GRINGOS CHILANGOS

eating_2 eating_3

eating_5eating_4

eating_6 eating_7

GRINGOS CHILANGOS

            အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖူးပါလိမ့်မယ်။ စပိန်မင်းသား Antonio Banderas ရဲ့ Desprado, Once Upon a Time in Mexico စတဲ့ဇာတ်ကားတွေဟာ ကျွန်တော်ငယ်ငယ်က စွဲလမ်းနှစ်သက်ခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ဒီဇာတ်ကားတွေနဲ့အတူ မက္ကဆီကိုကို တစ်စေ့တစောင်း လေ့လာခွင့်ရခဲ့ပါတယ်။ လူနေမှုစရိုက်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဂီတနဲ့ အစားအသောက်များကို လေ့လာကြည့်တော့ စပိန်၊ အီတာလျံ လူမျိုးများက ရွှေ့ပြောင်းနေထိုင်လာကြတာဖြစ်ပြီး ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနဲ့ အစားအစာ၊ ဘာသာစကားတို့ကလည်း ခပ်ဆင်ဆင်ဖြစ်တာကို တွေ့ရပါတယ်။

            Food Magazine အနေနဲ့လည်း အစားအစာများကို လေ့လာဖော်ထုတ်ရင်း လစဉ်လစဉ် Eating Out ကဏ္ဍအတွက် မတူညီတဲ့ စားသောက်ဆိုင်ကောင်းများကို မိတ်ဆက်တင်ပြပေးလာခဲ့တာ ဒီတစ်ခေါက်တော့ Eating Out ကဏ္ဍမှာ အရင်ကမိတ်ဆက်ဖော်ပြခြင်း မရှိခဲ့သေးတဲ့ မက္ကဆီကန်အစားအစာများကို ရောင်းချဝန်ဆောင်မှုပေးနေတဲ့ ဆိုင်သစ်တစ်ဆိုင်ကို မိတ်ဆက် ဖော်ပြပေးချင်ပါတယ်။ အင်္ဂလိပ်တစ်ယောက်နဲ့ မက္ကဆီကန်တစ်ယောက် ဦးဆောင်နေတဲ့ ဒီဆိုင်လေးက GRINGOS CHILANGOS ဖြစ်ပါတယ်။ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်မှာ ရှိပါတယ်။ ထူးခြားတဲ့ဆိုင်မျက်နှာစာက ထုထည်ကြီးမားတဲ့ ကျွန်းတံခါးကြီး ကြောင့် အလွယ်တကူ ရှာတွေ့နိုင်ပါလိမ့်မယ်။ မျက်နှာစာမှာ ချောင်းကြည့်ပေါက်ငယ်တစ်ခု ဖောက်ထားတဲ့ ကျွန်းတံခါးကြီးအပြင်၊ နေရာအကျယ်ကြီးယူထားတဲ့ မှန် နံရံကြီးကနေတစ်ဆင့် ဆိုင်အတွင်းဘက်ပုံရိပ်တွေကို လမ်းလျှောက်ရင်း မြည်းစမ်းနိုင်ပါသေးတယ်။

            အတွင်းဘက်မှာတော့ ဘီယာမျိုးစုံ၊ ကောက်တေး နဲ့ ယမကာစုံလင်အောင် ပြင်ဆင်ပေးမယ့် ကျယ်ပြန့်တဲ့ ဘားကောင်တာကြီးကို အကောင်းစားသစ်သားဘား ထိုင်ခုံများခြံရံပြီး ညာဘက်မှာတွေရပါတယ်။ ဘားကောင်တာကြီးရဲ့ အရှေ့ဘက်ခြမ်းမှာ စားပွဲ၊ ထိုင်ခုံ အမြင့်တွေနဲ့ စားသောက်ဝိုင်းများပြင်ဆင်ပေးထားပြီး စားပွဲဝိုင်းများရဲ့ အဆုံးမှာတော့ ချက်ပြုတ်နေသမျှ အကုန်မြင် တွေ့စပ်စုခွင့်ရမယ့် Open Kitchen ကို မှန်အကာရဲ့ နောက်ဘက်မှာ တွေ့နေရပါတယ်။ ဘားကောင်တာ အနောက်ဘက် ယမကာပုလင်းများတင်ထားတဲ့ နံရံ မှာတော့ မက္ကဆီကန်များရဲ့ လူနေမှုစရိုက်ကို ထင်ဟပ်စေတဲ့ ရိုးရာပန်းချီလက်ရာများကို တွေ့ရပါတယ်။

