Acacia Tea Salon

eating_3   eating_4

eating_2 eating_5 eating_7 eating_6

eating_9   eating_8

Acacia Tea Salon

            အစားအသောက်ဘက်က အမြင်တစ်ခုတည်းနဲ့ ကြည့်ရင်တော့ ရန်ကုန်ဟာတဖြည်းဖြည်းနဲ့ ကမ္ဘာနဲ့ရင် ဘောင်တန်းအမှီလိုက်ဖို့ အစပြုဦးတည်နေပါပြီ။ ပြည်ပမှာရောက်နေတဲ့ မြန်မာစားဖိုမှူးတွေလည်း ပြည်တွင်းကို တစ်စစ ပြန်လည်အခြေချလာပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေကလည်း ဈေးကွက်တွင်းမှာ နေရာယူလာကြပါ တယ်။ နိုင်ငံတကာမှာအောင်မြင်နေတဲ့ အမှတ်တံဆိပ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း အားထုတ်ကြိုးပမ်းလာကြပါတယ်။ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေမှာသာရနိုင်တဲ့ အစားအစာတွေရဲ့ အရည်အသွေးနဲ့ အပြင်အဆင်တွေကို ဝင်ရောက်ယှဉ် ပြိုင်နေရာယူဖို့အထိ ရည်မှန်းချက်ကြီးသူ လုပ်ငန်းရှင် တွေလည်း ပေါ်ပေါက်လာပါတယ်။ ရည်မှန်းချက်ကြီးတဲ့လုပ်ငန်းရှင်ရယ်၊ အရည်အချင်းရှိပြီး တက်ကြွတဲ့ နိုင်ငံခြားပြန် မြန်မာစားဖိုမှူးလူငယ်နှစ်ယောက်ရယ် ဦးဆောင်ဖွင့်လှစ်ထားတဲ့ အစားအစာရဲ့ အရည်အသွေးအဆင့်မြင့်တဲ့ ဥရောပစားသောက်ဆိုင်တစ်ဆိုင်အကြောင်းကို ဒီတစ်လရဲ့ Eating Out ကဏ္ဍမှာ မျှဝေပေးသွားမှာဖြစ်ပါ တယ်။

            ဆရာစံလမ်းပေါ်ကနေဖြတ်သွားတိုင်း မြင်လိုက်တာနဲ့ အဆင့်အတန်းမြင့်တဲ့ဆိုင်တစ်ဆိုင်ဆိုတာ ချက်ချင်း မှတ်ချက်ပြုမိတဲ့ဆိုင်ကတော့ Acacia Tea Salon ဖြစ်ပါတယ်။ စိမ်းလန်းတဲ့ပတ်ဝန်းကျင်က သဘာဝအတိုင်း ဖြစ်နေတာပါ။ ခြံကျယ်ကျယ်ဝန်းဝန်းရှိပြီး လုံခြုံစိတ်ချရတဲ့ ကားပါကင်ရှိတာကြောင့် နေရာရှားပါးတဲ့ ရန်ကုန်မှာ တော်တော်လေးအဆင်ပြေပါတယ်။ ကိုလိုနီခေတ်လက်ရာ ရှေးကျတဲ့သစ်သားအုတ်ညှပ် အဆောက်အဦကို အထက်တန်းကျကျ ပြင်ဆင်မွမ်းမံထားပါတယ်။ ရှေးကျပေမယ့် ခေတ်နောက်ပြန်ဆွဲမနေတဲ့ ဆေးအရောင်နဲ့ အတွင်းပိုင်းပြင်ဆင်မှုတွေက Acacia ကို Classy ဖြစ်နေအောင် ပုံဖော်ပေးထားပါတယ်။ ဒီဆိုင်ကို တည်ထောင်တဲ့ဆိုင်ရှင်က ပြင်သစ်မှာ နှစ်သက်ခဲ့ဖူးတဲ့ဆိုင်တစ် ဆိုင်ရဲ့ ပုံစံအတိုင်း ပြင်ဆင်မွမ်းမံထားတယ်လို့ သိရပါတယ်။

