Karaweik Palace Royal Culture Show

by သစ်ထူး for Food Magazine

          ပရိသတ်ကြီးရေ… Food Magazine ရဲ့  Eating Out ကဏ္ဍအလှည့်ရောက်လာပြန်ပါပြီ။ ဒီတစ်လအတွက် ရွေးချယ်ပေးထားတာက အားလုံးသိပေမယ့် သေသေချာချာ သတိမထားမိလို့ နီးလျက်နဲ့ဝေးနေတယ်လို့ ထင်ရတဲ့ အစားအသောက်ကောင်းတွေအပြင် သာယာနာပျော်ဖွယ် ဖျော်ဖြေရေးတွေပါပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မှာ နေသူတိုင်းသိပြီး ရန်ကုန်ကိုရောက်တဲ့သူ နယ်သူ၊ နယ်သားတိုင်း ငေးမောကြည့်တာကို ခံရတတ်တဲ့ ကရဝိက်နန်းတော် ဖြစ်ပါတယ်။

          Karaweik Palace Royal Culture Show လို့ နာမည်ပေးထားပြီး ကရဝိက်နန်းတော်တစ်ခုလုံးကို အဆင့် မြင့်စားသောက်ဆိုင်ကြီးအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်က မြန်မာဗိသုကာဆရာကြီး ဦးငွေလှိုင်ရဲ့ ဒီဇိုင်းလက်ရာဖြစ်တဲ့ ဒီနေရာမှာ စားသောက်ဆိုင်တစ်ခု ရှိနေတယ်ဆိုတာထက် ပိုပြီးတော့ မသိကြသေးတဲ့သူတွေ များပါတယ်။ အဲဒီ စားသောက်ဆိုင်က မြန်မာ့ရိုးရာ အစားအသောက် စစ်စစ်တွေကို အမျိုးအမည်စုံနေအောင် တည်ခင်းပေးနေတဲ့ စားသောက်ဆိုင်ပါ။ ဒါတင်မကဘဲ  မြန်မာ့ယဉ်ကျေးမှုကပွဲကိုပါ  ညစဉ်ညတိုင်း တင်ဆက်ကပြပေးနေလို့  ညစာသုံးဆောင်ရင်း ကြည့်ရှုရမယ့် ကပွဲရဲ့ အစီအစဉ်ပေါင်း ၁၃ မျိုးတောင်ရှိပါတယ်။

          ကရဝိက်နန်းတော်ဟာ အဆောက်အအုံကိုဝင်မယ့် ဧည်ကြိုဆောင်ကနေစပြီး အရမ်းကို မြန်မာဆန်တဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားပါတယ်။ မြန်မာလို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ်တဲ့ ဝန်ထမ်းတွေကို အဝင်လမ်းတစ်လျှောက်မှာ ဧည့်ကြိုအဖြစ်နဲ့ တစ်မျိုး၊ ရိုးရာမုန့်ဈေးတန်းလေးက မုန့်သည်တွေအဖြစ်နဲ့တစ်ဖုံ တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာမှုလက်ရာများနဲ့ ခြယ်မှုန်းထားတဲ့ ပန်းပု ပန်းချပ်များအပြည့်နဲ့ ကရဝိက်နန်းတော်မှာ အပိုင်း ၃ ပိုင်း ခွဲခြားထားပါတယ်။ အပြင်ဘက်ကကြည့်ရင် ငှက်ကြီး ၂ ကောင်ရဲ့ နေရာဟာ ဘယ်ညာဟောခန်းကြီး ၂ ခုဖြစ်ပြီး အဲဒီငှက်ကြီး ၂ ကောင်ရဲ့ ကြားနေရာမှာတော့ အပေါ်ထပ် ဟောခန်းတစ်ခုရှိနေပါတယ်။ စစ်သူကြီး ၂ ယောက် စောင့်နေတဲ့  တံခါးမကြီးကနေ ဝင်သွားရင် ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့ ဟောခန်းကြီးမှာ ညစဉ်ညတိုင်း မြန်မာ့ရိုးရာ အက အလှများနဲ့ မြန်မာ့ရိုးရာအစားအစာများ တည်ခင်းရာ စားသောက်ခန်းမကြီး ရှိပါတယ်။ စားသောက်ခန်းမကြီးထဲမှာတော့ မြန်မာဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ ဝန်ထမ်းများက လာရောက်ကြတဲ့ ဧည့်သည်များကို နေရာ ထိုင်ခင်းပေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုများပေးလို့နေပါတယ်။ ညနေ ၆ နာရီခွဲရင်တော့ ဖျော်ဖြေရေး အစီအစဉ်က စတင်မှာ ဖြစ်ပေမယ့် ဘူဖေးကတော့ ညနေ ၆ နာရီ ကတည်းက အဆင်သင့် ဖြစ်နေပါပြီ။

