ပြင်သစ်ရိုးရာအစားအစာတွေအပြင် ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေကိုပါ ခံစားနိုင်မယ့် Le Cellier Wine Bar & Restaurant NOVOTEL YANGON MAX

novo_18

Eating_17 Eating_16

Eating_13 Eating_12 Eating_11 Eating_10

Eating_9 Eating_8 Eating_7 Eating_6

Eating_5 Eating_4 Eating_3 Eating_1

ပြင်သစ်ရိုးရာအစားအစာတွေအပြင် ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေကိုပါ ခံစားနိုင်မယ့် Le Cellier Wine Bar & Restaurant NOVOTEL YANGON MAX

            အရှိန်အဟုန်နဲ့ တိုးတက်ခေတ်မီလာတဲ့ မြန်မာ့ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ပြည်ပရင်းနှီးမြုပ်နှံမှုများစွာလည်း အလျင်အမြန်စီးဝင်လာခဲ့ပြီး ဈေးကွက်ယှဉ်ပြိုင်ရယူဖို့ ကြိုးစားလာတာတွေ တွေ့ရပါတယ်။ ဒီလိုဝင်ရောက်လာကြတဲ့အထဲကမှ အဆင့်မြင့်မြင့် ဝန်ဆောင်မှုအသစ်တွေကို မျှော်လင့်လာကြတဲ့ စားသုံးသူများရဲ့လိုအင်ကို ဖြည့်ဆည်းပေးပြီး ဈေးကွက်နေရာရယူဖို့ ကြိုးစားလာတဲ့ NOVOTEL YANGON MAX ရဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ ပြင်သစ်ရိုးရာ အစားအစာတွေအပြင် ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေကိုပါ ခံစားနိုင်မယ့် ပြင်သစ်ဘားနဲ့ စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ LE CELLIER ကို ဒီတစ်လ Food Magazine ပရိသတ်ကြီးအတွက် EATING OUT ကနေ မိတ်ဆက်ပေးချင်ပါတယ်။

            ပြည်လမ်းမကြီးပေါ်က NOVOTEL YANGON MAX ရဲ့ ၁၄ ထပ်မှာ ရန်ကုန်မြို့ရှုခင်းကောင်းကောင်း နဲ့ ဖွင့်ထားတဲ့ ဒီပြင်သစ်ဆိုင်ကတော့ ဝင်လိုက်တာနဲ့ ပြင်သစ်ပုံစံအတိုင်း အနုပညာလက်ရာတွေကို ခံစားနိုင်အောင် ပြင်ဆင်ထားတဲ့လက်ရာများကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Eating Out အဖွဲ့ ရောက်သွားတဲ့အချိန်မှာ ဆရာမောင်ဒီရဲ့ ခေတ်ပြိုင်ပန်းချီလက်ရာများကို နံရံတွေပေါ်မှာ ချိန်ဆွဲပြသထားပြီး ရောင်းချမယ့်ဈေးနှုန်းတွေကိုလည်း တွေ့ရပါတယ်။

            LE CELLIER ကို အပိုင်း ၂ ပိုင်း ခွဲထားပါတယ်။ WINE BAR နဲ့ DINNING နှစ်ပိုင်းခွဲပေးထားပါတယ်။ WINE BAR မှာတော့ ကမ္ဘာ့ဝိုင်ထုတ်လုပ်ရာဒေသများ က ဝိုင်အမျိုးအစားပေါင်း ၁၂ဝ ကျော်ကို ဝိုင်သိုလှောင်ရာ အခန်းကြီးထဲမှာပြသထားပြီး နှစ်သက်ရာရွေးချယ်နိုင် ပါတယ်။ ဘီယာနဲ့ ကောက်တေးမျိုးစုံအပြင် Tapas Menu ကိုလည်း အကင်၊ အကြော်မျိုးစုံကို ထည့်သွင်းပေးထားပါတယ်။ နေ့ခင်းနေ့လယ် ကော်ဖီချိန်မှာဆိုရင်လည်း ကော်ဖီကောင်းကောင်းအတွက် LE CELLIER ကိုသွားပြီး ဟိုးအဝေးက ရွှေတိဂုံစေတီတော်ကို ဖူးမျှော်ရင်း ကော်ဖီချိန်လေးကို ဖြတ်သန်းနိုင်ပါတယ်။ လှည်းတန်းတံတားကြီးကိုလည်း အပေါ်စီးက လှမ်းမြင်နိုင်ပြီး ရှုမျှော်ခင်းတွေကို အပြည့်အဝခံစားနိုင်စေဖို့ အပြင်ဘက်မှာလည်း စားပွဲတွေအပြင် ဘားထိုင်ခုံအမြင့်တွေနဲ့ စားပွဲအမြင့်လေးတွေ စီစဉ်ပေးထားတာ တွေ့ရပါတယ်။