            ခေတ်မှီပြီး အထက်တန်းကျကျလှပနေတဲ့ ရှေး ဟောင်းပုံအိမ်ကြီးရဲ့ ဆင်ဝင်အောက်ကနေ အဆောက်အဦးထဲကိုဝင်လိုက်ရင် ဧည့်ကြိုကောင်တာလေးရဲ့နောက်မှာ ဆိုင်အတွင်းဘက်ကိုဝင်ဖို့ နောက်ထပ်တံခါး ၂ ချပ်ကို တွေ့ရမှာပါ။ ဒီတံခါးတွေရဲ့ အတွင်းရောက်ရင်တော့ ခမ်းနားတဲ့ Acacia ရဲ့ အတွင်းပိုင်းကို စပြီးထိတွေ့ရပါပြီ။ အဝင်ခန်းမကြီး တစ်ခန်းလုံးနီးပါး နေရာယူထားတဲ့ ကောင်တာ ကြီးရဲ့ပတ်လည်မှာ နာမည်ရနေတဲ့ Acacia ရဲ့ Pastry မုန့်မျိုးစုံကို Chiller ကောင်တာမှာ ပြထားတာတွေ့ရပါ တယ်။ Pastry ကောင်တာကြီးရှိနေတဲ့ ပင်မအခန်းကြီးရဲ့ ဘေးဘက်ခြမ်းတွေမှာတော့ သီးသန့်အခန်းငယ်လေး တွေ တစ်ဖက်တစ်ချက်စီမှာ စီစဉ်ထားပါတယ်။ နှစ်ထပ်အဆောက်အဦမှာ စားသောက်ခန်းမတွေကိုတော့ အောက်ထပ်ဘယ်ဘက်ခြမ်းအိမ်ရဲ့ အတွင်းခန်းတည်ဆောက်ပုံကို အခြေခံထားပြီး ခင်းကျင်းပြင်ဆင်ပေးထား တာက စားသောက်စားပွဲတစ်ခုချင်းစီမှာ ထိုင်နေသူများအားလုံး သီးသန့်ဆန်ဆန်လေး ခံစားနေရမှာဖြစ်ပါတယ်။

            စားပွဲထိုင်ခုံတွေအားလုံး ကျွန်းခုံ၊ ကျွန်းစားပွဲများ ဖြစ်ပြီး နံရံပေါ်က ဝါဖန့်ဖန့်မီးရောင်အောက်မှာ ပနံသင့် လှတဲ့ အခင်းအကျင်းဖြစ်လို့နေပါတယ်။ လမ်းလယ်ကောင်က အလှပြစားပွဲတွေမှာ၊ နံရံကပ်ဗီရိုတွေထဲမှာတော့ ရှေးဟောင်းလက်ရာနဲ့ပုံစံတူတဲ့ ကြွေအိုး၊ ကြွေခွက်မျိုးစုံကို တွေ့ရပါတယ်။

            လက်ယာဘက်ခြမ်းမှာတော့ Acacia Tea Salon ရဲ့ အမျိုးအစားစုံလင်လှတဲ့ လက်ဖက်ရည်မျိုးစုံနဲ့ အီတာလျံကော်ဖီများ ဖျော်စပ်ပေးနေတဲ့ ဘားကောင်တာကို တစ်ခန်းသပ်သပ်ထားပေးထားပါတယ်။

            အားလုံး ဘယ်၊ ညာအခန်းအားလုံးရဲ့အလယ် Pastry ကောင်တာကြီးရဲ့နောက်မှာတော့ အပေါ်ထပ်ကို တက်လို့ရမယ့်လှေကားပါ။ ဒီကနေတက်သွားရင်တော့ Acacia ရဲ့ ဖောက်သည်တွေကြားမှာ ရေပန်းစားနေတဲ့ Moroccan ပုံစံခန်းမကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ဘေးပတ်ပတ်လည်မှာ အောက်ချထိုင်လို့ရမယ့် အခင်းလေး တွေနဲ့ လက်တင်၊ ကျောမှီခေါင်းအုံးလေးတွေ စီပြီးချပေးထားပါတယ်။ အခန်းရဲ့ဖွဲ့စည်းပြင်ဆင်ပုံကတော့ ဧည့်သည်ကိုယ်တိုင် စိတ်ကြီးဝင်သွားလောက်ပါတယ်။ ဒီအခန်းကြီးရဲ့ ဘေးဘက်ခန်းတွေကတော့ သီးသန့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ စားသောက်ခန်းတွေဖြစ်ပါတယ်။

            ငါးနှစ်သက်တမ်းထဲကိုရောက်လာပြီဖြစ်တဲ့ Acacia ဟာ သြဂုတ်လမှာတော့ သူ့ရဲ့အစားအစာစာရင်းကို ပြင်ဆင်ပြီး နည်းပညာအသစ်တွေအခြေခံပြီး အရသာသစ်၊ တင်ဆက်မှုအသစ်တွေကို ထည့်သွင်းပေးလာတော့မှာ ဖြစ်ပါတယ်။ ဒီလိုအသစ်တီထွင်ထုတ်လုပ်တော့မယ့် အစားအစာတွေထဲက Acacia ကနေ ကျွန်တော်တို့ Eating Out အဖွဲ့ တွေကို မိတ်ဆက်ပေးလိုက်တဲ့ အစားအစာတချို့နဲ့ မိတ်ဆက် ပေးချင်ပါတယ်။

