
by သစ်ထူး for Food Magazine
မိုးသည်းသည်းနေ့တစ်နေ့မှာ Food Magazine စာဖတ်သူများအတွက် Eating Out ကဏ္ဍ ရိုက်ကူးဖို့ ရောက်သွားခဲ့တဲ့နေရာလေးကတော့ Queen’s Park Hotel ရဲ့ ပထမထပ်က Aj’s Bar ပဲဖြစ်ပါတယ်။ Queen’s Park ရဲ့ Lobby ကနေ လှေကားအတိုင်း တက်သွားရင်လည်းရသလို ဓာတ်လှေကားနဲ့လည်း တက်လို့ ရပါတယ်။
Aj’s ကို ဝင်မယ့် တံခါးဝမှာတင် ဝိုင်ပုလင်းတွေကို နံရံမှာကပ်ပြီး အလှဆင်ထားတာလေးတွေ စတွေ့ရပါပြီ။ အတွင်းဘက်ဝင်လိုက်ရင် ဗိုလ်မြတ်ထွန်းလမ်းမကြီးဘက် လှည့်ထားတဲ့ဘက်ခြမ်းက မှန်နံရံကြီးတွေဘက်လှည်ပြီး ဘားထိုင်ခုံအမြင့်ကြီးတွေ အတန်းလိုက် ခင်းကျင်းထားတာက မိုးအေးအေးမှာ ငေးလို့ကောင်းမယ့် နေရာလေး ပါပဲ။ အတွင်းဘက်တွေမှာလည်း ၂ ယောက်၊ ၄ ယောက် အေးအေးလူလူ ထိုင်လို့ရမယ့် စားပွဲခုံလေးတွေနဲ့ သီးသန့်ဆန်ဆန် စားပွဲတွေကိုလည်း နံရံနဲ့ကပ်လျက် ခင်းကျင်းထားတာ တွေ့ရပါတယ်။
ဆိုင်ထဲဝင်ဝင်ချင်း တံခါးမကြီးရဲ့ဘေးမှာ တွေ့ရမယ့် ဘားကောင်တာမှာကတော့ အမေရိကန် Cocktail စစ်စစ်တွေနဲ့ California Wine မျိုးစုံကိုလည်း တွေ့ရပါတယ်။ Draft Beer မျိုးစုံနဲ့ Bottle Beer များလည်း ရပါသေးတယ်။
ရန်ကုန်မှာ အမေရိကန်စာစစ်စစ် စားလို့ရတာ ဘယ်နေရာလည်းဆိုရင်လည်း Aj’s Bar ကိုပဲ ညွှန်ပေးချင်ပါတယ်။ အစားအစာစာရင်းမှာ Buffalo Chicken Wing ကို ကြွပ်ကြွပ်လေးကြော်ပြီး Honey BBQ Sauce နဲ့ ပြန်လှိမ့်ပေးထားတဲ့ ခံတွင်းဖွင့်စာမှာ တရုတ်နံနံပင်ကြီးတွေရဲ့ အရိုးကြွပ်ကြွပ်လေးကိုပါ အရသာရှိရှိ ကိုက်စားနိုင်အောင် Aj’s ရဲ့ အိမ်လုပ် မိုင်ရောနိစ်နဲ့အတူ တွဲဖက်တည်ခင်းတာဖြစ်ပါတယ်။
ချိုချိုစပ်စပ်အရသာ ကြက်တောင်ပံလေးတွေ ကိုက်လိုက်၊ ဘီယာလေးသောက်လိုက်၊ Celery အရိုးလေး ကြွပ်ခနဲ ကိုက်ဝါးလိုက်ရတဲ့ အရသာက ခံတွင်းဖွင့်စာမှာတင် ကျေနပ်မှု အပြည့်ရစေပါတယ်။