            ဒါတွေအပြင် ပရိသတ်ကြီးကို ထပ်ပြီးမိတ်ဆက် ပေးချင်တာကတော့ LE CELLIER Dinning Room ရဲ့ မီနူးပါ။ ပြင်သစ်စာစစ်စစ်တွေကို အဆင့်မြင်မြင့်ဝန်ဆောင်မှုတွေပေးမယ့် Dinning Room အပြင်အဆင် တွေကိုလည်း ကြည့်ပါဦး။ နေ့ဘက်ဆို ပြင်ပအလင်းရောင်ရအောင် မှန်ချပ်ကြီးတွေကို ဘေးတစ်ခြမ်းလုံးကာ ပေးထားပြီး အတွင်းဘက်နံရံတွေကို ရှင်းရှင်းလင်းလင်း အလှဆင်ပေးထားပါတယ်။ ပြင်သစ်လက်ရာ ပန်းချီကား တွေကိုတော့ နေရာတော်တော်များများမှာတွေ့ရပြီး စားပွဲအပြင်အဆင်ကတော့ French Dining အတွက် အဆင်သင့် ခင်းကျင်းပြင်ဆင်ပေးထားတာ တွေ့ရပါ တယ်။ ဟင်းလျာမှာယူဖို့ နေရာယူလိုက်တာနဲ့ Starter တစ်မျိုးပါတဲ့ French Dining ရဲ့ ထုံးစံအတိုင်း Toast တစ်မျိုးနဲ့ မိတ်ဆက်တည်ခင်းပေးမှာ ဖြစ်ပါတယ်။

            အစားအစာစာရင်းကို လေ့လာကြည့်ရအောင်။ ဒီအချိန်မှာတော့ LE CELLIER ရဲ့ ဝန်ဆောင်မှု အရည်အသွေးကို စပြီးတွေ့ရမှာဖြစ်ပါတယ်။ ပြင်သစ်စာနဲ့ရင်းနှီးကျွမ်းဝင်သူဖြစ်ဖြစ် ပြင်သစ်စာနဲ့စိမ်းသူဖြစ်ဖြစ် အနားရောက်လာတဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတိုင်းက အစားအစာတွေအကြောင်းကို လည်လည်ပတ်ပတ် ရှင်းပြပေးမှာဖြစ်ပါတယ်။ အစားအစာတွေအပြင် အစားအစာတွေနဲ့ လိုက်ဖက်ညီမယ့် Wine, Cocktail စတာတွေကိုလည်း အကြံပြုပေးနိုင်မှာဖြစ်ပါတယ်။

            ခံတွင်းဖွင့်စာတွေထဲမှာဆိုရင် ဘဲသည်းကို အိုးပူလေးမှာ အပြင်သားတင်းရုံအပူပေးထားတဲ့ Pan-seared Foie Gras with Mango Chutney ကို မြည်းစမ်းကြည့်မိပါတယ်။ ရနံ့မွှေးတဲ့ဘဲအသည်းကို Pan ပူပူပေါ်မှာ သံလွင်ဆီနည်းနည်းလေးနဲ့ အိုးပူတိုက်ထားတဲ့နည်းနဲ့ ချက်ထားတာဖြစ်ပါတယ်။ အပြင်အပေါ်ယံလေးသာ ကျက်အောင်အပူပေးထားတယ်ထင်ရပေမယ့် အတွင်းသားကလည်း အနံ့မကျန်ဘဲ နူးညံ့ပြီးကျက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သရက်သီးအနှစ်နဲ့လုပ်ထားတဲ့ ဆော့စ်နဲ့ Balsamic Sauce တစ်မျိုးကလည်း အသားမှာအရည်ရွှမ်းစေပြီး ခံတွင်းအရသာခံစားရာမှာ ခံတွင်းတစ်ခုလုံး အရသာပျံ့နှံသွားတဲ့ ခံစားမှုမျိုးကို ရရှိပါတယ်။ နောက်ထပ်မိတ်ဆက်ပေးချင်တာက Galzed Terrine ဖြစ်ပါတယ်။ ဘဲအသည်းကို ကြေအောင် ချက်ထားပြီး အနှစ်ခဲဖြစ်အောင် ပြင်ဆင်ပေးထားပါတယ်။ အရသာငန်ပြီး ပြင်သစ်ပေါင်မုန့်နဲ့ တွဲစားရတဲ့ ရိုးရာအစားအစာတစ်မျိုး ဖြစ်ပါတယ်။ LE CELLIER မှာ ပြင်သစ်ပေါင်မုန့်မျိုးစုံကိုတော့ Lunch, Dinner မှာယူစားသောက်ကြသူတိုင်းအတွက် အမြဲတမ်းအဆင်သင့်ရှိနေစေမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Vegetarian သမားတွေ အကြိုက်တွေ့မယ့် Melimelo Salad with Fresh Tomato, Cheese Tartine ဖြစ်ပါတယ်။ အရွက်စုံသုပ်တစ်မျိုးဖြစ်ပြီး ပြင်သစ်ဒိန်ခဲ၊ ပေါင်မုန့်နဲ့ ပင်စိမ်းအနှစ်တို့ကိုပါ ရောနှောတွဲဖက်စားရတာဖြစ်လို့ ခံတွင်းဖွင့်အသုပ်ပွဲအနေနဲ့ ခံတွင်းလိုက်မယ့် အစားအစာတစ်မျိုးဖြစ်ပါတယ်။

