Food city Myanmar Plaza သို့ တစ်ခေါက်

eating_2

Food city

Myanmar Plaza သို့ တစ်ခေါက်

           Eating Out ပရိသတ်များကို တစ်လထက်တစ်လ ပိုမိုကောင်းမွန်ပြီး စုံလင်လှတဲ့ အစားအသောက်ဆိုင် များအကြောင်းကို ထူးခြားစွာ တင်ဆက်ပေးချင်တာ ကြောင့် ဘယ်တုန်းကနဲ့မှမတူအောင် ဒီတစ်လတော့ Myanmar Plaza အပေါ်ဆုံးထပ်မှာ ဖွင့်လှစ်ထားတဲ့ Food City Food Court အကြောင်းလေး မိတ်ဆက်တင်ပြပေးချင်ပါတယ်။ လှည်းတန်းစင်တာက Food Village ကို တာဝန်ယူထားတဲ့ ဝန်ဆောင်မှု စီမံခန့်ခွဲမှုအဖွဲ့ကပဲ ထပ်ပြီး Myanmar Plaza မှာ အသစ်ထပ်မံဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

            Food Court လို့ဆိုလိုက်တဲ့အတိုင်း အမျိုးစားမတူညီတဲ့ အစားအစာအမျိုးအစားတွေကို တစ်နေရာ တည်းမှာ စုစည်းပေးထားပြီး စိတ်ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူ သုံးဆောင်နိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ Food Court တို့ရဲ့ ထုံးစံအတိုင်း ဆိုင်ခန်းတိုင်းမှာ အစားအစာစားရင်းနဲ့ ဈေးနှုန်း တွေကို ဓာတ်ပုံများနဲ့တကွ မြင်သာအောင် ကြေညာထားပါတယ်။ ဆိုင်ခန်းတွေမှာ လှည့်လည်ရွေးချယ်ပြီး ခင်းကျင်းပေးထားတဲ့ စားပွဲကုလားထိုင်များမှာ စိတ်ကြိုက် အချိန်ယူပြီး သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ မစားခင် Food Court တစ်ခုလုံးကို လိုက်စပ်စုကြည့်မိပါတယ်။

BUTEE– ပထမဦးဆုံးတွေ့ရမှာက ဆိုင်တန်းတွေရဲ့ အနောက်ဘက်ခပ်ကျကျ နေရာမှာဖွင့်ထားတဲ့ “ဘူးသီး”ဆိုတဲ့ဆိုင်လေးပါ။ မြန်မာအစားအစာများကို ပုံစံတစ်မျိုးနဲ့ ရောင်းချပေးပါတယ်။ “ဘူးသီး”မှာ ထမင်းဖြူ၊ ဘူးသီးဟင်း၊ ငါးပိတို့စရာ၊ ခရမ်းသီးထောင်းတို့ကို ပြင်ဆင်ပေးပြီးသားပါ။ နောက်ထပ် ဘာဟင်းထပ်မှာမှာ ဟင်းတန်ဖိုးထပ် ပေါင်းထည့်ပြီးကျသင့်မှာဖြစ်ပါတယ်။ လူကြိုက်များတဲ့ ဟင်းက ဝက်သားပုန်းရည်ကြီး၊ ပုစွန်ထုပ်ဆီပြန်၊ ငါးဖယ် ဝက်သယောင်၊ တို့လူကြိုက်များပါတယ်။ နောက်ထပ် လည်းအရွက်ကြော်၊ ငှက်ပျောဖူးသုပ်လိုအသုပ်မျိုးတွေကို နေ့အလိုက် အလှည့်နဲ့ ပြင်ဆင်ချက်ပြုတ်ထားပါတယ်။ အချိုပွဲအနေနဲ့မှာစားနိုင်တာကတော့ ကျွန်တော်တို့အဖွဲ့သွားရောက်ချိန်မှာ မုန့်လက်ဆောင်းကရောင်းရန်အသင့် ဖြစ်နေပါပြီ။ မြန်မာစာအိမ်ချက်၊ တောချက်၊ မြန်မာ့လက်ရာသီးသန့်ကိုစားချင်ကြတယ်ဆိုရင် “ဘူးသီး”ဆိုင်လေးက အဆင်ပြေပါတယ်။

