MAHLZEIT Restaurant

eating_6

eating_5 eating_4 eating_3

eating_8 eating_7 eating_9

 

MAHLZEIT Restaurant

♦   ကိုသစ်ထူး   ♦

            အစားကောင်းကြိုက်နှစ်သက်သူများအတွက် ကောင်းနိုးရာရာ စားသောက်ဆိုင်များရဲ့  အစားအသောက်များနဲ့ ဝန်ဆောင်မှုများအကြောင်းကို တင်ဆက်ဖော်ပြပေးနေတဲ့ Eating Out ကဏ္ဍအတွက် မတ်လမှာ တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ စမ်းချောင်းပန်းလှိုင်လမ်း (ယခင်ဟုမ်းလမ်း)မှာ ဖွင့်လှစ်ထားတဲ့ MAHLZEIT Reasturant ကို ကျွန်တော်တို့အဖွဲ့  ရောက်ရှိခဲ့ပါတယ်။

            ကားပါကင်အလုံအလောက်ထားရှိပေးထားတဲ့ အဆောက်အဦးမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ကတော့ မြန်မာပြည်မှာ ပထမဦးဆုံးလို့ပြောရမယ့် ဂျာမန်ရိုးရာအစားအစာများကို ရောင်းချဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ အမှတ် (၈၄)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ်ရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတာကြောင့် အရှေ့ဘက်ဝင်ပေါက်ကနေ ဝင်သွားရင် ဘယ်ဘက်ခြမ်းက ဆိုင်ကို အလွယ်တကူ ရှာဖွေတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

            ဥရောပဒေသ စားသောက်ဆိုင်တွေရဲ့  ထုံးစံအတိုင်း ရိုးရှင်းပြီး တည်ငြိမ်အေးခြမ်းတဲ့ အပြင်အဆင်နဲ့ အဆင့်မြင့်ထည်ဝါမှုတွေ ပေါင်းစပ်ထားတဲ့ ဆိုင်တွင်း အလှပြင်ဆင်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။

            MAHLZEIT မှာ ဝင်တာနဲ့ ဘားကောင်တာကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ဘားကောင်တာကြီးရဲ့ နဖူးစည်းမှာတော့ လက်ရေးနဲ့ ပုံဖော်ရေးဆွဲထားတဲ့ ဒီဇိုင်းလက်ရာတွေကို တွေ့ရမှာဖြစ်ပါတယ်။ နံရံတွေပေါ်မှာတော့ ဂျာမနီနိုင်ငံမှာ ထင်ရှားတဲ့ နေရာဒေသများရဲ့  ဓာတ်ပုံများစွာကို တွေ့ရမှာဖြစ်ပါတယ်။ စားသောက်ခန်းမ ဖွဲ့စည်းထားပုံကလည်း နှစ်ပိုင်းခွဲထားတာကို တွေ့ရပါတယ်။ ဘားကောင်တာကြီးကို ဝန်းရံပြီး စားပွဲဝိုင်းများ ခင်းကျင်းပေးထားသလို အခန်းထောင့်ချိုး အနားနှစ်ဖက်တစ်လျှောက်မှာလည်း စားသောက်ခန်းမရဲ့  အနည်းငယ်မြင့်တဲ့အပိုင်းကို ဖန်တီးတည်ဆောက်ထားပြီး စားပွဲဝိုင်းများ ခင်းကျင်းပြင်ဆင်ထားတာကြောင့် တစ်မူထူးခြားတဲ့ ပြင်ဆင်မှုဖြစ်နေတာကို တွေ့ရပါတယ်။

            MAHLZEIT ရဲ့ စားသောက်ဖွယ်ရာတွေကို လေ့လာကြည့်မယ်ဆိုရင် Soup, Salad, Main Course, Dessert စတဲ့ ပုံမှန်မြင်တွေ့နေကျ သာမန် Menu ပုံစံအပြင် ထူးထူးခြားခြား ရှေးဟောင်းဂျာမန်ရိုးရာ အစားအစာများကိုလည်း Specialties များအဖြစ် သီးသန့်ခွဲပြီးဖော်ပြပေးထားတာ တွေ့ရပါတယ်။

            ဂျာမနီရဲ့ Classic အစားအစာတစ်မျိုးဖြစ်တဲ့ FLAMMKUCHEN ကို ပထမဦးဆုံး မြည်းစမ်းကြည့်မိပါတယ်။ ခံတွင်းဖွင့်စာတစ်မျိုးအဖြစ် သတ်မှတ်လို့ရတဲ့ ဒီ ဟင်းလျာကတော့ ဂျာမန်ရိုးရာပီဇာတစ်မျိုးလို့ပဲ လွယ်လွယ်နဲ့ မြင်သာအောင် ပြောပြပါရစေ။ Gouda Cheese, Bacon, Salad Onion တွေနဲ့ တန်ဆာဆင်ထားတဲ့ လေးထောင့်ပုံစံ ပေါင်မုန့်ချပ်ပါးပါးလေးတွေဟာ Sour Cream ကြောင့်လည်း အရသာထူးခြားပြီး သွားရေယိုစရာဖြစ်စေတဲ့ ဟင်းလျာတစ်မျိုးဖြစ်လို့ စာဖတ်သူများအတွက် ရွေးချယ်စရာ အစားအစာကောင်းတစ်ခုအဖြစ် အကြံပြုလိုပါတယ်။

