Ayam Penyet

eating-4 eating-3

eating-9 eating-10

eating-11 eating-12

eating-6 eating-8 eating-5 eating-7

Ayam Penyet

            အရသာထူးပြီး စားကောင်းတဲ့ အစားအစာတွေကို မြည်းစမ်းပြီးတဲ့အခါတိုင်း လမ်းညွှန်ပေးတဲ့ Eating Out အစီအစဉ်ကနေ ထပ်ပြီးလမ်းညွှန်ပေးမဲ့ဆိုင်ကတော့ အာယမ်းပညက် “Ayam Penyet” လို့ခေါ်တဲ့ အင်ဒိုနီးရှား စားသောက်ဆိုင်ပါ။ ရွေတိဂုံဘုရားအနောက်ဖက်မုဒ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ပြည်သူ့ရင်ပြင်ထဲက Myanmar Culture Valley ထဲမှာရှိပါတယ်။ အစားအစာတွေ ဘယ်လိုအရသာထူးပြီး စားကောင်းတယ်ဆိုတာ မပြောပြခင်မှာ Ayam Penyet ဆိုင်ရဲ့ အကြောင်းလေးကို အရင်ဆုံး ပြောပြချင်ပါတယ်။

            Ayam Penyet ရဲ့ မြန်မာလို အဓိပ္ပာယ်ကတော့ ‘ကြက်သားကို ထုပြီးပြားထားတဲ့ ကြက်သားကြော်’ လို့ ခေါ်ရပါ့မယ်။ အင်ဒိုနီးရှားရိုးရာ East Javanese အစားအစာပဲ ဖြစ်ပါတယ်။

            အင်ဒိုနီးရှားအစားအစာဖြစ်ပေမဲ့ Ayam Penyet မူလဆိုင်က မလေးရှားနိုင်ငံမှ ဖြစ်ပါတယ်။ Ayam Penyet API Sdn Bhd ကို ၁၉၆၅ ခုနှစ်မှာ မလေးရှားမှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပြီး အင်ဒိုနီးရှားရိုးရာ အစားအစာတွေကို ရောင်းချခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလမှာ Ayam Penyet AP အမှတ်တံဆိပ်ဖြင့် Franchise ရယူရောင်းချခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

            Ayam Penyet AP Myanmar ကိုတော့ စက်တင်ဘာလ၊ ၆ ရက် ၂ဝ၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ခုချိန်မှာဆိုရင် ရန်ကုန်မြို့အပါအဝင် မလေးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှာ ဆိုင်ခွဲပေါင်း ၅ဝ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

            ကျွန်တော် မလေးရှားမှာနေစဉ်ကတည်းက အမြဲတမ်းစားဖြစ်ခဲ့ပြီး အကြိုက်ဆုံး အင်ဒိုနီးရှားအစားအစာ တစ်မျိုးလည်း ဖြစ်တာကြောင့် Ayam Penyet ဆိုင် ရန်ကုန်မှာဖွင့်ပြီဆိုတာကို Facebook ကနေစသိခဲ့ပြီး နောက် ရန်ကုန်ပြန်ရောက်စ ကျွန်တော်ဟာ Ayam Penyet မစားရတာကြာပြီဖြစ်လို့ သွားစားဖို့ ဆုံးဖြတ်လိုက် ပါတယ်။ တစ်ရက် ရွှေတိဂုံဘုရားဖူးပြီး အနောက်ဖက်မုဒ်ကဆင်းပြီး Myanmar Culture Valler ထဲကို ဝင်လိုက်ပါတယ်။ ဝန်းထဲဝင်လိုက်ရင် ညာဖက်အခြမ်းမှာရှိပြီး Ayam Penyet AP ဆိုင်းဘုတ်ကို မြင်ရမှာ ဖြစ်ပါတယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ယူနီဖောင်းဝတ်ပြီး အင်ဒိုနီးရှားရိုးရာ ခေါင်းစီးလေးတွေ စည်းထားတဲ့ဝန်းထမ်းတွေက ကြိုဆိုပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်ကတော့ ရိုးရိုးလေးနဲ့ သန့်ရှင်းသပ်ရပ်နေပါတယ်။