            Starter, Appetizer ဘယ်လိုခေါ်ခေါ်၊ စစချင်း ခံတွင်းတွေ့စေတဲ့ ဟင်းလျာကတော့ Adman Sea Scallop with Green Peas Wasabi ဖြစ်ပါတယ်။ ဒယ်ပြားပေါ်မှာ သံလွင်ဆီနည်းနည်း မီးအချိန်အဆကောင်း ကောင်းနဲ့ ကျက်ရုံလေးအပူပေးထားတဲ့ လတ်ဆတ်ပြီး ချိုမြမြအရသာ Sacllop နဲ့ တွဲဖက်သုံးဆောင်စေမှာကတော့ ၀ါစာဘီ Green Peas Wasabi အနှစ်လေး ဖြစ်ပါတယ်။ ဝါစာဘီအရသာလေး ပါတယ်ဆိုရုံလေးပါ။ Beetroot အနှစ်ချဉ်ချဉ်လေးရယ်၊ ရုံးပတီသီးစေ့လေးတွေနဲ့ ပုစွန်ဥလေးတွေအပြင် မော်လီကျူလာနည်းနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ Orange Ball လေးတွေကိုပါ တွဲဖက်သုံးဆောင်ရတဲ့ အတွေ့အကြုံကတော့ လတ်ဆတ်ပြီး ဆန်းပြားတဲ့အရသာအပြင် အရသာမျိုးစုံကို ခံတွင်းအသိနဲ့ ခံစားရတာဖြစ်လို့ ခံတွင်းဖွင့်စာအနေနဲ့ စတင်ဖို့ အကောင်းဆုံးဟင်းလျာဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်။

            အဓိကဟင်းလျာအနေနဲ့ မြည်းစမ်းကြည့်မိတာကတော့ Veal Tenderloin with Green Herb Crush ဖြစ်ပါတယ်။ Veal ဆိုတဲ့အတိုင်း နုနုငယ်ငယ် အသားလေးကိုမှ ရွေးပြီးပြင်ဆင်ချက်ပြုတ်ထားတာဖြစ်လို့ နူးညံ့တဲ့အသားရဲ့ သဘာဝအရသာအတိုင်းကို ခံစားရမှာဖြစ်ပါတယ်။ မီးဖိုမှာအပြင်ပိုင်းကျက်ရုံလေး Medium Rare ဖြစ် အောင်ကင်ထားတဲ့ အသားကို Balsamic Onion၊ နွားနို့ နဲ့ချက်ပြီးမှ အပြင်သားကြွပ်ရုံ ပြန်ကြော်ထားတဲ့ အာလူး၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ မုန်လာဥနီ (Carrot) စတာတွေနဲ့ တွဲဖက်ပြင်ဆင်ပေးထားပါတယ်။ အသားကြိုက်သူတွေ နှစ်သက်မယ့် အရသာနဲ့ အပြင်ဆင်မျိုးဖြစ်လို့ Acacia ရဲ့ အသစ်ထွက်လာမယ့် အစားအစာ စာရင်းမှာ မြည်းစမ်းကြည့်သင့်တဲ့ဟင်းလျာအဖြစ် မျှဝေပေးလိုက်ပါတယ်။

            အသားကနေကျော်လွန်ပြီး ထူးထူးခြားခြား နောက်ထပ်ဟင်းလျာတစ်မျိုးကတော့ Floating Lemon Butter လို့ နာမည်ရပါတယ်။ နောက်ထပ် ပြောင်းမယ့် အစားအစာစာရင်းမှာ မဖြစ်မနေမြည်းစမ်းရမယ့် ဟင်းပွဲ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အရမ်းသဘောကျတဲ့ Dory ငါးကို Lemon Butter ဆော့စ်နဲ့ချက်ထားပြီး Caponata ခရမ်းသီးကို၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ ဖရုံသခွားတို့နဲ့ချက်ထားတဲ့ ပြင်သစ်ပုံစံ Picante Sauce နဲ့ တွဲဖက်တည်ခင်းပေးထားပါတယ်။ အတူရောနှောပြင်ဆင်ထားတဲ့ Green Peas Wasabi နဲ့ Hollandaise တို့ ပေါင်းစပ်တဲ့အရသာကတော့ သွားရည်ကျစရာ (Mouth Watering)လို့ပြောရမယ့် လက်ရာဖြစ်ပါတယ်။ အလှဆင့်ထားတဲ့ ရွှေဝါရောင်တောက်နေအောင် ဖုတ်ထားတဲ့ Pei Pastry တစ်ချပ်က မျက်စိပသာဒဖြစ်စေရုံမက ဟင်းပွဲရဲ့ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ပါ အရသာထူးခြားအောင် ပံ့ပိုးပေးထားတာ တွေ့ရပါတယ်။