            ဘားကောင်တာရဲ့ဘေးမှာ ပြင်ဆင်ပေးထားတဲ့ စားပွဲဝိုင်းကိုလွန်သွားရင်တော့ အပေါ်ထပ်ကိုတက်လို့ရတဲ့လှေကားကို တွေ့ပါလိမ့်မယ်။ အပေါ်ထပ်စားပွဲ ဝိုင်းဖွဲ့ စည်းပုံက အောက်ထပ်နဲ့ အနည်းငယ်ကွဲပြားပါတယ်။ အပေါ်ထပ်နေရာ အပြည့်ယူထားတာမျိုးမဟုတ်ဘဲ အောက်ထပ် ကို ဘေးပတ်လည်ကနေ မြင်နေရအောင် စင်္ကြန်ပုံစံ နေရာယူတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အောက်ထပ်ကို လှမ်းမြင်ရမယ့် လက်ရန်းပတ်လည်မှာ ခုံမြင့်မြင့်လေးများနဲ့ထိုင်ပြီး နားနားနေနေ စကားပြော စားသောက်နိုင်အောင် လက်ရန်းနေရာတစ်လျှောက်ကို စားပွဲအဖြစ် အသွင်ပြောင်းပြုလုပ်ထားပါတယ်။ အနောက် ဘက်ခြမ်းမှာတော့ စားပွဲပုပု၊ ထိုင်ခုံပုပုလေးများနဲ့ စားသောက်နိုင်အောင် ခင်းကျင်းပေးထားပါတယ်။

            တစ်ဆိုင်လုံးလိုက်ကြည့်ပြီးသွားတော့ GRINGOS CHILANGOS ရဲ့ အစားအစာစာရင်းကို လေ့လာကြည့်မိတော့ ရှာမှရှား Mexican street food တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဝန်ဆောင်ပေးနေတယ်ဆိုတာ သိလိုက်ရပါတယ်။

            မက္ကဆီကန်လို GRINGOS ဆိုတာ လူဖြူဧည့်သည်လို့ခေါ်ပြီး CHILANGOS ဆိုတာကတော့ နယ်ခံလူ၊ Mexico City ဇာတိသားကို ခေါ်တာဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ အဓိပ္ပာယ်ကို သိရပြီဆိုတော့ ဒီလောက် သပ်ရပ်လှပပြီး ထိုင်ချင်စဖွယ်ဆိုင်လေးကို ဘယ်သူတွေက ဦးဆောင်နေတယ်ဆိုတာ စာဖတ်သူများ သိလောက်ပါပြီ။ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်က သူတို့တွေအားလုံးအတွက် ဒီဆိုင်လေးက အစားအသောက် ထုတ်လုပ်ရောင်းချဝန်ဆောင်မှုပေးတဲ့ စီးပွားရေးလုပ်ငန်းအတွက် ပထမဦးဆုံးခြေလှမ်း စလှမ်းဝင်တဲ့ ဆိုင်ဖြစ်နေတယ်ဆိုတာကို အံအားသင့်စရာသိခဲ့ရပါတယ်။

            မက္ကဆီကန်နယ်သားစစ်စစ် အနှစ် ၃ဝ ကျော် အတွေ့အကြုံရှိတဲ့ စားဖိုမှူးက ပြင်ဆင်ချက်ပြုတ်ပေးနေတဲ့ GRINGOS CHILANGOS ကိုရောက်ရင် ဘာမှမစားမ သောက်ရသေးခင် အရင်မှာသင့်တာကတော့ Hot Shrimp လို့ အဓိပ္ပာယ်ရတဲ့ Caldo De Camaron ဖြစ်ပါတယ်။ ဖန်ခွက်သေးသေးလေးထဲက ပန်းရောင်ရင့်ရင့် အရည်တစ်မျိုးကတော့ စပ်ဖျဉ်းဖျဉ်း လေးလေးပင်ပင် ဟင်းချိုတစ်မျိုးဖြစ်ပါတယ်။ ဥရောပရဲ့ Lobster နဲ့ ခပ်ဆင်ဆင်အရသာဖြစ်ပေမယ့် မက္ကဆီကန်ငရုတ်သီးနဲ့ သံပရာသီးတို့ရဲ့ အရသာကတော့ ဒီဟင်းချိုခွက်လေးကို ခံတွင်းဖွင့်သောက်စရာ Appetizer Drink ဖြစ်အောင် လုပ်ပေးလိုက်တဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။

