
The Brunch Society Restaurant & Bar
Food Magazine ရဲ့ လစဉ်ပါဝင်နေကျအစီအစဉ်ဖြစ်တဲ့ Eating Out ကဏ္ဍအတွက် ဖော်ပြပေးဖို့ ဒီတစ်ခေါက်ရောက်ခဲ့တဲ့ဆိုင်လေးကတော့ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်းမီးပွိုင့်နားက မီးသတ်ဌာနဘေး ယခင် Duty Free ဆိုင်ဟောင်းနေရာမှာ ဖွင့်လှစ်ထားတဲ့ The Brunch Society Restaurant & Bar ဆိုင်ဖြစ်ပါတယ်။ ဆူးလေဘုရားလမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမီးပွိုင့်ဘက်ကနေ အနော်ရထာလမ်းမီးပွိုင့်ကို ဖြတ်ပြီး ညာဘက်ကြောအတိုင်းဆက်သွားလိုက်တာနဲ့ လက်ယာဘက်မှာယခင် ရွှေမြို့တော်လက်ဖက်ရည်ဆိုင်နေရာ(ခုတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်နေပါတယ်) ဘေးမှာ မှန်ချပ်ကြီးတွေ အပြည့်ကာထားတဲ့ ဆိုင်မျက်နှာစာနဲ့ The Brunch Society ဆိုင်ကို ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ ကားရပ်စရာနေရာကလည်း တော်တော်များများရှိနေတာကြောင့် အားလုံးအတွက်အဆင်ပြေစေမယ့် Meeting Point တစ်ခုလည်း ဖြစ်ပါတယ်။
ဆိုင်ထဲကိုဝင်ပြီဆိုတာနဲ့ ယဉ်ကျေးဖော်ရွေတဲ့ ဆိုင်ဝန်ထမ်းတွေရဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ ကျယ်ဝန်း သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အဆင့်မြင့်မြင့် ဒီဇိုင်းပုံဖော်ထားတဲ့ စားသောက်ခန်းကြီးက ထိတွေ့ခွင့်ရမှာဖြစ်ပါ တယ်။ လက်ဝဲဘက်ခြမ်းမှာ ကြီးမားရှည်လျားတဲ့ ကျောက်သားဘားကောင်တာကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ဘားကောင်တာကြီးရဲ့အနောက်ဘက် နံရံကြီးမှာတော့ ဆိုင်နာမည်အမှတ်တံဆိပ်နဲ့ ဘားမှာအသုံးပြုမယ့် ယမကာ မျိုးစုံကို သစ်သားစင်အကြီးကြီးတစ်ခုတည်ဆောက်ပြီး အလှဆင်ပြသထားတာကို မြင်ရပါတယ်။ ခပ်မှိန်မှိန်လင်းနေတဲ့ အက်ဒီဆင်မီးလုံးလေးတွေကိုလည်း ဘားကောင်တာပေါ်မှာ အတန်းလိုက်ဆင်ယင်ထားပြီး တစ်ဆိုင်လုံးမှာလည်း ဟိုနေရာ၊ သည်နေရာ စုံနေအောင်တွဲလောင်းလေးတွေချိတ်ဆွဲထားတာက ဆိုင်ရဲ့အပြင် အဆင်ကို တည်ငြိမ်လှပတဲ့အသွင်ဖြစ်စေပါတယ်။ ပိုပြီးဆွဲဆောင်နိုင်တဲ့အပိုင်းကတော့ ဒီအဆောက်အအုံရဲ့ သက်တမ်းနဲ့ သမိုင်းကြောင်းကိုလည်း ဖော်ပြနေတဲ့ ထုထည်ကြီးမားခိုင်ခန့်လှတဲ့ သံယောက်မတန်းကြီး တွေနဲ့ ကိုလိုနီလက်ရာတိုင်လုံးကြီးတွေဖြစ်ပါတယ်။ The Brunch Society ဆိုင်ရဲ့ စားသောက်ခန်းကို ၂ ပိုင်း ခွဲထားတာဖြစ်ပြီး စားသောက်ခန်းမကြီးရဲ့ ထောင့်တစ်နေရာမှ ကြောင်လိမ်လှေကားကနေတက်သွားရင် ဆိုဖာထိုင်ခုံလေးတွေ၊ စားပွဲအပုလေးတွေနဲ့ခင်းကျင်းထားတဲ့ နေရာကိုရောက်မှာဖြစ်ပါတယ်။ အပေါ်ထပ် စားသောက်ခန်းဆိုပေမယ့် ခန်းမကျယ်ကြီးရဲ့ တစ်ဝက် ထက်နည်းနဲ့ အပိုင်းလေးကိုသာ နေရာယူတည်ဆောက် ထားတာကြောင့် အောက်ဘက်ဘားကောင်တာကြီးနဲ့ စားသောက်ခန်းကြီးကိုလည်း ဒီနေရာကနေ မြင်တွေ့နိုင် မှာဖြစ်ပါတယ်။
၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမှာစတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင် ရဲ့အစားအစာစာရင်းကိုတော့ တစ်မူထူးခြားစွာ The Brunch Society Time လို့နာမည်ပေးထားပြီး သတင်း မဂ္ဂဇင်းစာအုပ်ပုံစံဒီဇိုင်း ထုတ်ထားပါတယ်။ ‘အစားအစာချစ်သူတွေဟာ အကောင်းဆုံးလူတွေပါ’ လို့ ဆိုရိုးပြုခဲ့ဖူးတဲ့ ကမ္ဘာ့နာမည်ကြီး စားဖိုမှူးတစ်ယောက်ဖြစ်ခဲ့တဲ့ Julia Child ရဲ့စကားလုံးကို စာအုပ်မျက်နှာဖုံးမှာ ဖော်ပြထားတာကတော့ မီးနူးစာအုပ်ကိုင်ရက်သားဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်မိပါတယ်။ ပြည်ပကနေ တင်သွင်းလာတဲ့ အမဲသားကို Patty အသားပြားသေးသေးလေးတွေနဲ့ မီနီဘာဂါဘန်း အရွယ် Brioche Bun တို့ကို Cheddar Cheese, Tomato Sauce တို့နဲ့ပြင်ဆင်ထားတဲ့ Beef Slider ကို ခံတွင်းဖွင့်စာ Appetizer များစွာထဲကနေ ဦးစွာမြည်း စမ်းကြည့်မိပါတယ်။ အသားအရည်အသွေးနဲ့ ပါဝင်ပစ္စည်းတွေရဲ့ အစပ်အဟပ်က နောက်ထပ်စားမယ် အစားအစာတွေအတွက် အာရုံငါးပါးလုံးကို လှုံ့ဆော်ပေးလိုက်တဲ့ ခံတွင်းဖွင့်စာတစ်မျိုးဖြစ်ပါတယ်။ နောက်ထပ် ခံတွင်းဖွင့်စာအမျိုးစုံကိုတော့ ကြက်သား၊ ဝက်သား၊ ပင်လယ်စာများအပြင် အသီးအရွက်များကို အရှေ့တိုင်းနဲ့ အနောက်တိုင်းချက်ပြုတ်နည်း ရောနှောထားတဲ့ Fusion ပုံစံနဲ့ တစ်မူကွဲပြားတဲ့အရသာနဲ့ တင်ဆက်မှုမျိုးတွေနဲ့ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။
အနောက်တိုင်းစတိုင်လ် စားပွဲဝိုင်းတွေမှာ မပါမဖြစ် ဟင်းချိုအနေနဲ့ သုံးဆောင်ဖို့ဆိုရင်တော့ Brown Mushroom ကို ဟင်းချက်ကရင်မ်များများနဲ့ စိမ့်နေအောင်ချက်ပြီး ကြက်သွန်ဖြူပေါင်မုန့်ကင်လေးနဲ့ တွဲဖက်တည်ခင်းတဲ့ ဟင်းချိုကတော့ စာဖတ်သူများရဲ့ရွေးချယ်မှုမှာ အမြဲပါဝင်နေသင့်တဲ့ ဟင်းချိုတစ်မျိုးဖြစ်ပါ တယ်။ နောက်ထပ်လည်း အနောက်တိုင်းနဲ့ အရှေ့တိုင်း ဟင်းချိုတွေထဲက နှစ်သက်ရာကို ရွေးချယ်မှာယူနိုင်ပါ သေးတယ်။
Beetroot Salad, Smoked Salmon Salad, Berries မျိုးစုံပါတဲ့ Salad, Chef’s Salad အမျိုးအစား စုံစုံလင်လင်ရှိတဲ့ စာရင်းထဲကမှ ဆလတ်ရွက်၊ ဝက်သုံးထပ်သား ဆားနယ်ကြွပ်ကြွပ်လေးတွေနဲ့ Crouton ပေါင်မုန့်ကြွပ်ကြွပ်လေးတွေကို Parmesan Cheese များများ နဲ့ ရောနှောသုပ်ပေးထားတဲ့ Caesar Salad ကိုလည်း အနောက်တိုင်း အသီးအရွက်သုပ်ကြိုက်နှစ်သက်သူတွေ ရွေးချယ်စရာအဖြစ် အကြံ ပေးမျှဝေလိုက်ပါတယ်။
အရှေ့တိုင်းအစားအစာတွေကို Pasta နဲ့ ချက်ပြုတ်ထားတဲ့ တီထွင်ဆန်းသစ်မှုမျိုးကိုတော့ Tom Yam Fettuccine အဖြစ် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Jumbo Size ရေချိုပုစွန်အကောင်ကြီးတွေကို တုန်ယမ်း အရသာအနှစ်နဲ့ ချက်ထားတဲ့ Pasta ခေါက်ဆွဲပြားကတော့ The Brunch Society ကို ဦးဆောင်နေတဲ့ အမေရိကန်နိုင်ငံမှာ လုပ်ငန်းအတွေ့အကြုံများစွာရှိခဲ့တဲ့ ထိုင်းလူမျိုး စားဖိုမှူးရဲ့ လက်ရာလို့ဆိုပါတယ်။ အရှေ့ တိုင်းအရသာနဲ့ အနောက်တိုင်း Pasta ကိုမှ သုံးဆောင်ချင်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။
