
DiVINO ITALIAN RESTAURANT & TAPAS BAR
သြဂုတ်လရဲ့ မိုးတွေစွေရွာနေခဲ့တဲ့ နေ့တစ်နေ့မှာ Food Magazine ပရိသတ်များအတွက် Eating Out ကဏ္ဍမှာတင်ဆက်ပေးဖို့ အီတလီအစားအစာတွေ ရောင်းချဝန်ဆောင်မှုပေးနေတဲ့ Fine Dining Restaurant တစ်ခုကို ကျွန်တော်တို့အဖွဲ့ရောက်ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်က မြက်ခင်းစိမ်းစိမ်းတွေရှိတဲ့ ခြံကျယ်ကြီးထဲမှာ ခန့်ခန့်ညားညားရှိနေတဲ့ ဆိုင်ရဲ့ နာမည်က Divino Italian Restaurant ပါ။ Austrian ပန်းချီဆရာ Gustav Klimt ရဲ့ ၁၉ဝ၇ ခုနှစ်နဲ့ ၁၉ဝ၈ ခုနှစ်တွေက နာမည်ကြီးခဲ့တဲ့ The Kiss ပန်းချီကားနောက်ခံနဲ့ ပျူငှာဖော်ရွေတဲ့ အပြုံးနဲ့ ကြိုနေတဲ့ ဧည့်ကြိုကောင်မလေးကို ဆိုင်ထဲဝင်ဝင်ခြင်း အပြုံးချိုချိုနဲ့ ကြိုနေတာ တွေ့ရပါလိမ်မယ်။ ဧည့်ကြိုကောင်တာ ဘယ်ဘက်နဲ့ ညာဘက်ခြမ်းမှာတော့ Fine Dining အခင်းအကျင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်တွင်းဘက်ကျကျမှာ ဘားကောင်တာကို ဆိုင်အရှေ့ဘက် စားသောက်ခန်းတွေကို လွန်သွားရင်တော့ စားပွဲအမြင့်၊ ထိုင်ခုံအမြင့်တွေနဲ့ ခင်းကျင်းထားတဲ့ Tapas Area ကို သီးခြားအခန်း တစ်ခုအဖြစ် ပြင်ဆင်ထားပါတယ်။ Tapas Area ကနေ Pizza ဖုတ်တဲ့ ထင်းမီးဖိုကြီးကို တွေ့ရမှာဖြစ်ပြီး ဒီကနေလွန်ရင်တော့ ခြံဝင်းအနောက်ဖက်ခြမ်းက မြက်ခင်းစိမ်းစိမ်းတွေကို တွေ့ ရပါတယ်။ မိုးလေလွတ်တဲ့ ပွင့်လင်းရာသီမျိုးဆိုရင်တော့ ဒီနေရာဟာ အေးအေးချမ်းချမ်းနဲ့ စားသောက်ရင်း စကားစမြည်ပြောနိုင်တဲ့ နေရာလေးဖြစ်နေမှာပါ။
ဆိုင်အပေါ်ထပ်မှာ သီးသန့်ခန်းတွေ စီစဉ်ပေးထားပြီး လူဦးရေ ၃ဝ ကစလို့ ၁ဝ ယောက်အထိ သီးသန့်ဝင် ရောက်သုံးဆောင်နိုင်တဲ့ အခန်းတွေဖြစ်ပါတယ်။ လက်ရှိမှာ သီးသန့်ခန်းအသုံးပြုခ မယူသေးဘူးလို့ သိရပါတယ်။ နံရံတွေအားလုံးမှာ အီတာလျံ လက်ရာပန်းချီကားတွေနဲ့ အီတလီရဲ့ နာမည်ကျော်နေရာများရဲ့ ဓာတ်ပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