            Quesadilla con Frijoles ဆိုတာကို မြည်းစမ်း ကြည့်မိပါတယ်။ မက္ကဆီကန်လူမျိုးများရဲ့ အဓိက အစားအစာဖြစ်တဲ့ ပြောင်းဖူးဆံကို ဂျုံပြားပုံစံရအောင် ပြုပြင်ထားပြီး Kidney Bean ကြိတ်ပြီး အဆာသွတ်ထားတဲ့ ပဲအဆာသွတ်ကြော်တစ်မျိုး ဖြစ်ပါတယ်။ ပူပူနွေးနွေးစားကောင်းပြီး ခရမ်းရောင်ဂေါ်ဖီထုပ်ကို ဒိန်ချဉ်ဆော့စ်နဲ့ အသုပ်ပုံစံ ပြင်ဆင်ပေးထားတာကို ခရမ်းချဉ်သီးစိမ်း အနှစ်များများနဲ့ တို့စားရတဲ့အရသာကတော့ ကျွန်တော်တို့ Eating Out အဖွဲ့သားများအတွက် ပထမဦးဆုံး မက္ကဆီကန်အစားအစာရဲ့ အရသာဖြစ်ပါတယ်။

            နောက်ထပ်တစ်မျိုးကတော့ Mexican Sandwich တစ်မျိုးလို့ခေါ်ရမယ့် Torta Ahogada De Carnitas ဖြစ်ပါတယ်။ ဝက်သား၊ ငရုတ်နှစ်နဲ့ ခရမ်းချဉ်သီးရောထားတဲ့ ဆော့စ်အနီတို့နဲ့ ပြင်ဆင်ထားတဲ့ အကြီးစား ပေါင်မုန့်ညိုကြီးနဲ့ တည်ခင်းပါတယ်။ ဟင်းခတ်အမွှေးအကြိုင်များစွာနဲ့ အချိန်ပေးချက်ထားတဲ့ ဝက်သားကတော့ အသားမျှင် တစ်မျှင်ချင်းစီမှာ အနံ့ရော အရသာပါ ပြည့်ဝလို့နေပါတယ်။ ဒီအစားအစာကတော့ တစ်မျိုးတည်းနဲ့ ဗိုက်ပြည့်သွားစေပါလိမ့်မယ်။ အသစ်အဆန်းလည်းဖြစ် တစ်မျိုးတည်းနဲ့ အရသာရှိရှိသုံးဆောင်ပြီး တင်းတိမ်စေမယ့် အစားအစာဖြစ်လို့ တစ်မျိုးတည်းစားလိုသူများ ရွေးချယ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

            ကျွန်တော်တို့တွေ ဆန်ကို အဓိကထားချက်ပြုတ် စားကြသလိုမျိုး မက္ကဆီကန်တွေကလည်း ပြောင်းဖူးကို အမျိုးစုံချက်ပြုတ်ပြင်ဆင်ပြီး အဓိက အစားအစာအနေနဲ့ စားကြတာတွေ့ရပါတယ်။