            LE CELLIER မှာရှိတဲ့ Soup အမျိုးအစားတွေ အနေနဲ့တော့ ပြင်သစ် Traditional Onion Soup, Asparagus Cream Soup နဲ့ Lobster Bisque Soup တို့ဖြစ်ပါတယ်။ ကြက်သွန်နီတွေကို အညိုရောင် အရိုးပြုတ်ဆော့စ်တစ်မျိုး၊ ဟင်းခတ်အမွှေးအကြိုင်အစုံထည့်ပြီး အချိန်ကြာကြာတည်ထားတဲ့ ဟင်းချိုရည်ဟာ ကျွန်တော်တို့တွေ့ဖူးနေကျ အရည်များများပုံစံထက်ပိုပျစ်တဲ့ ကြက်သွန်နီ အဖတ်တွေပိုများတဲ့ ဟင်းချိုမျိုးဖြစ်ပါတယ်။ အပေါ်ယံမှာတော့ ပေါင်မုန့်ပါးပါးလေးတွေ အလွှာလိုက် ခင်းပေးထားပြီး ပြင်သစ်ရိုးရာချိစ်တစ်မျိုးကို အပေါ်ဆုံးကနေ ဖြူးထားပြီးမှ မီးဖိုမှာပြန်ဖုတ်ပေးထားတဲ့ ဟင်းချိုရဲ့ ချက်ပြုတ်နည်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Asparagus ဖြစ်တဲ့ အစိမ်းရောင် ကညွတ်ဟင်းချိုကလည်း သဘာဝအတိုင်း လတ်ဆတ်ချိုမြပြီး Cream အရသာဆိမ့်ဆိမ့်လေးနဲ့ လိုက်ဖက်လှပါတယ်။ Lobster Bisque ကတော့ ဟင်းခတ်အမွှေးအကြိုင် ရနံ့စုံလင်လှပြီး ပုစွန်ထုပ်အရသာပြင်းပြင်းကြိုက်ကြသူတွေ အကြိုက်တွေ့စေမယ့် ဟင်းချိုတစ်မျိုးဖြစ်ပါတယ်။ ဒီဟင်းချိုရဲ့ အရသာကိုလည်း ဘယ်တော့မှမမေ့ဘဲ အမှတ်ရနေစေမယ့် ရနံ့နဲ့အရသာဖြစ် မှတ်ချက်ပြုမိပါတယ်။

            အဓိကဟင်းလျာတွေထဲမှာတော့ နူးညံ့တဲ့အမဲ လိုင်းသားကို နုပ်နုပ်စဉ်းပြီး အနောက်တိုင်း အမွှေးအကြိုင်၊ သံပရာရည်၊ မာစတပ်၊ သခွားသီး၊ ကေပါစတာတွေ ရောနှောပြုလုပ်ထားတဲ့ အသုပ်ရည်နဲ့ ပေါင်းစပ်ထားတဲ့ အသုပ်တစ်မျိုးဖြစ်တဲ့ Beef Tartar with Homemade French Fries and Mixed Green Salad ကိုတော့ စားမိသူတိုင်း စိတ်ကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

