
by သစ်ထူး for Food Magazine
ဒီတစ်ခေါက် Food Magazine ရဲ့ Eating Out ကဏ္ဍအတွက် ၆ မိုင်ခွဲ Marketplace မှာရှိတဲ့ CELLAR DOOR WINE BISTRO ကို ရောက်ခဲ့ပါတယ်။ အဆောက်အအုံကို ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်းအပေါ်စွန်းက ဝရန်တာလေးထွက်နေတဲ့ ဆိုင်လေးရဲ့ အစားအစာတွေအကြောင်း ပရိသတ်များကို မျှဝေပေးသွားမှာပါ။
CELLAR DOOR ဆိုတာ ဝိုင်တွေကို ထိန်းသိမ်းထားသိုရာ CELLAR ရဲ့ တံခါးလို့ အဓိပ္ပာယ်ရပါတယ်။ တကယ်လည်း ဝိုင်မျိုးစုံနဲ့ လိုက်ဖက်လှတဲ့ ဟင်းလျာတွေကို တစ်မျိုးချင်းစီ တွဲစပ်အကြံပြုထားတဲ့ အစားအစာ စာရင်းရှိတဲ့ ဆိုင်တစ်ဆိုင်ဖြစ်လို့ Menu ကို စကြည့်ကတည်းက သတိထားမိပါတယ်။ ဒီလိုဆိုင်မျိုး သိပ်များများစားစား မတွေ့ရသေးတဲ့ ရန်ကုန်မှာ ဒီဆိုင်ရဲ့ နောက်ထပ် ဆွဲဆောင်မှုတစ်ခုက ဈေးနှုန်းသက်သာတဲ့ ဥရောပအစားအစာတွေ ရနိုင်တာရယ်၊ ရံဖန်ရံခါ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေနဲ့ စားသုံးသူတွေကို ဖိတ်ခေါ်တဲ့နေရာရယ်ကြောင့်ပါ။ ဒီအကြောင်းကို နောက်နားလေးမှာ ပြောကြ ရအောင်… အခုတော့ ဆိုင်လေးကို ကြည့်လိုက်ဦးမယ်။
CELLAR DOOR ဟာ ကျယ်ပြန့်ကြီးမားတဲ့ ဆိုင်အခင်းအကျင်း မဟုတ်ပေမယ့် သက်သောင့်သက်သာရှိအောင် ပြင်ဆင်ခင်းကျင်းပေးထားပါတယ်။ ဘားကောင်တာမှာ ငွေစာရင်းကောင်တာရော ဆိုင်ကို လာရောက်ကြတဲ့ ဧည့်သည်များအတွက် ချက်ပြုတ်ပေးဖို့ Show Kitchen ကိုပါ တစ်နေရာတည်းမှာ ဆိုင်ရဲ့အလုပ်အားလုံးနီးပါးအတွက် ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် ကျန်နေရာတွေက စားသုံးသူ ဧည့်သည်များအတွက် နေရာထိုင်ခင်း တွေဖြစ်ပါတယ်။ ဆိုင်ထဲမှာ နောက်ထပ်ထူးခြားတဲ့ နေရာက ဝိုင်မျိုးစုံထားတဲ့ နံရံကပ် CELLAR ကြီးဖြစ်ပါတယ်။ ဝိုင်မီနူးထဲက ကမ္ဘာတစ်ဝန်းက နာမည်ကြီး ဝိုင်အမျိုးပေါင်း ၈၀ ကျော်နဲ့ မြန်မာပြည်က နာမည်ကြီး အေးသာယာ ဝိုင်တွေလည်း ရနိုင်သေးကြောင်းကို လှလှပပ ခင်းကျင်းပြီး ပြသထားတဲ့ နေရာလေးက သတိထားမိစေပါတယ်။ ဒီနေရာက လွန်ရင်တော့ ဆေးလိပ်သောက်လို့လည်းရပြီး အပြင်ကိုလည်း ငေးလို့ရတဲ့ ၀ရန်တာဘက်ခြမ်းကို ရောက်ပါပြီ။
ညနေခင်းတွေနဲ့ ညဘက်တွေဆို ထိုင်လို့ကောင်း၊ ငေးလို့ကောင်းမယ့် နေရာလေး ဖြစ်ပါတယ်။ အစားအသောက်တွေဘက်လှည့်ရအောင်ဗျာ… CELLAR DOOR ရဲ့ လူကြိုက်များတဲ့ Cold Cuts Platter ကတော့ သန့်ပြန့်တဲ့ အပြင်အဆင်နဲ့ ရောက်လာမှာပါ။ Cold Cuts ဆိုတဲ့အတိုင်း အီတလီဝက်ပေါင်ခြောက်၊ ဟန်ဂေရီယန်ဆလာမိ၊ အီတလီဝက်သား၊ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များနှင့် လုပ်ထားတဲ့ ဆလာမိ စတဲ့ အသားပြားတွေနဲ့အတူ Balsamic Dressing နဲ့ ဆလတ်လေးတွေ၊ သံလွင်သီးဂါကင် မာစတတ်တို့ကို ခံတွင်းဖွင့်စာအနေနဲ့ အစပြုဖြစ်ခဲ့ပါတယ်။ ဒီခံတွင်းဖွင့်စာနဲ့ လိုက်ဖက်မယ့်ဝိုင်ကိုလည်း အစားအစာ စာရင်းထဲမှာ အကြံပြုပေးထားတာ တွေ့ရပါတယ်။