နောက်ထပ် Fusion ပုံစံအစားအစာတွေကိုတော့ Main Menu ထဲကနေ ရွေးချယ်ပေးချင်ပါတယ်။ Bulgogi Pork Rib ကတော့ ဘာဘီကျူဝက်နံရိုးကင် ဖြစ်ပါတယ်။ နူးနူးညံ့ညံ့လေးဖြစ်အောင် ကင်ပေးထားတဲ့ ဝက်နံရိုးအပေါ်မှာ ကိုရီးယားဘာဘီကျူဆော့စ်လောင်းထားပြီး အာလူးအချောင်းကြော်၊ အရွက်သုပ်တို့နဲ့ တွဲဖက်စားသောက်ရတဲ့အရသာကတော့ အကင်နှစ်သက်သူများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ နောက်ထပ်ရွေး ချယ်ပေးချင်တာကတော့ ထိုင်းအနီရောင်ဟင်းအနှစ်၊ အာလူးထောင်း၊ Pan Grill ပုံစံ ချက်ပြုတ်ပြင်ဆင်ထားတဲ့ ကက္ကတစ်ငါးအသားလွှာတို့ကို ကညွတ်၊ လိုင်ချီးသီး စတဲ့အသီးအရွက်တွေနဲ့ ဖြည့်စွက်ထားတဲ့ Pan Grilled Seabass with Lychee Red Curry ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ငါးအရသာကို သစ်သီးအရသာနဲ့တွဲဖက်ခံစားနိုင်မှာဖြစ်ပြီး အာလူး၊ ကညွတ်တို့ကြောင့် ဟင်းလျာတစ်ပွဲတည်းနဲ့ အာဟာရမျှတစေတဲ့ အတွဲအစပ်ဖြစ်ပါတယ်။
Eating Out ရဲ့ ပရိသတ်ကြီးခင်ဗျာ။ The Brunch Society Restaurant & Bar ကို ရောက်သွားခဲ့ရတဲ့ အချိန်မှာ အံ့သြစေတာကတော့ ဒီလိုသပ်ရပ်အဆင့်မြင့်တဲ့ Fine Dining အဆင့် စားသောက်ဆိုင်ကို ဦးဆောင် ဖွင့်လှစ်ထားတာ မြန်မာလူမျိုး လူငယ်တစ်ယောက်ဖြစ်နေတာပါ။ အစားအစာချက်ပြုတ်ခြင်းကို စွဲလမ်းနှစ် သက်တာကြောင့် ဒီအလုပ်ကိုလုပ်နေတာလို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ သိပ်မများလှတဲ့ Fusion ပုံစံအစားရ နိုင်တဲ့ စားသောက်ဆိုင်တွေထဲက မြို့လည်တည့်တည့်၊ ရှာရလွယ်၊ လာရလွယ်တဲ့ ဒီဆိုင်မှာအချိုပွဲ အစုံအလင် ကို ထုံးစံအတိုင်း အရှေ့နဲ့အနောက် ပေါင်းစပ်ပြီး တီထွင် ဖန်တီးထားပါသေးတယ်။ စပိန်ကော်ဖီအမျိုးအစားနဲ့ ဖျော်စပ်ပေးမယ့် ကော်ဖီမျိုးစုံ၊ အီတာလျံဆိုဒါ၊ သစ်သီးဖျော်ရည်မျိုးစုံတို့နဲ့ Milk Shake ၊ Smoothie တွေအပြင် အသောက်ကြိုက်သူတွေအတွက် ဝိုင်မျိုးစုံအပါအဝင်၊ ကောက်တေးအစုံကို ဖျော်စပ်ပေးနေတဲ့ ဘားကောင် တာကခပ်မြင့်မြင့် ခွေးခြေခုံတွေမှာထိုင်ရင်း အားကစားလိုင်းပေါင်းစုံကို ကြည့်ရှုနိုင်အောင်လည်း ပြင်ဆင်ပေး ထားတာဖြစ်လို့ ညနေခင်းဘောလုံးပွဲ ကောင်းအချိန်များအတွက်လည်း သူငယ်ချင်းများရဲ့ ချိန်းဆိုတွေ့ဆုံရာနေ ရာတစ်ခုအဖြစ် ရွေးချယ်နိုင်ပါတယ်။
နံနက် ၁ဝ နာရီကစပြီး ည ၁၁ နာရီအထိ နေ့စဉ် ပိတ်ရက်မရှိဖွင့်ထားတဲ့ The Brunch Society Restaurant & Bar ကို ကြိုတင်ပြီး စိတ်ကြိုက်နေရာက စားပွဲကိုမှာယူချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ဝ၉ ၉၆ဝ ၃၅၉ ၇ဝ၁ ကို ကြိုတင်ဆက်သွယ်နိုင်ပါကြောင်း သတင်းပေးမျှဝေလိုက်ပါတယ်။
The BRUNCH SOCIETY Restaurant & Bar
No 143/149, Sule Pogoda Road, Sule Plaza, Ground Floor, Yangon. Ph : 09 960359701