Golden Poh – ဆိုင်ခန်း ၅ ခန်းတစ်တန်းထဲ တွဲထားတဲ့ဘက်ခြမ်းကို ကြည့်လိုက်မယ်ဆိုရင် ပထမဦးဆုံး တွေ့ရတာက ရှက်တတ်တဲ့ ငွေကိုင်စာရေးအစ်မကြီး တစ်ယောက်ရှိတဲ့ “Golden Poh”ဆိုတဲ့ ဗီယက်နမ်ဆိုင် လေးပါ။ ရန်ကုန်မြို့မှာ ဆိုင်ကြီးတွေရှိပြီး ဒီမှာဆိုင်ခွဲလာ ဖွင့်ထားတာလို့ဆိုပါတယ်။ ဆိုင်ကြီးကြီး ၂ ဆိုင်လောက် နောက်မှာရှိနေပြီး သားဆိုင်တစ်ဆိုင်ကတော့ ဘယ်နည်းနဲ့မဆို သာမန်လက်ရာထက်တော့သာလွန်နေမှာပါ။ ဗီယက်နမ်ရဲ့ အမဲသားခေါက်ဆွဲကိုလည်း ဒီနေရာမှာ မြည်းစမ်းကြည့်စေချင်ပါတယ်။ လူကြိုက်များတဲ့ ဗီယက်နမ်ရဲ့ ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်တွေလည်း ရနိုင်ပါတယ်။

CHOP CHOP နောက်ထပ်တစ်ဆိုင်ကတော့ ရှမ်းပုံစားထမင်းဆိုင်ဖြစ်ပါတယ်။ ရှမ်းဟင်းတရုတ်ဟင်း တွေကိုအဓိကထား ရောင်းပါတယ်။ “CHOP CHOP” ဆိုတဲ့ ဆိုင်လေးမှာတော့ ထမင်း၊ အသား၊ အရွက်ကြော် တွေကို ဟင်းရည်ပါတွဲဖက်ပြီး အတွဲစပ် set A, set B, set C ဆိုပြီး စိတ်ကြိုက်အသားနဲ့ အရွက် တွဲဖက်စားနိုင်အောင် ပြင်ဆင်ပေးထားပြီး ရွေးချယ်စရာများလည်းစုံလင်အောင် အဆင်သင့် ချက်ပြုတ်ပေးထား ပါတယ်။

            ရုံးသမားတွေအတွက် သာမက၊ တိုင်းရင်းသား အစားအစာ နှစ်သက်သူတွေပါ မြည်းစမ်းသင့်တဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။ ထမင်းစားရင်း မြည်းစမ်းကြည့်သင့်တဲ့ စားစရာအမယ်တစ်မျိုးကတော့ ထိုင်ဝမ်လက်ဖက်ကြက်ဥပြုတ် ဖြစ်ပါတယ်။

GOLGOROO ကပ်လျက်ဆိုင်လေးကတော့ ကိုရီးယားဆိုင်လေးပါ။ Box Set Menu ပုံစံတွေနဲ့အတူ ကင်မ်ချီဟင်းချို၊ ရေညှိဟင်းချို၊ ပဲငပိဟင်းချို၊ အသားကင်၊ ငါးသားလုံး၊ အသားလုံးတွေကို တုတ်ထိုးပုံစံ ပြင်ဆင်ထားတဲ့ Deng Soup တွေ အပြင်တစ်နေ့တာအတွက် စီစဉ်ထားတဲ့ အထူးဟင်းလျာတွေကိုလည်း မှာယူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ GOLGOROO လို့ခေါ်တဲ့ ဒီဆိုင်လေးကိုရောက်ရင်တော့ ကိုရီးယားနာမည်ကြီး တော့ပူကီကို မြည်းစမ်းဖို့ အကြံပြုလိုပါတယ်။