ခံတွင်းဖွင့်စာတွေကို Aj’s မှာ Small Bites လို့ နာမည်ပေးထားပါတယ်။ နောက်ထပ် ဘီယာ၊ ကော့ တေးလ်တွေနဲ့လိုက်ဖက်တဲ့ ခံတွင်းဖွင့်စာကတော့ Crispy Calamari ဖြစ်ပါတယ်။ တာတာဆော့စ်အစပ်လေးနဲ့ တွဲပြီးစားရတဲ့အရသာကလည်း စွဲမက်ဖွယ်ပါပဲ။ နောက်တစ်မျိုးကတော့ Thousand Island Dressing နဲ့ တွဲဖက်တည်ခင်းတဲ့ ကြက်သွန်ကွင်းကြော်ပါ။ Aj’s ကတော့ Haystick Onion Rings လို့ နာမည်ပေးထားပါတယ်။ တကယ့် ကာလီဖိုးနီးယား အရသာစစ်စစ်ကို ခံစားရမယ့် ဒီကြက်သွန်ကွင်းကြော်ကိုတော့ နို့မှာ စိမ်ပြီးမှ မုန့်နှစ်နဲ့ ဆီပူနှစ်ကြော်ထားတာ ဖြစ်ပါတယ်။ “အစားသည် လူနှင့် တည့်၏”ဆိုတဲ့စကားမှာ ထပ်ဖြည့်ပေးချင်တာက “အစား သာမက အသောက်ပါလူနှင့်တည့်၏”လို့ ပြောချင်ပါတယ်။ ဘီယာနဲ့ မလောက်ရင် Aj’s Old Fashioned ဆိုတဲ့ ဝီစကီ အခြေခံထားတဲ့ ကော့တေးလ်လေးတစ်မျိုးကိုလည်း မြည်းကြည့်လိုက်ပါဦး။
နောက်ထပ်မြည်းစမ်းကြည့်မိတာက အမေရိကန် ဘာဂါတွေပါ။ ဘာဂါဆိုတဲ့အတိုင်း အတူတွဲစားဖို့ကတော့ ကာလီဖိုးနီးယားထုတ် အာလူးချောင်းကြော်လေးတွေနဲ့ပါ။ ထင်ရှားပြီး လူကြိုက်များတဲ့ Foie Gras ဘာဂါကတော့ အကြိုက်ဆုံးပါ။ Aj’s ရဲ့ ဘာဂါတွေက ရန်ကုန်မှာ အကောင်းဆုံးဘာဂါတွေထဲမှာ ထိပ်ဆုံးလို့ ဆုပေးပြီး သတ်မှတ်ခံထားရတဲ့ ဘာဂါတွေဖြစ်ပါတယ်။
Umami Burger ကတော့ အကောင်းဆုံးလို့ ဝိုင်းဝန်းသတ်မှတ်တာ ခံထားရပါတယ်။ Umami ဆိုတာ ဂျပန်လို ဟင်းခတ်မှုန့်အရသာဖြစ်ပါတယ်။ ဂျပန်ကစလို့ တီထွင်လိုက်တဲ့ ဒီအရသာသစ်တစ်မျိုးကို တစ်ကမ္ဘာလုံးက လက်ခံပြီး အစားအစာလောကမှာ နေရာရလာခဲ့တဲ့ အရသာဖြစ်ပါတယ်။ မှို၊ အမဲသားဘာဂါ၊ ကြက်သွန်တွေအပြင် ထူးထူးခြားခြား White Cheddar Cheese ကို အရည်ပျော်စေပြီး မှာယူထားတဲ့ ဧည့်သည်စားပွဲရောက်မှ ပူပူနွေးနွေး လောင်းချပေးတာကလည်း တင်ဆက်ပုံ ထူးခြားပါတယ်။ ချိစ်ပူပူနွေးနွေး အချိန်မှာစားရတဲ့ Umami ဘာဂါရဲ့ အရသာကလည်း ချိုမွှေးပြီး ခံတွင်းထဲမှာ ပျံ့နှံ့ သွားစေပါတယ်။ ရိုးရာမပျက် အာလူးချောင်းကြော်လေးတွေကိုပါ ဆော့စ်လေးနဲ့ တို့စားရင်း ခံတွင်း ဇိမ်ယူနိုင်မယ့် စားစရာအမည်သစ်တစ်မျိုးကို သွားရောက်မြည်းကြည့်စေချင်ပါတယ်။