            Acacia မှာ နောက်ထပ်သဘောကျမိတာကတော့ အချိုပွဲပါ။ Acacia ဟာ ပြင်သစ်မုန့် (French Pastry)မှာ နာမည်ကြီးထင်ရှားပါတယ်။ စဖွင့်ကာစအချိန်လောက်က ဟိုတယ်ကြီးတွေမှာသာ ရံဖန်ရံခါရတတ်တဲ့ Pastry Item မျိုးကို Acacia မှာစုံနေအောင် ခုချိန်ထိရနိုင်ပါတယ်။

            မိတ်ဆက်ပေးချင်တဲ့ Apple Chocolate Tart ဟာလည်း ပြင်ဆင်ပုံထူးခြားသလို တည်ခင်းပုံ (Plating) လှလှလေးဖြစ်အောင် အလှဆင်ထားတာကြောင့် မစားရသေးခင် အမြင်နဲ့တင် သွားရည်ယိုစရာပါ။ Tart အသား အောက်ခံမှာ အစိမ်းရောင်ပန်းသီး (Green Apple) အမွှေးအကြိုင်လေးတွေနဲ့ အပူပေးပြီးမှ English Custard Cream နဲ့ ရောပြီး ထည့်ထားပါတယ်။ ပြီးမှအပေါ်က Chocolate Moose အုပ်ပေးထားတာ ဖြစ်ပါတယ်။ အချိုပွဲဖြစ်ပေမယ့် အချိုအရသာသိပ်မများလွန်းဘဲ ချဉ်ပြုံးပြုံး ပန်းသီးစိမ်းရဲ့အရသာနဲ့ အပေါ်ဆုံးမှာ Topping လုပ်ထားပေးတဲ့ သရက်သီးအနှစ်နဲ့ ဘယ်ရီသီးတို့ကလည်း အချိုပွဲကို အီမသွားအောင် ထိန်းပေးထားပါတယ်။ အတူတွဲပြီး ပြင်ဆင်ပေးထားတဲ့ Ice-cream လေးနဲ့ Biscuit Ring မွမွလေးကို ရောနှောစားရတာကလည်း နှစ်သက်စရာခံစားမှု အရသာတစ်မျိုးဖြစ်ပါတယ်။

            နောက်ဆုံးတစ်မျိုးကတော့ ပါနာကောတာ (Pannacotta)ကို ဖြူ၊ နီ၊ စိမ်း၊ ဝါ၊ အလွှာမျိုးစုံ အရသာ စုံစုံလေးလုပ်ထားတဲ့ အချိုပွဲလေးတစ်မျိုးပါ။ လောလောဆယ်မှာ အထူးဧည့်သည်များကိုသာ လက်ဆောင် အဖြစ် တည်ခင်းသေးတယ်လို့ဆိုပါတယ်။ သရက်၊ ဆွမ်း မွှေး၊ ဒိန်ချဉ်၊ ဘယ်ရီသီးနီ၊ ဘယ်ရီသီးအပြာ စတဲ့သီးနှံ အရသာစုံကို တစ်လွှာချင်းပြင်ဆင်ထားပေးတာကြောင့် အရသာစုံလင်လှပါတယ်။ အရောင်အတွက်လည်း အရောင်ဆိုးဆေးမသုံးဘူးလို့ ဆိုပါတယ်။ အချိုပွဲကိုတော့ Acacia ရဲ့ အချိုပွဲစာရင်းမှာပါလာဖို့ မျှော်လင့်ရပါတယ်။

            Eating Out ပရိသတ်ကြီးခင်ဗျာ။ Acacia ရဲ့ ဦးဆောင်သူစားဖိုမှူးများကတော့ ရောက်လာသမျှ ဧည့်သည်တစ်ယောက်ချင်းစီတိုင်းကို သူတို့တတ်ထားတဲ့ပညာနဲ့ အစားအစာအရည်အသွေးပိုင်းရော၊ ဝန်ဆောင်မှုပိုင်းမှာပါ အကောင်းဆုံးဖြည့်ဆည်းပေးမယ်ဆိုတဲ့ သတင်းစကားပါးလိုက်ပါတယ်။ တကယ်လို့များ အစားအစာအရည်အသွေးပိုင်းမှာ အဆင့်မြင့်တဲ့ နိုင်ငံတကာ အစားအစာများကို သုံးဆောင်ချင်တယ်၊ မိတ်ဆွေများကို ဧည့်ခံချင်တယ်ဆိုရင်ဖြင့် ဆရာစံလမ်းပေါ်က Acacia Tea Salon ကို အရောက်သွားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

Acacia Tea Salon

52, Saya San Rd, Bahan Township,Yangon, Myanmar. Tell 01-554739

♦   သစ်ထူး   ♦

Facebook Comments