PALACE ဆိုတဲ့ဆိုင်လေးကတော့ စုံစုံလင်လင်တဲ့ တစ်မူထူးပြန်ပါတယ်။ ရှမ်းအစားအစာ၊ ထိုင်းအစားအစာ စင်္ကာပူအစားအစာ၊ အနောက်တိုင်းစာတွေနဲ့ Fusion တွေကိုပါ ရနိုင်ပါတယ်။ အမျိုးအစားစုံလင်တာကြောင့် Menu ကြည့်ပြီး ရွေးရခက်ရင် စင်္ကာပူ Dry Hor Fan ၊ ထိုင်းပဲကြာဆံသုပ်၊ Chicken Nuggets တွေကို ကျွန်တော့်အကြိုက်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။ အမယ်စုံလှလို့ကျန်ခဲ့တဲ့ စာရင်းထဲက နှစ်သက်တာမျိုးရှိရင်လည်း ပရိသတ်များက ပြန်လည်မျှဝေပေးစေချင်ပါတယ်။ ပြည့်ပြည်ဝဝစားရတဲ့ စားစရာတွေအပြင် အဆာပြေ Snack ပုံစံလေးတွေလည်းရှိတာကြောင့် Food Court မှာ အပျင်းပြေထိုင်ရင်း သူငယ်ချင်းတွေနဲ့ စားသောက်လို့ကောင်းမယ့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။

“KING DUCK”– နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ဆိုင်တစ်ဆိုင်က King Duck ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်ဖက်အောင် ဘဲသားတွေချည်းသက်သက် အစားအစာ စာရင်းကို ဖွဲ့စည်းထားတဲ့ ဒီဆိုင်မှာရတာတွေက ထိုင်ဝမ်အစားအစာတွေဖြစ်ပါတယ်။ ဘဲကို ပုံစံမျိုးစုံပြင်ဆင်ထားတဲ့ Menu တွေထဲကမှ ထိုင်ဝမ်ကြက်ဆီထမင်း ကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဘဲကြွပ်ကြော် ထမင်းကတော့ စားဖြစ်အောင်စားပါ။ ဘဲလည်ချောင်း ကြော်ကလည်း အထူးအဆန်းကြိုက်သူတွေ မြည်းစမ်း သင့်ပါတယ်။ ဘဲကြွပ်ကြော်ကို တစ်ခြမ်း ဒါမှမဟုတ် အကောင်လိုက် မှာယူသုံးဆောင်နိုင်သလို၊ ဘဲသားကော်ပြန့်ကြော်ကလည်း အဆာပြေစားဖို့ သင့်တော်ပါတယ်။

RICE & ICE– အနောက်နားခပ်ကျကျဆိုင်လေးကတော့ “Rice & Ice”လို့ခေါ်ပါတယ်။ နာမည်နဲ့လိုက်အောင် ဖွဲ့စည်းထားတဲ့ Menu က အပြင်ဆင်ကတော့ ပုံစံကွဲတဲ့ ထမင်းကြော် ၅ မျိုးနဲ့ ရေခဲသုပ် ၅ မျိုးကို ထည့်သွင်းပေးထားပါတယ်။ မြန်မာ၊ ယန်ကျိုး၊ ထိုင်း၊ ကိုရီးယား၊ အင်ဒို စတဲ့ ထမင်းကြော်များကို မှာယူသုံးဆောင်ပြီး အမျိုးစုံတဲ့ ရေခဲသုပ်တွေကို စိတ်ကြိုက်ရွေးချယ်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

NOODLES REPUBLIC– ဆိုင်လေးမှာတော့ ထိုင်း၊ စင်္ကာပူ၊ မလေး၊ အင်ဒိုစတဲ့နိုင်ငံတွေက ခေါက်ဆွဲမျိုး စုံရနိုင်ပါတယ်။ ခေါက်ဆွဲကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါး စားရတာနှစ်သက်သူတွေ အတွက်အလွန်အဆင်ပြေတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ခေါက်ဆွဲအကြွပ်ကြော်လေးနဲ့ ပင်လယ်စာကော်ရည် တွဲဖက်ထားတဲ့ Seafood Crispy Yee Mian ကို မြည်းစမ်းကြည့်စေချင်ပါတယ်။ မြန်မာခံတွင်းနဲ့ အကြိုက်တွေ့မယ့် တုန်ယမ်း ခေါက်ဆွဲကြော် (Tom Yam Fried Noodles) ကလည်း ထိုင်း အရသာစစ်စစ် ဖြစ်ပါတယ်။