နောက်ထပ်တစ်မျိုးကတော့ ချိစ်ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ် ဟင်းလျာတစ်မျိုးပါ။ Raclette Cheese ကို အရည်ပျော်အောင် Melter လို့ခေါ်တဲ့ ချိစ် အပူပေးမီးဖိုနဲ့ အရည်ဖျော်ပြီး ရှမ်းအာလူး၊ Cold Cults အသားလွှာတွေနဲ့အတူ ပြင်သစ်ပေါင်မုန့် Sourdough အချပ်ပါးပါးလေးတွေပါ အတူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ် Raclette လို့ နာမည်ပေးထားပါတယ်။ ချိစ်အနံ့အရသာအပြည့်နဲ့ဖြစ်လို့ ချိစ်များများကြိုက်သူတွေ သဘောကျနှစ်သက်မယ့် ပုံစံဖြစ်ပြီး ဝိုင်ဖြူရော၊ ဝိုင်နီပါ လိုက်ဖက်မယ့် စပျစ်အရသာတွေကို အကြံပေးထားတာ တွေ့ရပါတယ်။
နောက်ထပ် အံ့ဩစရာကောင်းတဲ့ ဈေးနှုန်းနဲ့ တွေ့ရတာကတော့ Angus Beef Rib-Eye ဖြစ်ပါတယ်။ နှယ်နှယ် ရရတော့ မဟုတ်ပါဘူး။ မီနူးထဲပါတဲ့ နာမည်အပြည့်အစုံဆိုရင်တော့ Certified Angus Beef Rit-Eye ဖြစ်ပါတယ်။ မှို၊ ဗိုလ်စားပဲ၊ အာလူးချောင်းကြော်တွေနဲ့အတူ အသားနဲ့ လိုက်ဖက်တဲ့ ဝိုင်နီဆော့စ်ကိုပါ တွဲဖက်ပေးထားပါတယ်။ လိုက်ဖက်တဲ့ ဝိုင်မျိုးစုံကိုလည်း တွဲဖက်အကြံပေးထားပါသေးတယ်။ နောက်ထပ်လည်း နှစ်သက်စရာ အနောက်တိုင်း အစားအစာမျိုးစုံ အစားအစာစာရင်းထဲမှာ တွေ့ရပြီး Starters, Salad & Soups, Mains, Dessert ဆိုပြီး ကဏ္ဍအလိုက် ခွဲထားတာ တွေ့ရပါတယ်။
အနောက်တိုင်းအစားအစာနှစ်သက်သူများ၊ ဝိုင်ဖြူ၊ ဝိုင်နီတို့နဲ့ တွဲဖက်စားသောက်ရတာ ကြိုက်သူများအတွက် အလွန်အဆင်ပြေတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဈေးနှုန်းတွေကလည်း သင့်တင့်မျှတတယ်လို့ မြင်မိပါတယ်။ ဝိုင်တွေကို ပုလင်းလိုက်အပြင် တစ်ခွက်ချင်းစီလည်း ရပါတယ်။ တစ်ခွက်ချင်းစီဆိုရင်တော့ သတ်မှတ်ထားတဲ့ အမျိုးအစား ၈ မျိုးမှာ နှစ်သက်ရာ မှာယူနိုင်ပါလိမ့်မယ်။ ဝိုင်မျိုးစုံနဲ့ တွဲဖက်စားသောက်ဖို့ အဓိကထားတဲ့ စားသောက်ဆိုင်ဖြစ်လို့ ကော့တေးလ်သမားများအတွက် Sparkling Wine ကို အခြေခံထားတဲ့ ကော့တေးလ်တွေရပါတယ်။ ဘီယာကြိုက်သူတွေအတွက်ကတော့ Heineken ဘီယာကို မီနူးထဲမှာတွေ့ရပါတယ်။ ရှေ့က ကျွန်တော်ပြောခဲ့သလိုပါပဲ။ စိတ်ဝင်စားစရာအစီအစဉ်တစ်ခုနဲ့လည်း ကြုံခဲ့ရပါတယ်။ ဘာလဲဆိုတော့ ပြင်သစ်ဟင်းလျာတစ်မျိုးဖြစ်တဲ့ Foie တစ်ပွဲ မှာလိုက်ရင် မည်သည့်ဝိုင်ပဲသောက်သောက် ဝိုင်ရဲ့ဈေးနှုန်းကို ၅၀% လျှော့ပေးတဲ့ အစီအစဉ်နဲ့လည်း ကြုံခဲ့ရပါတယ်။ ဒီလိုဆို ဟင်းလျာဈေးက ဈေးကြီးနေမယ်လို့လည်း မထင်ပါနဲ့။
Pan Seared Foie တစ်ပွဲကိုမှ ကျပ် ၁၉၀ဝ၀ ပဲ ကျသင့်တာဖြစ်ပြီး ကျပ် ၂၃၀ဝ၀ ကျော်တန် ဝိုင်ကနေ ကျပ်ရှစ်သိန်းကျော်တန် ဝိုင်အထိ ဘယ်ဝိုင်ကို သောက်သောက် ၅၀% ဆိုတော့ လူတိုင်းအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်လို့ မြင်မိပါတယ်။ ဒီလို အစီအစဉ်တွေကို ရံဖန်ရံခါပါ ထည့်သွင်းပေးထားတာဖြစ်လို့ ကြိုတင်ပြီး ဘွတ်ကင် လုပ်တဲ့အခါမှာ စုံစမ်းနိုင်ဖို့အတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကိုပါ အတိအကျ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ…။ Enjoy eating out @ CELLAR DOOR WINE BISTRO.
15, 1st Floor, Marketplace, No.69, Pyay Road.
11 Ward, Hlaing Township Yangon.
Ph: 09 77 229 690, 01 525 403, 526 818, 654 512, Ext;201.