            နောက်ထပ်တစ်မျိုးကတော့ အမဲလိုင်းသားကိုပဲ ကင်ထားတဲ့ Grilled Beef Fillet with Red Wine Sauce, Potato Gratin and Vegetables ဖြစ်ပါတယ်။ အနောက်တိုင်း အဓိကဟင်းလျာများရဲ့ အပြင်အဆင် အတိုင်း အသားဓာတ်၊ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်များကို အချိုးညီညီ ပေါင်းစပ်ဖွဲ့စည်းပေးထားတဲ့ ဟင်းလျာမျိုး ဖြစ်ပါတယ်။ အနောက်တိုင်းသားများအကြိုက် တစ်ဝက်အကျက်ကင်ထားတဲ့အသားကို Red Wine Sauce နဲ့ တွဲဖက်စားရတာ အရသာရှိလှပါတယ်။ အလွှာလိုက်လှီးပြီး ခွက်ထဲထည့်ဖုတ်ထားတဲ့ အာလူးအပြားလေးတွေနဲ့ ကညွှတ်ကြော်ကလည်း အသားနဲ့လိုက်ဖက်လှပါတယ်။

            စားပွဲပေါ်ကို ပန်းချီကားတစ်ချပ်လိုရောက်လာခဲ့တဲ့ နောက်ထပ်ဟင်းလျာတစ်မျိုးကတော့ ငါးကြင်းဖြူကင်ဖြစ်ပါတယ်။ Pan Seared Cod Fish, Atrichoke Puree with Caper and Lime Juice Sauce လို့ နာမည်ပေးထားပါတယ်။ သဘာဝအရသာချိုချို ငါးအသားကင်လေးနဲ့ လိုက်ဖက်တာကတော့ ထူးဆန်းတဲ့အရသာနဲ့ ပါဝင်ပစ္စည်းတွေပေါင်းစပ်ထားတဲ့ ချဉ်ဖြုံးဖြုံး Artichoke Puree ဖြစ်ပါတယ်။

            ပရိသတ်ကြီးရေ ပြင်သစ်အစားအစာရဲ့ နောက်ဆုံးပိုင်းအနေနဲ့ အချိုပွဲတွေကို မြည်းစမ်းကြည့်တဲ့အခါ Chocolate Fondant, Citrus Chiboust, Berries Terrine တို့ဟာ ကျွန်တော်တို့အဖွဲ့ အကြိုက်တွေ့ခဲ့တဲ့ အချိုပွဲတွေ ဖြစ်ပါတယ်။ အားလုံးထဲကမှ သစ်သီးအရသာ စုံလင်ကြွယ်ဝပြီး မာလီဘူး Coco ရနံ့သင်းတဲ့ Berries ဟာ ပူအိုက်လှတဲ့ ရန်ကုန်မြို့ရဲ့ ရာသီဥတုအတွက်တော့ ကိုက်ညီလိုက်ဖက်လှတာကြောင့် Dessert တွေထဲမှာ အကြိုက်ဆုံးအဖြစ် ရွေးချယ်မိပါတယ်။

            LE CELLIER ကို နေ့လယ် ၁၂ နာရီကနေ ၂ နာရီခွဲအထိ ဖွင့်ပေးထားပြီး ညနေ ၆ နာရီကနေ ည ၁ဝ နာရီခွဲ အချိန်မှာတော့ Dinning Room က စားပွဲဝိုင်းတွေအပြင်၊ ပြင်ပရှုခင်းတွေခံစားနိုင်ဖို့ နေရာကျယ်ဝန်းတဲ့ Open Air နေရာလည်း ရှိပါတယ်။ ဒါ့အပြင် အစည်းအဝေးပွဲ၊ တွေ့စုံပွဲနဲ့ မိသားစုစားဝိုင်းများအတွက်လည်း သီးသန့်ခန်း ၃ ခန်း ထားရှိထားပေးပြီး လောလောဆယ် မှာတော့ အခန်းအသုံးပြုခကို မသတ်မှတ်ထားသေးဘူးလို့ သိရပါတယ်။

            ပြင်သစ်ရိုးရာအစားအစာတွေအပြင် ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေကိုပါ ခံစားနိုင်မယ့် LE CELLIER မှာ သွားရောက်သုံးဆောင်ဖို့ စားပွဲကြိုတင်မှာထားချင်တယ်ဆိုရင်တော့ ဝ၁ ၂၃ဝ ၅၈ ၅၈ ကို ဆက်သွယ်နိုင်ပါကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။

LE CELLIER Wine Bar & Restaurant NOVOTEL YANGON MAX

No 459, Pyay Road, Kamayut Tsp, Yangon. Le Cellier Wine Bar & Restaurant, Rooftop 14 th Floor of Hotel. Tel : 01 230 58 58

သစ်ထူး

Facebook Comments