TITU’S INDIAN BISTRO ဘေးဘက်အစွန်ဆုံးဆိုင်ကတော့ အိန္ဒိယအစားအစာတွေကို ရောင်းချပေးနေတဲ့ “TITU’S Indian Bistro” ဖြစ်ပါတယ်။ ပလာတာ၊ စမူဆာ၊ တိုရှည်၊ ပူရီ စတဲ့ ကျွန်တော်တို့နဲ့ အကျွမ်းဝင်ပြီးသား အစားအစာများဖြစ်ပြီး သိပြီးသားတွေထက်ပိုတဲ့ မဆလာတိုရှည်၊ ပလာတာလိပ်၊ ကြက်သွန်ပလာတာ စတဲ့အသစ်အဆန်းတွေကိုလည်း ရနိုင်ပါသေးတယ်။ ထမင်းနဲ့ဟင်းကို တွဲစပ် Set ပုံစံပြင်ဆင်ထားတာကို ဒီဆိုင်မှာ Thali လို့ ခေါ်ပါတယ်။ ဒံပေါက်ကိုလည်းထူးထူးခြားခြားအပြင်အဆင်မျိုး၊ အရသာမျိုးနဲ့ရနိုင်ပါတယ်။

            အချိုပွဲကတော့ ကူလ်ဖီး၊ ဖာလူဒါ အပြင် Gulab Jamun လို့ခေါ်တဲ့ မလိုင်လုံးလည်း ရနိုင်ပါသေးတယ်။

ESPRESSONITE Food Court ကြီးရဲ့ အလယ်တိုင် ၂ တိုင်မှာ ဆိုင် ၂ ဆိုင် ရှိပါသေးတယ်။ တစ်ဆိုင်က ဘယ်ဆိုင်ကဘာ ဝယ်စားစားသူနဲ့ မလွတ်နိုင်တဲ့ ရေက အစ၊ ရေနွေးကြမ်း၊ အသီးဖျော်ရည်တွေနဲ့၊ ကော်ဖီ၊ လက်ဖက်ရည်တို့ အထိပါရတဲ့ “Espressonite”ဆိုင် ဖြစ်ပါတယ်။ ခုချိန်မှာသွားရင် ဘယ်အချိန်ရောက်ရောက် Discount ပေးထားပါတယ်။ အမြဲပေးနေမှာလို့လည်း သိရပါတယ်။

SPROUTS – နောက်တစ်ဆိုင်ကတော့ ကျန်းမာရေးလိုက်စားသူတွေ၊ ဝိတ်မတတ်အောင်စားချင်သူတွေ ကြားထဲမှာ ရေပန်းစားတဲ့ “Sprouts”ဆိုင်လေးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် အသုပ်မျိုးစုံကို Dressing မျိုးစုံနဲ့ စိတ်ကြိုက်ရွေးချယ် ရောနှောသုံးဆောင်နိုင်ပါလိမ့်မယ်။