            နောက်ထပ်မြည်းစမ်းကြည့်မိတဲ့ အစားအစာကတော့ Sausage Platter, Sauerkraut, Mashed Potatoes and Gravy ဖြစ်ပါတယ်။ မြူးနစ်၊ နူရင်ဘာ့၊ ဖရန့်ဖတ် စတဲ့ဒေသမျိုးစုံရဲ့ Juicy ဖြစ်တဲ့ Sausage သုံးမျိုးကို Sauerkraut လို့ခေါ်တဲ့ ဥရောပပုံစံ အချဉ်တည်ထားတဲ့ ဂေါ်ဖီချဉ်ဖတ်၊ အာလူးထောင်းတို့နဲ့အတူ တစ်မျိုးနဲ့အတူ တည်ခင်းထားတာကြောင့် ရသာ အာရုံများစွာခံစားရတဲ့အပြင် အာဟာရတန်ဖိုးလည်း စုံလင်တာကို တွေ့ရပါတယ်။ ရိုးရာပုံစံစစ်စစ်အဖြစ် တွဲဖက်သုံးဆောင်နိုင်ဖို့ အမျိုးမျိုးပြင်ဆင်ထားတဲ့ Mustard အစုံလည်း ပါမှာဖြစ်ပါတယ်။ ဒီဟင်းလျာကို မြည်းစမ်းကြည့်ပြီးရင်တော့ German Sausage များရဲ့ ထူးခြားတဲ့ အရသာနဲ့ အရည်အသွေးကို လက်ခံယုံကြည်သွားမှာ ဖြစ်ပါတယ်။

            အဓိကဟင်းလျာအနေနဲ့ မြည်းစမ်းကြည့်မိတာကတော့ Braised Beef Roulade Red Cabbage and Spaetzie ဖြစ်ပါတယ်။ နှပ်ချက်ချက်ထားတဲ့ အမဲသားနဲ့ ဂေါ်ဖီထုပ် အနီတို့ဟာ ဂျာမန်ဟင်းအနှစ်တစ်မျိုးဖြစ်တဲ့ Spaetzie နဲ့ တွဲဖက်ညီပြီး အရသာထူးခြားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ရနံ့ကိုပါ ခံစားရတာဖြစ်လို့ ပရိသတ်များနဲ့လည်း အကြိုက်တူညီမယ့် ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

            ပရိသတ်တို့ရေ နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ ဂျာမန်အိမ်ရှင်မတွေ သူတို့အိမ်မှာ သားသမီးတွေအတွက် အမြဲလိုလုပ်ပေးလေ့ရှိတဲ့ ပန်ကိတ်တစ်မျိုးဖြစ်တဲ့ Caramelized Kaiserschmarrn ဖြစ်ပါတယ်။ နူးညံ့တဲ့မုန့်သားချိုချိုကို ပိုပြီးထိထိမိမိရှိစေတာက သကြားမှုန့်ဖြူဖြူလေးတွေနဲ့တို့စားရတဲ့ ချိုချဉ်ချဉ် အရသာ ပန်းသီးအနှစ်လေးတွေ ဖြစ်ပါတယ်။ နောက် ဆုံးပိတ်အချိုတည်းစရာအတွက် အချိုအရသာများပေမယ့် အချဉ်ဓာတ်လေးပါနောက်ကတွဲပါလာတဲ့ အချိုပွဲလေးကလည်း အမှတ်တရ ရှိစေခဲ့ပါတယ်။

            ပုံမှန်စားသောက်ဆိုင်ကြီးများမှာရနေကျ သစ်သီးဖျော်ရည်များနဲ့ Soft Drinks များနဲ့ မြင်တွေနေကျ ဘီယာများအပြင် MAHLZEIT မှာ နောက်ထပ်ရနိုင်တာကတော့ ဂျာမန်ဘီယာမျိုးစုံဖြစ်ပြီး ဥရောပ အရည်အသွေးဘီယာများရဲ့ အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကော်ဖီကောင်းကောင်း သောက်ချင်သေးတယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့ Barista ရဲ့ လက်ရာကော်ဖီမျိုးစုံကို ရနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် ရှန်ပိန်နဲ့ ဝိုင်မျိုးစုံကို အစားအစာများနဲ့  လိုက်ဖက်ညီစွာ သုံးဆောင်နိုင်ဖို့ ရနိုင်မှာဖြစ်ပါတယ်။

            ပရိသတ်ကြီးရေ ဂျာမန်အစားအစာတွေဟာ ပြည်တွင်းစားသုံးသူအများစုအတွက်တော့ အသစ်အဆန်း ဖြစ်ကောင်းဖြစ်မှာပါ။ အစားအစာတိုင်းဟာ ဒီအစားအစာကို ဖန်တီးပိုင်ဆိုင်ထားတဲ့ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု၊ လူနေမှုအဆင့်အတန်းကိုလည်း ထင်ဟပ်စေပါတယ်။ အစားအစာများကို လေ့လာရင်း ဂျာမန်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကိုပါ တစေ့တဆောင်း လေ့လာနိုင်မယ့် MAHLZEIT ကို သွားရောက်ပြီး အစားအစာများကို မြည်းစမ်းဆုံးဆောင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

MAHLZEIT restaurant

အမှတ် (၈၄)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Mobile : 09 974 853 514

Fax : 01 526292

Email : [email protected], www.mahlzeit-myanmar.com

Facebook Comments