နောက်ထပ်မြည်းစမ်းပြီး မျှဝေပေးချင်တဲ့ ဘာဂါတစ်မျိုးက BBQ Bacon Burger ဖြစ်ပါတယ်။ ဒီဘာဂါ မှာတော့ Mild Cheddar Cheese ကို သုံးထားပြီး ကြက်သွန်ကွင်းကြော်၊ Arugula လို့ ခေါ်တဲ့ Rocket ရွက်သုပ်တစ်မျိုး ပါပါသေးတယ်။ ကင်ထားတဲ့ ဝက်သားခြောက် ပြားတွေကလည်း ဘာဂါရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်။ အသားတွေချည်း စားရတာ ငြီးငွေ့သွားပြီဆိုရင်တော့ ဘေကွန်၊ ကြက်ဥ၊ ချယ်ရီခရမ်းချဉ်သီး၊ Iceberg ဂေါ်ဖီထုပ် အခြမ်းကြီးတွေပေါ်မှာ Thousand Island Dressing လေး ဖြန်းထားတဲ့ Aj’s ရဲ့ Iceberg Wedge နဲ့ အရသာအသစ်တွေကို မြည်းစမ်းကြည့်သင့်ပါတယ်။
နောက်ထပ်တစ်မျိုးကို အတောမသတ် စားမိတာက Angry Chicken လို့ နာမည်ပေးထားတဲ့ ကြက်သားကင် ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ ပြည်တွင်းဧည့်သည်တွေ အစားများတဲ့ ဒီကြက်ကင်ရဲ့ထူးခြားချက်က မက္ကဆီကန်ပုံစံ ဖြစ်ပေမယ့် မြန်မာအရသာနဲ့ နီးစပ်တာကြောင့် လူကြိုက် များတာဖြစ်ပါတယ်။ ခရမ်းသီး၊ ချယ်ရီခရမ်းချဉ်သီး၊ ရှမ်းအာလူး၊ ငရုတ်ပွ စတဲ့ သီးနှံတွေပါ ရောနှောပြီး ကင်ထားတဲ့ အကင်ကတော့ Aj’s ရဲ့ အရောင်းရဆုံး စာရင်းဝင် လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးဖြစ်တယ်ဆိုတာ မြည်းကြည့်ပြီးမှ ယုံကြည်နိုင်မှာဖြစ်လို့ သွားရောက် သုံးဆောင်နိုင်ဖို့ သတင်းပေးလိုက်ပါတယ်။
Eating Out ပရိသတ်တို့ရေ . . . Aj’s Bar မှာ ဒီလောက်ကောင်းတဲ့ အစားအစာတွေ ဘာကြောင့် ရနိုင်တာလည်းဆိုတာကလည်း စိတ်ဝင်တစား မေးမြန်းခဲ့ရတဲ့ မေးခွန်းဖြစ်ပါတယ်။ Aj’s ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကိုဂျေဟာ အမေရိကားရဲ့ ကာလီဖိုးနီးယားမှာ ၁၆ နှစ်လောက် နေလာခဲ့ပြီး ကမ္ဘာကျော်စားဖိုမှူး Thomas Keller ရဲ့ လက်ရင်းတပည့် စားဖိုမှူးကြီးများနဲ့အတူ စားသောက်ဆိုင်လုပ်ငန်း အတွေ့အကြုံကောင်းများစွာ ရရှိခဲ့တဲ့အပြင် Iron Chef လို့ လူသိများတဲ့ Chef Morimoto နဲ့လည်း လက်တွဲအလုပ်လုပ်ခဲ့ပြီး ပညာကောင်းတွေ လေ့လာသင်ယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီလိုလူ ဦးဆောင်တည်ထောင်ထားတဲ့ Aj’s Bar ကိုတော့ တစ်ခေါက်ရောက်အောင် သွားသင့်တယ်လို့ ပြောရင်း ဒီတစ်လတော့ ဒီမှာတင် ရပ်နားပါရစေ။