            ပရိသတ်ကြီးရေ ကျွန်တော့်အညွှန်းကိုဖတ်ပြီးသွားလို့ Food City မှာပဲ စားတော့မယ်လို့ စဉ်းစားထားရင် သိသင့်တာလေးတွေက Food City ရဲ့ ငွေပေးခြေပုံလေးတွေပါ။ အစားအစာမမှာခင် ပိုက်ဆံကတ်လေး အရင်ဝယ်ရပါတယ်။ ကိုယ်ဝယ်မယ့် ငွေပမာဏအပြင် ၂ဝဝဝ အပိုဆောင်းပေးရပါတယ်။ ဒါကပြန်ရမှာပါ ကဒ်လေး တစ်ကတ်မေ့လို့များ မှားပါသွားရင် ကာမိအောင် အပေါင် သဘောမျိုး ယူထားတာပါ။ ဥပမာ ကျွန်တော်က ၁ဝဝဝဝ ဖိုးသုံးမယ်လို့ ခန့်မှန်းရင် ၁၂ဝဝဝ ပေး ဒါမှမဟုတ် ၁ဝဝဝဝ ပေးရင် ကျွန်တော်သုံးလို့ရမယ့်ပမာဏက ၈ဝဝဝ ဖြစ်ပါလိမ့်မယ်။ ကြိုက်တဲ့ဆိုင်မှာ ကြိုက်ရာစား ဒီကတ်မှာထည့် ထားတဲ့ ငွေပမာဏကနေ ဆိုင်မှာစားသလောက် ဖြတ်သွားမှာပါ။ ငွေအစား ဒီကတ်လေးပေးလိုက် Bill စာရွက်မှာ ကိုယ်စားတဲ့ကျသင့်ငွေအပြင် ကတ်လက်ကျန်ငွေပါ ပြထားမှာမို့ စားနေရင်း ငွေထပ်ထည့်ဖို့လိုရင် ဒီကတ်နဲ့ပဲ ငွေပြန်ဖြည့်ဝယ်နိုင်ပါတယ်။ နောက်ဆုံး စားပြီးသောက်ပြီးမှ ကတ်လေးကို ကောင်တာမှာပြန်ပေးပြီး ကဒ်လက်ကျန်ငွေနဲ့ စောစောကပေးထားတဲ့ ၂ဝဝဝ ကိုပါ ပြန်ယူလို့ရပါပြီ။ ကျွန်တော့်အတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။

            ပရိသတ်ကြီးရေ ရန်ကုန်မှာနေပြီး တစ်နေရာတည်းမှာ အစားအစာစုံလင်အောင် ဆိုင်ပေါင်းစုံစုစည်းပေးထားတဲ့ Food City ကတော့ သွားတိုင်း အလုပ်များနေတဲ့ဆိုင်တွေနဲ့ ထိုင်စရာနေရာ အလုံအလောက်ရှိလို့သာ တော်တော်လေး အဆင်ပြေတာပါ။ နောက်ထပ်အသစ်ဖွင့်မယ့် ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးရင်တော့ ရောက်အောင်သွားပြီး မြည်းစမ်းကြည့်ပါဦးမယ်။ ပရိသတ်များအနေနဲ့လည်း မိသားစု၊ သူငယ်ချင်းများနဲ့ ဈေးဝယ်ရင်း၊ လှည့်ပတ်ကြည့်ရှုရင်း ဗိုက်ထဲက ဟာတာတာနဲ့ ဆာလာတဲ့အခါ အရောက်သွားပြီး အကြိုက်စားနိုင်ဖို့ ဒီကဏ္ဍလေးကနေ တင်ပြပေးလိုက်ပါတယ်။ Enjoy your eating out!!!

စာကြွင်း ။        ။ “ဘူးသီး”ရဲ့ဘေးမှာတော့ သြစတြေးလျက လာမယ့် ဘာဂါဆိုင်လေး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ဒီအညွှန်းရေးဖို့ ရောက်သွားချိန်မှာတော့ ဆိုင်ကို ပြင်ဆင်နေဆဲဖြစ်တာ တွေ့ရပါတယ်။ ဆိုင်ရဲ့ အနောက်ဘက်ခြမ်းက ချက်ပြုတ်လုပ်ကိုင်နေတာတွေကို မြင်ရအောင် မှန်အကြည်တွေ ကာပေးထားပုံကိုကြည့်ရတာ အစားအစာ ကိုင်တွယ်ချက်ပြုတ်ပုံသန့်ရှင်းမှုအတွက် ယုံကြည်မှု အပြည့်ရှိပုံရပါတယ်။ ဆိုင်တကယ်ဖွင့်တဲ့ရက်ကျရင်တော့ နောက်တစ်ခေါက်သွားဖြစ်အောင်သွားပြီး မြည်းကြည့်ရဦးမယ်။

Food City Myanmar Plaza, 5th Floor

♦   သစ်ထူး ♦

Facebook Comments