            Ayam Penyet ဆိုင်ရဲ့ အစားအစာစာရင်းမှာ ဟင်းအမယ်များစွာနဲ့ အအေးဖျော်ရည်မျိုးစုံရှိပြီး အမျိုးပေါင်း ၁ဝဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲကမှ မြည်းစမ်းဖြစ် ခဲ့တဲ့ အထူးလက်ရာ (Jh signature) လည်းဖြစ် ရောင်းအားအကောင်ဆုံးဖြစ်တဲ့ AP Ayam Penyet (Smashed Fired Chicken) ကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ သစ်သားဗန်းထဲမှာ ငှက်ပျောရွက်ခင်းပြီး ပြင်ဆင်ထားပါတယ်။ ကြက်သားကြော်နဲ့ တွဲပြီးစားဖို့အတွက် ငရုတ်သီးထောင်း (Sambal)၊ ပဲပြားကြော်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်တွေနဲ့ ပြင်ဆင်ပေးထားတာ စားချင်စဖွယ်ဖြစ်ပြီး တကယ့်အင်ဒိုနီးရှားစတိုင်လ် ကြက်သား ကြော်ပွဲလေးပါ။ ကြက်သားကြော်က ကြွပ်ရွနေပြီး ငရုတ်သီးထောင်းနဲ့ တွဲပြီးစားတဲ့အခါ အင်မတန်မှ လိုက်ဖက်ပြီး အရသာရှိလှပါတယ်။ ငရုတ်သီးထောင်းက တော်တော်လေးစပ်ပါတယ်။ ဒါပေမဲ့ ဒီလိုစပ်နေတဲ့အချိန်မှာ သခွားသီးလေး ကိုက်စားလိုက်တဲ့အခါ အစပ်နည်းနည်း ပြေသွားတဲ့အရသာကလည်း ကြက်သားကြော်ကို ဆက်ပြီးစားချင်စိတ်ကို ဖြစ်စေပါတယ်။ ပြီးရင် ကြက်သားကြော်၊ ထမင်းဖြူနဲ့ ငရုတ်သီး ထောင်းရောပြီး စားရတာကိုလည်း ကြိုက်တယ်။ ပြီးရင် ရိုးရိုးလေးပဲကြော်ထားတဲ့ ပဲပြားပါ။ ပဲပြားကြော်ကို စားမယ်ဆိုရင်တော့ ငရုတ်သီးထောင်းစပ်စပ်လေးနဲ့ တွဲပြီး စားကြည့်စေချင်ပါတယ်။ Ayam Penyet နဲ့ တွဲပြီးစားရတဲ့ ငရုတ်သီးထောင်းလေးကတော့ တကယ့်ပဲ ထူးခြားတဲ့အရသာရှိတဲ့ အင်ဒိုနီးရှား Sambal အမျိုးပေါင်းများစွာထဲက တစ်မျိုးဖြစ်လို့ စားကြည့်သူတိုင်း ကြိုက်နှစ်သက်ကြမယ်ဆိုတာ မလွဲပါဘူး။ Ayam Penyet ဘာကြောင့် အရသာထူးလဲဆိုရင် ကြက်သားမကြော်ခင်မှာ အင်ဒိုနီးရှားဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များနှင့် နပ်ပြီး ဖြည်းဖြည်းချင်းချက်ပြီးမှ ကြော်ပါတယ်။ ဒီလို ချက်ပြုတ်ပြင်ဆင်ပုံ ထူးခြားတဲ့အတွက်ကြောင့်လည်း အရသာထူးပြီး နာမည်ကြီးတာကြောင့် ဆိုင်ရောက်ရင် မြည်းစမ်းကြည့်စေချင်ပါတယ်။

            ကျွန်တော်မြည်းစမ်းခဲ့တဲ့ နောက်ထပ် ကြက်သားဟင်းတစ်မျိုးကတော့ အာယမ်းမာဆပ်ဟာ ဘန်း Ayam Masak Habang (Chicken in Red Chili Sauce) ပဲဖြစ်ပါတယ်။ ဒီ Chili Sauce ကတော့ သိပ်ပြီး မစပ်ဘဲ ပျစ်ပျစ်လေးနဲ့ စားကောင်းပြီး ငရုတ်သီးအမှည့်အစိုကို သုံးထားတဲ့အတွက် အနီရောင်ဖျော့ဖျော့လေးမို့ အမြင်မှာ ဆွဲဆောင်မူရှိလှပါတယ်။ အသားဗန်းလေးထဲမှာ ငှက်ပျောရွက်ခံပြီး Ayam Penyet မှာလိုပဲ အစပ်ပြေစားဖို့အတွက် သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်နဲ့အတူ ပဲပြားကြော်ကို တွဲပေးထားပြန်ပါတယ်။ Ayam Penyet မှာ တွဲပြီးစားတဲ့ ငရုတ်သီးထောင်းအရသာနဲ့ ကွဲပြားပြီး Chili Sauce ပေါ်မှာ ကြက်သွန်နီကြော် ကြွပ်ကြွပ်လေး ဖြူးထားပေးပါတယ်။ Ayam Masak Habang က ရောင်းအားအကောင်းဆုံးထဲက တစ်မျိုးလို့ ဆိုပါတယ်။