အစားအစာ စားရင်း ပရိသတ်ကြီးရေ ဆိုင်လည်း နေရာစေ့အောင် လိုက်ကြည့်ပြီးပြီဆိုတော့ အစားအသောက်တွေဘက် လှည့်ကြဦးစို့ရယ်။ အမျိုးအစားစုံလင်လှတဲ့ အစားအစာစာရင်းကနေ ပထမဦးဆုံး ခံတွင်းဖွင့်စာအနေနဲ့ မြည်းစမ်းကြည့်မိတာက FARANDOLE DI MARE ဖြစ်ပါတယ်။ ပြစ်သစ်ပုံစံ အီတာလျံခံတွင်းဖွင့်စာတစ်မျိုး ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးပေါင်း၊ ကောက်တေးလ်ပုစွန်သုပ်၊ ခရမ်းချဉ်သီးအနှစ် စပ်စပ်နဲ့ချက်ထားတဲ့ ရေဘဝဲ၊ ချိစ်အမှုန့်ဖြူးပြီး အခွံပေါ်မှာကင်ထားတဲ့ ကမာ၊ ခုံးကောင်တွေကို ဟင်းအရည်နဲ့ချက်ထားတဲ့ ဟင်းတစ်ခွက်က အီတာလျံအစားအစာရဲ့ စုံလင်လှတဲ့ ခံတွင်းဖွင့်စာမျိုးဖြစ်ပါတယ်။ အတူတွဲဖက်သုံးဆောင်ရမယ့် ဆော့စ်တွေကလည်း မယောနိစ်ကိုအခြေခံပြီးလုပ်ထားတဲ့ ကောက် တေးလ်ဆော့စ်၊ ပင်စိမ်းဆော့စ်နဲ့ သံလွင်ဆီဆော့စ် သုံးမျိုးတောင်ပါတာဆိုတော့ အမယ်စုံပြီး ချက်နည်းစုံလှတဲ့ ခံတွင်းဖွင့်စာတွေနဲ့ လိုက်ဖက်လှပါတယ်။
အစားအစာမှာယူကတည်းက Free ချပေးတဲ့ ပေါင်မုန့်ခြင်းလေးထဲက အမျိုးအစားစုံလင်လှတဲ့ ပေါင်မုန့်တွေကလည်း လိုက်ဖက်စွာ သုံးဆောင်နိုင်မယ့် အတွဲအစပ်တွေဖြစ်ပါတယ်။
နောက်ထပ်ခံတွင်းဖွင့်စာတစ်မျိုးက ဥရောပအစားအစာကြိုက်သူတွေ ရင်းနှီးပြီးသားဖြစ်တဲ့ Cold Cut အမျိုးအစားဖြစ်ပါတယ်။ Italian Imported ဆလာမီ၊ ပါမာဟမ်၊ ပပ်ပါရိုးနီစတဲ့ အသားလွှာတွေကို သံလွင်သီး၊ ငရုတ်ပွ၊ ငရုတ်သီး၊ ငရုတ်ကောင်း စတဲ့ သီးနှံတွေပါတဲ့ သနပ်တစ်မျိုး၊ သံလွင်ဆီနဲ့ Toasted လုပ်ထားတဲ့ ပေါင်မုန့်ကင် တို့က AFFETTATI MISTI မှာပါတဲ့ တွဲဖက်စာတွေဖြစ်ပါတယ်။
နောက်ထပ်မြည်းစမ်းမိတဲ့ အစားအစာကတော့ Tapas Menu မှာပါတဲ့ Baked Scallop with Cheese ဖြစ်ပါတယ်။ Mashed Potato နဲ့ရောပြီး Mozzarella ကို အချပ်လိုက်အုပ်ပြီး Oven မှာကင်ထားတာဖြစ်လို့ အမြင်အားဖြင့် စားချင်စဖွယ်ဖြစ်နေပြီး အမှန်တကယ် မြည်းစမ်းကြည့်မိတော့လည်း ဟိုနားနည်းနည်း ဒီနား နည်းနည်း မီးထိထားတဲ့ Mashed Potato ရဲ့ မွှေးပျံ့တဲ့ရနံ့ အရသာဆိမ့်ဆိမ့်နဲ့ စေးစေးတွဲတွဲဖြစ်နေတဲ့ Cheese နဲ့ Juicy ဖြစ်တဲ့ ကမာကောင်အသားနူးနူးလေး ပေါင်းပြီးရလာတဲ့ ခံတွင်းအထိအတွေ့နဲ့ အရသာကတော့ Tapas Area မှာရနိုင်တဲ့ ဝိုင်နဲ့ဆိုရင်တော့ အရာရာကို ခဏတာ မေ့သွားလောက်ပါတယ်။
Divino ရဲ့ Tapas Menu မှာ နောက်ထပ်မြည်းစမ်းဖြစ်တာကတော့ Egg Plant Rolls ဖြစ်ပါတယ်။ ခရမ်းသီးလွှာပါးပါးကို Cheese ထည့်လိပ်ထားပြီး သံလွင်ဆီနဲ့နှပ်ထားတဲ့ ထူးခြားတဲ့ပြင်ဆင်မှုဖြစ်ပါတယ်။
