီချထားတဲ့ နေရာလေးက လွတ်လပ်လှပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စိတ်ကြိုက်ဒီဇိုင်းထုတ်ထားတဲ့ စတီးလှည်းနဲ့ မီးဖိုက အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ မှာယူသူတွေ၊ ပါဆယ်ဝယ်လိုသူတွေပါ ရောက်လာပါပြီ။ အဲဒီအချိန် ညနေ ၅ နာရီက စလိုက်တာ ည ၉ နာရီအထိ ဒီဆိုင်လေးကို စနေနဲ့ တနင်္ဂနွေနေ့ ၂ ရက်သာ ဖွင့်ပါတယ်။
ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာရော အကင် စပြီးကင်နေတဲ့အချိန်မှာပါ လက်အိတ်၊ အကင်ညှပ်တွေ နဲ့သုံးပြီး သန့်ရှင်းမှုကို အလေးထားကာ ပြင်ဆင်ထားတဲ့ အထဲက အမြင်နဲ့တင် Juicy ဖြစ်တဲ့ အမဲမိုးခိုသားကင် နူးနူးအိအိလေးကိုစပြီး မြည်းစမ်းမိပါတယ်။ Food Magazine မှာ Review ရေးလာခဲ့တဲ့ သက်တမ်းတစ်လျှောက် စားဖူးသမျှထဲမှာ အတော်ကောင်းတဲ့ အရည်အသွေး၊ အထိအတွေ့အရသာလို့ ပြောရင်တောင် ပိုမယ်မထင်ပါဘူး။ ပြည်တွင်းထွက်အမဲသားကို နူးနူးညံ့ညံ့ အရည်စိုစိုလေးနဲ့ မွှေးကြိုင်နေအောင် ကင်ထားတဲ့ အသားနွေးနွေးလေးက ခံတွင်းထဲမှာ ပျော်ဝင်သွားပြီး အပေါ်က ပါးပါးလေးဆမ်းထားတဲ့ Black Pepper Sauce ရဲ့ ရနံ့နဲ့ အရသာကြောင့်လည်း အမဲသားကင်ရဲ့ အရသာက ပိုပြီးထိမိစေပါတယ်။ အသား၊ ဗီတာမင်နဲ့ ကဆီဓာတ် မျှတအောင် နောက်ထပ် ပေါင်းထည့်ထားတာကတော့ ပန်းဂေါ်ဖီစိမ်းနဲ့ မုန်လာဥနီတို့ ဖြစ်ပါတယ်။ ကျပ် ၅၅၀ဝ ဆိုတဲ့ ဈေးနှုန်းဟာ လမ်းဘေးစာတစ်ခုအနေနဲ့ကြည့်ရင် ဈေးသက်သာတယ်လို့ မဆိုနိုင်ပေမယ့် Fine Dining အစားအစာတွေနဲ့ အလှမ်းမကွာလှတဲ့ အရည်အသွေးကို ရတာကတော့ ကျေနပ်စရာပါ။
နောက်ထပ်တစ်မျိုးကတော့ ဝက်ကင်ပါ။ ကျပ် ၄၀ဝ၀ ပေးရပါတယ်။ ဝက်ကုပ်သားစစ်စစ် နူးနူးညံ့ညံ့ လေးကို အရသာရှိရှိ စားသုံးလိုက်ရလို့ အရသာအတွက်နဲ့ အရည်အသွေးမှန်ကန်မှု သန့်သန့်ရှင်းရှင်းစားရတဲ့ အတွက် ပေးရတာတန်တယ်လို့ ဆိုချင်ပါတယ်။ သူ့မှာလည်း အမဲသားလိုပဲ Black Pepper Sauce လေးနဲ့ Chilli Sauce လေး ပါပါတယ်။ ဒီဝက်ကုပ်သားကင်ကတော့ ကျွန်တော့်အမြင် Chilli Sauce လေးနဲ့ ပိုလိုက်ဖက်ပါ တယ်။ အချိန်မကြာစေဘဲ ပြုတ်ရုံသာ ပြုတ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ မုန်လာဥနီတို့ကလည်း လိုက်ဖက်ညီပြီး မျှတတဲ့ အာဟာရတန်ဖိုးများ ရရှိစေပါတယ်။ အဆီ၊ အသားမျှတတဲ့ ဝက်ကုပ်သားစစ်စစ်ကို အချိန်ပေးပြီး အရသာနယ်နှပ်ထားတာဖြစ်လို့ အသားအရသာ ကောင်းမွန်ပြီး လတ်ဆတ်မွှေးကြိုင်ပါတယ်။
နောက်ထပ်တစ်မျိုးကတော့ ကြက်အူချောင်းကင်ပါ။ ဂျာမန်စတိုင် ချိစ်ကြက်အူချောင်းကင်ဖြစ်ပြီး စောစောက အသားတွေလိုပဲ Black Pepper နဲ့ အရမ်းလိုက်ဖက်တဲ့ အကင်တစ်မျိုး ဖြစ်ပါတယ်။ အသီးအရွက် လေးတွေပါ ပါတော့ စားရတာလည်း မပျင်းရတော့ဘူးပေါ့။ နူးနူးအိအိ ဂျာမန်ကြက်အူချောင်းကတော့ ကျပ် ၃၅၀ဝ ဖြစ်ပါတယ်။ အသောက်ကြိုက်သူများအနေနဲ့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ယူလာပြီး ပျော်ပျော်ပါးပါး စားနိုင်မယ့် နေရာလေးဖြစ်ပါတယ်။ အကင်လေးတွေကို သေသေချာချာ အရသာနယ်နှပ်ပြီး ကင်လိုက်ပြီးရင် တော့ ကိုဥာဏ်ထက်အောင်ရဲ့ လက်ထဲ ရောက်သွားပါပြီ။ အကင်အားလုံးကို အလေးချိန်မှန်ကန်ပြီး သပ်သပ် ရပ်ရပ်နဲ့ အပြင်အဆင် တိကျဖို့ သူက တာဝန်ယူထားပါတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်း ၄ ယောက် တာဝန်ကိုယ်စီ ခွဲဝေယူပြီး Steak On The Street ကို လုပ်ကိုင်လာတာ တစ်လခွဲရှိလာပါပြီ။ လက်ရှိရောင်းချနေရတဲ့ အစားအစာတွေရဲ့ အရသာအတွက်လည်း အမြဲတမ်း တစ်သမတ်တည်းရှိနေအောင် အရည်အသွေးထိန်းချုပ်မှုလည်း သေသေချာချာ စနစ်တကျထားရှိတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့လည်း Food Magazine စာဖတ် ပရိသတ်များအတွက် ဦးဦးဖျားဖျား သတင်းပေးနိုင် အောင် သွားရောက်မြည်းစမ်းခဲ့တာ အလွန်ကျေနပ်ခဲ့ရပါတယ်ဆိုတဲ့ အကြောင်းပြောရင်း စနေနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းတွေအပြင် မကြာခင် သောကြာနေ့ ညမှာလည်း တိုးချဲ့ပြီး ဖွင့်တော့မှာဖြစ်တဲ့အကြောင်း ကြိုတင် သတင်းပေးလိုက်ပါတယ်။