            ထပ်ပြီးမိတ်ဆက်ပေးချင်တဲ့ အသုပ်ကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ လူကြိုက်များတဲ့ ဂါဒို ဂါဒို Gado-Gado (Mix Fresh Vegetable & Penaut Sauce) ပါ။ ဆလတ်ရွက်၊ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ရေနွေးဖျောထားတဲ့ ပဲပင်ပေါက်နဲ့ ဂေါ်ဖီ၊ ပဲပြားကြော်တို့ကို မြေပဲနဲ့လုပ်ထားတဲ့ Sauce ကို အပေါ်မှာ လောင်းထားပါတယ်။ စားတဲ့အခါမှာ အားလုံးရောမွှေပြီး အရွက်စုံရဲ့ ဘေးမှာ ပုံထားပေးတဲ့ အင်ဒိုနီးရှား ငါးမုန့်ကြော်နဲ့ အင်ဒိုနီးရှားမှာထင်ရှားပြီး အင်ဒိုနီးရှားလူမျိုး ကြိုက်နှစ်သက်တဲ့ Empang လို့ခေါ်တဲ့ Indonesian Fruit Crackers တို့နဲ့ တွဲပြီးစားရပါတယ်။

            ကြုံတုန်းကြုံခိုက် အမ်ပင်း (Empang) အကြောင်း ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ Empang ကို ငါးမုန့်ကြော်လို ဆန်မှုန့်နဲ့ရောပြီး လုပ်ထားတာမဟုတ်ဘဲ Belinjo ဒါမှမဟုတ် Melinjo လို့ခေါ်တဲ့ အသီးနဲ့လုပ်ထားတာဖြစ်ပါတယ်။ Chili Sambal နဲ့ တွဲပြီးစားလေ့ရှိပြီး အင်ဒိုနီးရှားခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ် (Soto Ayam, Bakso)ထဲမှာလည်း တွဲပြီးစားလေ့ရှိပါတယ်။

            အမဲသားစားတဲ့သူများအတွက် ထပ်ပြီးမိတ်ဆက်ပေးချင်တာ ရှိပါသေးတယ်။ အဲဒါကတော့ Sup Ekor Lembu (Beef Oxtail Soup) နဲ့ AP Bakso Mee)တို့ပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့တွေ စားနေကျ ခေါက်ဆွဲပြုတ်တွေနဲ့ အရသာမတူပဲ ထူးခြားတဲ့အတွက် မြည်းစမ်းစေချင်ပါတယ်။ ဒီခေါက်ဆွဲပြုတ်တွေကိုတော့ Sauce ABC နဲ့ တွဲပြီး စားပါတယ်။

            Ayam Penyet ဆိုင်မှာ ကြက်သားကြော်တင်မကပါဘူး။ Seafood ကြိုက်နှစ်သက်သူများအတွက် ငါးကြော်အမျိုးမျိုးကို အင်ဒိုနီးရှား Chili Sauce အမျိုးမျိုးနဲ့ တွဲပြီးရောင်းချ ပါတယ်။ ကျွန်တော် စားခဲ့တဲ့ ငါးကြော်ကတော့ Ikan Bawal Putih Balado (Deep Fried White Pomfret Fish With Chili Sauce Topping)၊ အသားမစားသူတွေနဲ့ ငါး၊ ပင်လယ်စာကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။

            ဆိုင်ရဲ့ ဖျော်ရည်မျိုးစုံစာရင်းထဲက ကျွန်တော်ကြိုက်နှစ်သက်ခဲ့တဲ့ အအေးကတော့ Padan Special Layer Tea လို့ခေါ်တဲ့ ဆွမ်းမွှေးနံ့နံ့သင်းသင်းလေးနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ပါ။ ဖန်ခွက်ရဲ့အောက်ဆုံးမှာ ဆွမ်းမွှေးနံ့ အစိမ်းရောင်အရည်ရှိပြီး အလယ်မှာ နို့စိမ်း၊ အပေါ်ဆုံးမှာ လက်ဖက်ရည်ပါ။ ဒီလို တစ်ထပ်စီထည့်ထားတဲ့အတွက် အမြင်မှာလှပြီး သောက်လိုက်တဲ့အခါမှာလည်း အရသာရှိလှတာကြောင့် ဆိုင်ရောက်ရင် မြည်းစမ်းကြည့်စေချင်ပါတယ်။

            ပြောခဲ့သလို Ayam Penyet ဆိုင်ရဲ့ မီနူးမှာဆိုရင် ဟင်းအမျိုးများစွာနဲ့ အအေးမျိုးစုံရှိပြီး အရေအတွက် အားဖြင့်ဆိုရင် မျိုးပေါင်း ၁ဝဝ ကျော်ရှိပါတယ်။ အဲဒါကြောင့် အင်ဒိုနီးရှားရိုးရာဟင်းလျာများကို မြည်းဖို့အတွက် ကျွန်တော် ထပ်ပြီးသွားရပါ့ဦးမယ်။ Food Magazine ပရိသတ်တွေလည်း အင်ဒိုနီးရှားရိုးရာ အစားအစာ လက်ရာကောင်းကောင်းတွေကို စားကြည့်မယ်ဆိုရင်တော့ Ayam Penyet ဆိုင်ကို လမ်းညွှန်ပေးပါရစေ။ ဆိုင်ရဲ့လိပ်စာကတော့ . . .

Ap Ayam Penyet

Traditional Indonesian Food

Indonesian No (1) Fried Chicken

G-31, Myanmar Culture Valley, People’s Park.

Yangon. PH.09 795444282 ^09 795444252.

Facebook Comments