သူကလည်း အရည်ရွှမ်းရွှမ်း အစားအစာတစ်မျိုးဖြစ်တာကြောင့် ပထမမှာယူထားတဲ့ ခံတွင်းဖွင့်စာများနဲ့ လည်း အလွန်လိုက်ဖက်ပါတယ်။
နောက်ထပ်မိတ်ဆက်ပေးချင်တာက Divino ရဲ့ ပီဇာတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ Pizza ရတဲ့ဆိုင်တွေက လူသိများအောင် လုပ်နေပေမယ့် လူကြိုက်များတဲ့ဆိုင် လက် ၁ဝ ချောင်း မပြည့်သေးပါဘူး။ ဒီအထဲကို Divino ရဲ့ ပီဇာကို ထည့်ပေါင်းပေးလိုက်မယ်။ ကျွန်တော့်စိတ်ကြိုက် Thin Crust Pizza တစ်မျိုးက တော့ Pizza AI SaIame Piccante ဖြစ်ပါတယ်။ Thin Crust ဆိုတဲ့အတိုင်း အောက်ခံသား ပါးပါးကြွပ်ကြွပ်လေးပေါ်က အရသာထူးခြားတဲ့ Cheese များများနဲ့ ဆလာမီ အသားပြားတင်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ ချိစ်တွဲတွဲလေးတွေက ကလေးလူကြီးတိုင်းကြိုက်ကြတဲ့ ပုံစံဆိုတော့ မိသားစုလိုက်ဆို အမျိုးအစားစုံအောင် မှာလို့ရတဲ့ ၉ လက်မဆိုဒ် ပီဇာတွေ ဘယ်နှချပ်ကုန်မလဲ စဉ်းစားသာ ကြည့်ကြပါတော့ ပရိသတ်ရေ။
အီတာလျံအစားအစာလို့ပြောလိုက်ရင် စပါဂတီပီဇာအပြင် နောက်ထပ် စွဲမက်စရာလေးတွေ ရှိနေတယ်ဆိုတာ မေ့မထားလိုက်ပါနဲ့။ ပါစတာအမျိုးအစားများစွာထဲက ဖက်ထုပ်ပါစတာလို့ ပြောလို့ရတဲ့ Ravioli Pasta ဖြစ်ပါတယ်။ Ricotta Cheese နဲ့ ဟင်းနုနယ် အဆာသွတ်ထားတဲ့ အိမ်လုပ်ပါစတာတစ်မျိုးဖြစ်ပါတယ်။
ပါစတာပါပွဲတွေရဲ့ ထုံးစံအတိုင်း ဆော့စ်တစ်မျိုး ပါရစမြဲဖြစ်တာကြောင့် ခရမ်းချဉ်သီး ခရင်မ်ဆော့စ်လေးနဲ့ ချက်ထားတဲ့ Ravioli Posta ကို ရွေးချယ်လိုက်ပါတယ်။ မှို၊ ခရမ်းချဉ်သီး၊ ဟင်းချက်ခရင်မ်တို့ အချိုးကျပေါင်းစပ်ပါဝင်တဲ့ ဆော့စ်ပျစ်ပျစ်ကတော့ အီမယ်လို့ထင်ထားသမျှ ခရမ်းချဉ်သီးအရသာကြောင့် တစ်ပန်းကန်လုံး အပြောင်ရှင်းနိုင်အောင် ထိထိမိမိ ရှိလှပါတယ်။ RAVIOLI DI MAGRO IN SALSA AURORA ဟာ လိုက်ဖက်တဲ့အတွဲအစပ်ဖြစ်တာကြောင့် စပါဂတီကနေ တစ်မျိုးပြောင်းစားချင်သူတွေအတွက် နောက်ထပ်ရွေးချယ်စရာကောင်း တစ်ခုဖြစ်ပါလိမ့်မယ်။