            Tostadas ကတော့ ကြက်သား၊ ပုစွန်နဲ့ အမဲသား သုံးမျိုးကို တစ်မျိုးစီခွဲပြီး အသုပ်ပုံစံပြင်ဆင်ပြီး ပြောင်းဖူးခရက်ကာပြားပေါ်မှာတင်ပြီး ဒိန်ချဉ်ဆော့စ်ဖြန်းပြီး တည်ခင်းပြင်ဆင်ပေးတာဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့နဲ့ အရသာသွင်းထားတဲ့ ကြက်သားမျှင်လေးများက အရသာတစ်မျိုးနဲ့ ပြင်ဆင်ထားတာကတော့ Tinga လို့ခေါ်ပါတယ်။ Salpicon ကတော့ အချိန်ပေး ချက်ပြုတ်ထားတဲ့ အမဲသားနဲ့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒီစားစရာမှာ ကျွန်တော်အနှစ်သက်ဆုံးဖြစ်တဲ့ Camarones ကတော့ ပုစွန်ကို သံပရာသီး၊ ငရုတ်သီး၊ သခွားသီးတို့နဲ့ ပြင်ဆင်ပေးထားတာကြောင့် စားနေရင်းကို သွားရည်ယိုစေပါတယ်။ အမျိုးအစားတစ်ခုချင်းစီမှာ ယူသုံးဆောင်နိုင်သလို၊ ၃ မျိုးရောပြီးလည်း မှာနိုင်တာကြောင့် သဘောထားမတူတတ်တဲ့ သူငယ်ချင်းအဖွဲ့တွေအတွက်တော့ ရွေးချယ်ဖို့ကောင်းမယ့် အစားအစာဖြစ်ပါတယ်။

            Mexican အစားအစာတွေအကြောင်းပြောရင် မက္ကဆီကန်တွေရဲ့ ရိုးရာနည်းနဲ့ဖျော်စပ်ထားတဲ့ အဖျော်ယမကာတွေအကြောင်းလည်း ဖယ်ထားလို့မရပါဘူး။ Mocktail အမျိုးအစားထဲကဆိုရင်တော့ နာနတ်သီးကို ကြံသကာနဲ့ ရောနှောအချဉ်ဖောက်ပြီးမှ နောက်ထပ် လတ်ဆတ်တဲ့နာနာတ်သီး၊ သံပရာရည် စတာတွေရောပြီး ဖျော်စပ်ထားတဲ့ Tepache ကို အကြိုက်တွေ့မိပါတယ်။ အရက်၊ ဘီယာ မကြိုက်တဲ့သူများကတော့ ဒီ Mocktail ကို မြည်းစမ်းကြည့်သင့်ပါတယ်။ ဘီယာကြိုက်သူများအနေနဲ့ မြည်းစမ်းကြည့်သင့်တဲ့ ဘီယာအခြေခံတဲ့ မက္ကဆီကန် ကောက်တေးတစ်မျိုးကတော့ Michelada ဖြစ်ပါတယ်။ ဘီယာထဲ ငရုတ်သီးမှုန့်ထည့်သောက်ရတဲ့ အရသာကို မြည်းကြည့်ချင်ရင်တော့ ဒီ Cocktail လေးကို မြည်းစမ်းကြည့်စေချင်ပါတယ်။

            ကျွန်တော်တို့တိုင်းပြည်မှာ လမ်းဘေးဈေးသယ်တွေရောင်းတဲ့ ပုံစံအတိုင်း မက္ကဆီကိုမှာလည်း Street Food တွေကို တစ်သည်တစ်မျိုးစီ အဓိကထားပြီး ရောင်းကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် GRINGOS CHILANGOS ဟာ လူကြိုက်များတဲ့ မက္ကဆီကန် လမ်းဘေးအစားအစာတွေကို မူလရိုးရာ ရနံ့အရသာမပျက် မူရင်းအတိုင်းစုစည်းကာ ဝါရင့်မက္ကဆီကန်စားဖိုမှူးကို ဦးဆောင်စေပြီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ သိပ်များများစားစား မရှိလှသေးတဲ့ Mexican Street တွေကို သက်သာတဲ့ဈေးအတိုင်း ရိုးရာအရသာမပျက် သုံးဆောင်ဖို့ဆိုရင်တော့ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်က ထူးခြားတဲ့အဝင်တံခါးပုံစံနဲ့ GRINGOS CHILANGOS ကို တွေ့ အောင်ရှာပြီး သွားရောက်သုံးဆောင်နိုင်ဖို့ မျှဝေတင်ပြပေးလိုက်ပါတယ်။

♦   သစ်ထူး   ♦

GRINGOS CHILANGOS

No.257, Bo Aung Kyaw St. (Middle Block)

Kyauktada Township, Yangon.

Opposite the Ministerial Secretariat Building.

Tel : 01 245631, 09 261129186, 09420099831

Facebook Comments