          အစားအစာများပြင်ဆင်ထားတဲ့ ဘူဖေးကောင်တာများကို စားသောက်ခန်းမကြီးရဲ့ ဘေးမှာ အခန်းတစ်ခန်း သီးသန့်ထားရှိပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အစားအစာတွေအပြင် နိုင်ငံတကာအစားအစာတွေပါ စုံနေအောင်ပါတဲ့ ဘူဖေးညစာမှာ အမျိုးအမည်ပေါင်း ၈၀ နီးပါးရှိပါတယ်။

          မြန်မာ၊ ထိုင်း၊ ဂျပန်နဲ့ အနောက်တိုင်းအစားအစာမျိုးစုံ ပြင်ဆင်ထားတဲ့ ခံတွင်းဖွင့်စာ ချည်းသီးသန့် ၉  မျိုးရှိပါ တယ်။ အသုပ်ပွဲများကို ကိုယ်တိုင်ပြင်ဆင်စားသောက်လို့ရမယ့် Salad Bar မှာလည်း Derssing အစုံအလင်နဲ့ သီးနှံမျိုးစုံ၊ အရွက်မျိုးစုံတို့ကို လတ်လတ်ဆတ်ဆတ် ရရှိနိုင်ပါတယ်။ အနောက်တိုင်းသားတွေရဲ့  ညစာမှာ မပါမဖြစ် ပေါင်မုန့်မျိုးစုံကိုလည်း တစ်နေရာမှာ ပြင်ဆင်ထားပေးပြီး အနည်းဆုံး Cream Soup ၃ မျိုးလောက်ကိုလည်း အဆင်သင့်ပြင်ဆင်တည်ခင်းပေးထားပါတယ်။

          တစ်ပင်တိုင် အကကနေ စလိုက်တဲ့  ဖျော်ဖြေရေးကတော့ ကိုယ်ပိုင်ဆိုင်းအဖွဲ့နဲ့တီးတဲ့ တေးသွားတွေနဲ့ပါ ဖျော်ဖြေနေတာတွေ့ရပါတယ်။ ဇာတ်သဘင်ရဲ့ အစကို ပြန်လည်ဖော်ညွှန်းတဲ့ မြေဝိုင်းအကဖျော်ဖြေမှုကလည်း မိသားစုတွေမှာ ကလေးငယ်တွေ၊ လူငယ်တွေပါလာခဲ့ရင် ဗဟုသုတလေ့လာဖို့ ပြောပြရမယ့် တင်ဆက်မှုတစ်ခု ဖြစ်ပါတယ်။

          အကင်တွေပြင်ဆင်ပေးထားတဲ့ Carving Section မှာဆိုရင်လည်း ကြက်၊ ဘဲ၊ ဆိတ်၊ အမဲသား စတာတွေကို နေ့ရက်အလိုက် အလှည့်နဲ့ ပြင်ဆင်ထားပါတယ်။ စားသုံးသူများ စိတ်ဝင်စားကြတဲ့ Live Cooking လို့ခေါ်တဲ့ စားသုံးသူများရဲ့ ရှေ့မှောက်မှာ ချက်ချင်းချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ သရုပ်ပြကောင်တာ ၃ ခုမှာဆိုရင် စားဖိုမှူးငယ်မလေးများကိုယ်တိုင် ပါစတာမျိုးစုံ၊ အာရှပုံစံခေါက်ဆွဲ မျိုးစုံနဲ့ ရှမ်းရိုးရာ အာလူးထမင်းနယ်၊ ငါးထမင်းနယ်၊ ရှမ်း ထမင်းသုပ်စတာတွေကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ် ပေးနေတာကိုလည်း တွေ့ရပါတယ်။