အီတလီအစားအစာတွေပဲ မိတ်ဆက်ပေးနေပေမယ့် Divino မှာ ပြင်သစ်စတိုင်လ်နဲ့ အဓိကဟင်းလျာတွေကိုလည်း ပြင်ဆင်ပေးထားတာတွေ့ရပါတယ်။ ပြင်သစ်အစားအစာများရဲ့ ဟင်းပွဲပြင်ဆင်နည်း အတိုင်းအသား၊ အာလူး၊ ဟင်းသီးဟင်းရွက်တွေကို အာဟာရတန်ဖိုးဟန်ချက် ညီမျှတအောင် စီစဉ်ပေးထားတာ တွေ့ ရပါတယ်။ FILLETTO DI MAIALE ALLE MELE ကတော့ ဝက်လိုင်းသားကို ဒယ်ပြားပေါ်မှာအရည်စိုစိုနဲ့ အပူပေးကင်ထားပြီး Mashed Potato, ဟင်းသီးဟင်းရွက်များနဲ့ ပန်းသီးဘရန် ဒီတစ်မျိုးနဲ့ ချက်ထားတဲ့ Calvados ဆော့စ်လောင်းထားတဲ့ထဲမှာ ပန်းသီးစိတ်လေးများပါ ထည့်ပေးထားတဲ့အတွက် အရသာပိုပြီး ထူးခြားကောင်းမွန်တာကို တွေ့ရပါတယ်။ အသားများများနဲ့ စားရတဲ့အခါမျိုးမှာ အကောင်းဆုံးကတော့ Red Wine လေးက ရွေးချယ်စရာဖြစ်ပါလိမ့်မယ်။ အီတလီနဲ့ ပြင်သစ် ဝိုင်မျိုးစုံကတော့ Divino ရဲ့ ဝိုင်စာရင်းထဲမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ ရှိလို့နေပါတယ်။
Dessert Time !!! အစားစုံအောင် စားသောက်ပြီးပြီဆိုတော့ Espresso, Americo စတဲ့ Freshly Brew Coffee တစ်မျိုးနဲ့ လူများများလာမယ့်၊ အဖွဲ့တွေ အကြိုက်တွေ့မယ့် Mix Combination Dessert ကို ရွေးချယ်အကြံပြုချင်ပါတယ်။ Caramel အရသာပြင်းပြင်းနဲ့ပူတင်း၊ အီတလီရိုးရာပူတင်းတစ်မျိုးဖြစ်တဲ့ Panna Cotta ၊ ကော်ဖီနဲ့ ဘရန်ဒီအရသာပါးပါးလေးပါတဲ့ Tiramisu ၊ ချောကလက်ရေခဲမုန့်လေး ပျော်ကျအောင်လုပ်ထားတဲ့ Hot Apple Cake ၊ စတော်ဘယ်ရီဆော့စ်လောင်းထားတဲ့ ဗီနီလာရေခဲမုန့် စုံနေအောင်ပါတဲ့ အချိုပွဲတစ်မျိုးကတော့ ချေးများတဲ့သူပါရင်တောင်မှ တိတ်ဆိတ်သွားအောင် အမယ်စုံလင်ပါတယ်။ အားလုံးကုန်အောင်စားဖို့တော့ တာဝန်ကြီးကြီးယူရမယ့် အချိုပွဲဖြစ်ပါတယ်။ နောက်ဆုံးပိတ်အချိုပွဲလေးကို ကော်ဖီခါးခါးလေးတစ်ခွက်နဲ့ ပိတ်သိမ်းလိုက်ရင် Divino မှာစားသောက်ရတဲ့ ကျေနပ်စရာ အချိန်လေးကတော့ ပြီးပြည့်စုံသွားမှာ အမှန်ဖြစ်ပါတယ်။
ပရိသတ်တို့အနေနဲ့လည်းကိုယ့်မိတ်ဆွေ၊ မိသားစု၊ ချစ်ခင်တန်ဖိုးထား လေးစားရသူတွေနဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပျော်ရွှင်အေးချမ်းစွာ ဆုံတွေ့ပြီး အရသာရှိတဲ့ အစားအသောက်တွေကို သုံးဆောင်နိုင်ဖို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
DiVINO
Italian Restaurant & TAPAS BAR
No.61, University Avenue, Bahan, Yangon.
Email : [email protected]
Ph : 01 525935, 09 30313888
သစ်ထူး (My Foodies)