          ထူးထူးခြားခြား ကလေးငယ်များအတွက် Kid Food ကောင်တာထားပေးပြီး ကလေးတွေ နှစ်သက်ကြတဲ့ လာစားညာ၊ အာလူးပေါင်မုန့်ကြွပ်ကပ်ကြော်၊ ပီဇာ၊  ဒိုးနပ်၊ ကွက်ကီးအစုံ၊ ရေခဲမုန့်တို့ကိုလည်း စုံနေအောင် တွေ့ရပါတယ်။ ကလေးတွေ စိတ်ဝင်တစား တအံ့တဩနဲ့ ကြည့်ရမယ့် မင်းညီမင်းသားများက နန်းတွင်းမှာ ဘုရင်ကို ကပြဖျော်ဖြေတဲ့ လေးကောက်အကကိုလည်း ဖျော်ဖြေရေးမှာ ထည့်သွင်းထားပါတယ်။ နောက်ထပ် ဘုရင်ကို တင်ဆက်တဲ့ အကတစ်ခုကတော့ နန်းတွင်းအပျိုတော်ယိမ်းဖြစ်ပါတယ်။

          နာမည်နဲ့လိုက်အောင် လှပတဲ့မင်းသမီးလေးတွေက သွက်သွက်လက်လက်နဲ့ ကပြတဲ့ အကဖြစ်ပါတယ်။ ကလေးတွေသာမက ရောက်လာသမျှ ဧည့်သည်အားလုံးကို ရုတ်တရက်နောက်လှည့်ကြည့်ပြီး အံ့အားသင့်စေတဲ့ အကကတော့ ကာချင်းနဲ့ ဆင်အကတွေဖြစ်ပါတယ်။ ဇာတ်စင်ပေါ်မှာ ရောက်နေတာ မဟုတ်ဘဲ ဧည့်သည် ဝင်ပေါက်ကနေ တန်းစီ ကခုန်ပြီး ဝင်လာကြတဲ့ မောက်တို၊ မောက်ရှည်တွေနဲ့ ရဲမက်တွေ၊ ကျောက်ဆည်ဆင်ကြီးနဲ့ စိတ်ဓာတ်တက်ကြွစေမယ့် ကာချင်းသီချင်းသံတို့ကြောင့် စားနေတဲ့ မြန်မာ့ရိုးရာဟင်းလျာတွေနဲ့ အစပ်အဟပ်မိမိ ခံစားနေရပါတယ်။

          ကာချင်းနဲ့ ဆင်အကနောက်ကနေ ဆက်ပြီး ကပြပေးတဲ့ ပုဂံအကလေးကို ကြည့်ရင်း အဓိကဟင်းလျာတွေဘက် အလှည့်ပေးရပါတယ်။ နိုင်ငံတကာ ဟင်းလျာတွေ ပြင်ဆင်ထားတဲ့အပြင် မြန်မာ့ရိုးရာ အဓိကဟင်းလျာတွေအဖြစ် ဝက်သားနီချက်၊ ကြက်သားဟင်းနဲ့ ငါးကြော်နှပ်တို့လို လူကြိုက်များတဲ့ မြန်မာ့ရိုးရာဟင်းလျာအမျိုးအစားပေါင်း ၂၂ မျိုးကို ဟင်းအိုးလေးတွေအတိုင်း မီးဖိုလေးတွေနဲ့ ပြင်ဆင်ပေးထားတာက မျက်စိပသာဒ ရှိလှတဲ့အပြင် အရသာကလည်း မြန်မာအရသာစစ်စစ်ဖြစ်လို့ ကိုယ့်လူမျိုးတွေရော တိုင်းတစ်ပါးသား ဧည့်သည်များပါ အကြိုက်တွေ့ကြပါတယ်။ မြန်မာအစားအစာတွေထဲမှာ ရှားရှားပါးပါး ရာသီပေါ်အသီး၊ အရွက်၊ အပွင့်တွေကို သုပ်ထားတဲ့ အသုပ်ပွဲများက ကျွန်တော့်အတွက် ပိုပြီးဆွဲဆောင်မှု ရှိပါတယ်။ ထူးထူးဆန်းဆန်း ချင်းလူမျိုးတို့ရဲ့  ဝါးညှပ်အက ကပြပြီးတဲ့နောက်မှာတော့ ရှမ်းဟင်းထုပ် ကြက်သား သာကူလုံးတွေကို အလှည့်ပေးရင်း စင်မြင့်ပေါ်မှာ ကနေတဲ့ ရှမ်းကိန္နရီ၊ ကိန္နရာအကကို တစ်မျိုးတစ်ဖုံ ကြည့်ရှုရပြန်ပါတယ်။ ကပွဲတစ်ခုလုံးမှာ နောက်ထပ် ဆွဲဆောင်မှုကောင်း ကောင်းနဲ့ ဖျော်ဖြေသွားတာက လူနဲ့ရုပ်သေး အပြိုင်ကတဲ့ အကပါ။ ကြိုးဆွဲဆရာ ၂ ယောက်က ရုပ်သေးကြိုးဆွဲပညာ လက်စွမ်းပြသလို ရုပ်သေးရုပ် ကသလို လိုက်ကရတဲ့ မင်းသမီးကလည်း အကတော်တော့ ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပြီး စိတ်ထဲစွဲကျန်တဲ့ ဖျော်ဖြေမှုတစ်ခု ဖြစ်ပါ တယ်။ အိန္ဒိယအစားအစာတွေကို စားပြီးတဲ့နောက် စင်မြင့်ပေါ်က ရခိုင်ဆီမီးခွက်အကကို ကပြတဲ့အချိန်မှာတော့ အမျိုး ၂၀ ကျော်ရှိတဲ့ အချိုပွဲတွေကို အလှည့်ပေးရပါတော့တယ်။ သာကူ၊ ရွှေကြည်၊ ဆနွင်းမကင်းကစလို့ ဒိန်ချဉ်၊ ရေနွေးကြမ်း၊ လက်ဖက်ရည်အပြင် သီးနှံမျိုးစုံလည်း ပြင်ဆင်ထားပါသေးတယ်။ အမျိုးပေါင်း ၂၀ ကျော်ကို အချိန်ယူပြီးစားသုံးရင်း နောက်ဆုံး ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ စောစောပိုင်းက ရဲမက်တွေလို ပရိသတ်ကြားထဲကနေ ဒိုးပတ်ဝိုင်းနဲ့ စင်ပေါ်တက်လာပြန်ပါတယ်။ ပျော်စရာ၊ ရယ်စရာ ကကွက်တွေ၊ သရုပ်ဆောင်ကွက်တွေနဲ့ နာမည် ကြော် ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ကတော့ ဘယ်တော့မှ အိုမင်းမသွားဘဲ သွက်လက်ဖျတ်လတ်လို့ နေပါတယ်။

          ပရိသတ်ကြီးခင်ဗျာ… မြန်မာ့ယဉ်ကျေးမှုကို မြန်မာလူမျိုးတွေကပဲ ထိန်းသိမ်းရမှာကတော့ သေချာတဲ့ အချက်ပါ။ ပြည်ပက နိုင်ငံသားတွေလာပြီး ဒါက မြန်မာ့အက၊ ဒါက မြန်မာ့အစားအစာဆိုပြီး လာကပြတာ၊ လာချက်ရောင်းနေတာကိုကြည့်ပြီး ပျော်နေ သဘောကျနေရမယ့်အချိန် မဟုတ်တော့တာကြောင့် ကျွန်တော် ဒီတစ်ခေါက် မျှဝေပေးလိုက်တဲ့ ကရဝိက်နန်းတော်က ယဉ်ကျေးမှုကပွဲနဲ့ မြန်မာ့ရိုးရာအစားအစာ ဘူဖေး ညစာအကြောင်းကိုဖတ်ပြီးသွားရင်ဖြင့် မိသားစုထဲက ဆယ်ကျော်သက် သား၊ သမီးလေး တွေနဲ့အတူ သွားရောက်ပြီး ကြည့်ရှုသုံးဆောင်စေချင်ပါတယ်။ အနည်းဆုံး မြန်မာ့အကဆိုတာ ဘယ်လိုလဲဆိုတဲ့ ဗဟုသုတလေးရပြီး နိုင်ငံ တကာက ဧည့်သည်တွေပါ စိတ်ဝင်တစား တန်ဖိုးထားပြီးတော့ ကြည့်ရှုနေတဲ့အကဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆိုတာ၊ ပြည်ပက နိုင်ငံသားတွေ ကြိတ်ကြိတ်တိုး စားသောက်နေ ကြတဲ့ အစားအစာဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆိုတာ သိသွားရင်ဖြင့် ဒီတစ်ခေါက် Eating Out ရေးရတာ အားထုတ်ရကျိုးနပ်မှာ ဖြစ်ပါတယ်။

          ညဘက်တွေမှာတော့ ဖျော်ဖြေရေးတွေနဲ့ စည်စည်ကားကား ရှိနေသလို နေ့ဘက်တွေမှာလည်း မြန်မာ့ရိုးရာ အစားအစာအစုံအလင်နဲ့ အမျိုးမျိုးသော မြန်မာ့မုန့်ဟင်းခါးများစွာကိုလည်း ရနိုင်ပါတယ်လို့ ပြန်လည်မျှဝေပေးရင်း ဒီတစ်လအတွက် အဆုံးသတ်ပါရစေခင်ဗျာ။

Facebook Comments